ဘုရားသခင့်အိမ်တော်ကို တန်ဖိုးထားလေးစားကြောင်းတင်ပြလေ
၁ ကျမ်းစာခေတ်က ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏အိမ်တော်တွင် မှန်မှန်စုဝေးရန် မိန့်မှာခြင်းခံခဲ့ရသည်။ (ဝတ်. ၂၃:၂) ဤသို့စုဝေးခြင်းဖြင့် သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်စွဲလမ်းရန် အကူအညီရရှိပြီး ယေဟောဝါ၏ပညတ်တော်ကို ဆင်ခြင်သုံးသပ်ဆွေးနွေးရန်နှင့် ပေါင်းသင်းမှုပြုရန် အချိန်ရခဲ့ကြသည်။ ဝိညာဏကောင်းချီး ကြွယ်ဝစွာ ခံစားစေသည့် ဘုရားသခင့်အကြံအစည်တော်များဖြင့် သူတို့စိတ်နှလုံးပြည့်လျှံနေခဲ့ကြသည်။ ဤအချိန်အခါများသည် အမှန်ပင် ရွှင်လန်းအားရစရာအချိန်ဖြစ်သည်။ ယင်းအစီအစဉ်ကြောင့် စည်းလုံးမှုရှိပြီး စင်ကြယ်စွာကိုးကွယ်နိုင်ကြသည်။ ယနေ့ ဘုရားသခင့်အိမ်တော်တွင် စည်းဝေးခြင်းတို့သည် ထပ်တူအရေးပါလှသည်။
၂ အစည်းအဝေးများကို တန်ဖိုးထားကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း– အသင်းတော်အချို့တွင် စည်းဝေးတက်သူဦးရေ အလွန်နည်းပါသည်။ အခြေအနေတစ်ခုခုကြောင့် ရံဖန်ရံခါ စည်းဝေးမတက်နိုင်ဘဲ ဖြစ်တတ်သည်။ သို့သော် နှိုင်းယှဉ်ကြည့်ပါက အသေးအမွှားကိစ္စမျှဖြစ်သောအရာများကြောင့် စည်းဝေးမှန်မှန်မတက်ခြင်းလော။ အချို့ဆိုလျှင် ခေါင်းအနည်းငယ်ကိုက်ရုံဖြင့်ဖြစ်စေ၊ တစ်နေ့လုံး အလုပ်များပြီး မောပန်းရုံဖြင့်ဖြစ်စေ အိမ်တွင်နေလိုက်ရန် စိတ်ဆုံးဖြတ်ပေမည်။ အခြားသူများမူ အလည်အပတ်လာလိုသောမယုံကြည်သူဆွေမျိုးများအား ဧည့်ခံပြုစုဖို့တာဝန်ရှိသည်ဟု ယူမှတ်ကြမည်။ အချို့သူများသည် ကိုယ်ကြိုက်နှစ်သက်ရာ တီဗွီအစီအစဉ်၊ သို့မဟုတ် အားကစားပွဲတစ်ခုခုကို ရှုစားရန်အတွက်ပင် စည်းဝေးမတက်ဘဲ နေခဲ့ဖူးမည်။ ဤကဲ့သို့ပြုခြင်းဖြင့် ကောရ၏သားများ အောက်ပါအတိုင်းလှိုက်လှိုက်လှဲလှဲတင်ပြခဲ့သည့် တန်ဖိုးထား လေးမြတ်သည့်စိတ်မျိုး မရှိကြောင်း ထင်ရှားနေသည်– “ထာဝရဘုရား၏တံတိုင်းတော်တို့ကို အကျွန်ုပ်၏ဝိညာဉ်သည် တသ၍ အားလျော့လျက် ရှိပါ၏။”—ဆာ. ၈၄:၂။
၃ အစည်းအဝေးများတွင် ဝိညာဉ်အစာ အလျှံပယ်တည်ခင်းပေးထားသော်လည်း တက်ရောက်လာသူအချို့က အာရုံစူးစိုက်ရန် အခက်အခဲတွေ့ကြသည်။ မိမိသည် စိတ်ကူးယဉ်ကြော လွင့်မျောနေမိကြောင်း၊ တစ်နေ့တာ၏ စိုးရိမ်ပူပန်မှုများကို စဉ်းစားနေမိကြောင်း သို့မဟုတ် အိပ်ပင်ငိုက်သွားမိကြောင်း ကိုယ့်ကိုယ်ကို သတိပြုမိပေမည်။ နိုးကြားနေပြီး ဟောပြောချက်ကို အာရုံစူးစိုက်နိုင်ရန် မှတ်စုများယူခြင်းသည် အကူအညီဖြစ်ကြောင်း လူအများ သတိပြုမိခဲ့ပြီ။ မှတ်စုယူခြင်းကလည်း အကြောင်းအရာကို မှတ်မိစေသည်။ ထို့အပြင် ကြိုတင်ပြင်ဆင်ခြင်းက အကျိုးကျေးဇူးအပြည့်အဝခံစားရရန် အထောက်အကူပြုသည်။ ကောင်းစွာပြင်ဆင်ပါက ကြားနာသောအရာများကို “အထူးဂရုပြု” နိုင်ပါလိမ့်မည်။—ဟေဗြဲ ၂:၁၊ သမ။
၄ အစည်းအဝေးများ၌ပြင်ဆင်ပေးထားသော သွန်သင်ချက်များကို လူကြီးများနှင့် ကလေးများပါ အာရုံဝင်စားဖို့လိုသည်။ ကလေးတို့သည် အေးဆေးငြိမ်ဆိမ်မှုရှိစေရန် သူတို့အား ကစားစရာ သို့မဟုတ် အရောင်ခြယ်နေရန် စာအုပ်များကို မိဘများက ပေးထားမည်ဆိုလျှင် သူတို့သင်ယူတတ်သိလာမည့်အရာများ လျော့နည်းသွားလိမ့်မည်။ ကလေးများသည် မိမိတို့ဝန်းကျင်၌ထိုင်သူများကို အနှောင့်အယှက်ဖြစ်စေသည့် ဆော့ကစားခြင်း၊ စကားပြောခြင်း၊ ငိုခြင်း သို့မဟုတ် အခြားအရာများကို ပြုလုပ်သောအခါ ပဲ့ပြင်ဆုံးမမှုမခံရကြောင်း ထင်ရှားစေသည်။ မိဘတစ်ဦးဦးသူတို့နောက်အမြဲလိုက်ပါလာမည်ကို ကလေးငယ် သိထားခြင်းက စည်းဝေးအတွင်း အိမ်သာ သို့မဟုတ် ရေအိုးစင်သို့မလိုအပ်ဘဲ အကြိမ်ကြိမ်သွားခြင်းအား လျော့နည်းစေတတ်သည်။
၅ အချိန်မှန်ရောက်ရှိခြင်းသည် အရေးကြီး– တစ်ခါတစ်ရံ မလွှဲမရှောင်သာသောအကြောင်းများကြောင့် စည်းဝေးသို့ အချိန်မီမရောက်နိုင်ဘဲ ဖြစ်ကောင်းဖြစ်မည်။ သို့သော် အဖွင့်သီချင်းနှင့် ဆုတောင်းခြင်းပြီးမှ ရောက်လေ့ရောက်ထရှိခြင်းက စည်းဝေးခြင်းများ၏ မြင့်မြတ်သောရည်ရွယ်ချက်ကိုလည်းကောင်း၊ သူတစ်ပါးအား အနှောင့်အယှက်မဖြစ်စေသင့်သည့် မိမိ၏တာဝန်ကိုလည်းကောင်း မလေးစားကြောင်း တင်ပြသည်။ အသင်းတော်အစည်းအဝေးတွင် ညီအစ်ကိုများနှင့်အတူ သီချင်းဆိုဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးအဝင်ဖြစ်ကြောင်းကို အမြဲသတိရပါ။ နောက်ကျသည့်အကျင့်က များသောအားဖြင့် စည်းစနစ်မရှိခြင်း၊ သို့မဟုတ် ကြိုတင်စီစဉ်မှုမရှိခြင်း၏ လက္ခဏာဖြစ်သည်။ အချိန်မှန်ရောက်ရှိခြင်းဖြင့် စည်းဝေးများကို တန်ဖိုးထားလေးစားကြောင်း တင်ပြသည်။
၆ ကာလအချိန် ရောက်လုနီးလေ အတူတကွစည်းဝေးခြင်းသည် သာ၍သာ အရေးကြီးလာပါသည်။ (ဟေ. ၁၀:၂၄၊ ၂၅) မှန်မှန်စည်းဝေးတက်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်မှန်ရောက်ရှိခြင်း၊ အာရုံစူးစိုက်နားထောင်ခြင်း၊ ထို့နောက် သင်ယူတတ်သိလာသမျှကို ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့၏တန်ဖိုးထားလေးစားမှုကို တင်ပြကြစို့လေ။