၁၉၉၅ ခရိုင်စည်းဝေးပွဲကို လွယ်ကူစေခြင်း
၁ အသင်းတော်အစည်းအဝေးများ၊ တိုက်နယ်စည်းဝေးပွဲများ၊ အထူးစည်းဝေးပွဲနေ့များ သို့မဟုတ် ခရိုင်စည်းဝေးကြီးများဖြစ်သည့် ဝိညာဏစားသောက်ပွဲများသို့ တက်ရောက်ခြင်းသည် မည်မျှပျော်ရွှင်စရာပါတကား။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကိုကြောက်ရွံ့သူများနှင့် ပေါင်းသင်းရခြင်းသည် စိတ်လန်းဆန်းပေါ့ပါးစေသည်။ ဤအချိန်အခါများတွင် ဟောပြောတင်ဆက်သည့် ဝိညာဉ်ရေးဆိုင်ရာအကြောင်းများက သာ၍အရေးကြီးသောအရာများကို သတိရစေပါသည်။
၂ မကြာမီနှစ်အနည်းငယ်တွင် ဤကဲ့သို့သောဝိညာဏစည်းဝေးပွဲများ၌ သန်းပေါင်းများစွာသောသူတို့သည် တိုး၍တိုး၍ စုဝေးလာခဲ့ပေပြီ။ ၁၉၈၅ နှင့် ၁၉၉၄ ခုနှစ်များအတွင်း ကမ္ဘာတစ်ခွင် အသင်းတော်များအရေအတွက်သည် ၄၉,၇၁၆ မှ ၇၅,၅၇၃ ခုသို့တိုးတက်ခဲ့ရာ ၅၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါပြီ။ စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါအရှိန်အဟုန်မြှင့်တင်သည်အလျောက် ခရိုင်စည်းဝေးပွဲများနှင့် တိုက်နယ်စည်းဝေးပွဲများလည်း ထပ်တူတိုးတက်လာပါပြီ။ (ဟေရှာ. ၆၀:၂၂) အမေရိကန်ဌာနခွဲရပ်ကွက်တစ်ခုတည်း၌ ၁၉၈၅ ခုနှစ်တွင် စည်းဝေးပွဲကြီး အရေအတွက် ၁၁၃ ခုမှ ၁၉၉၄ ခုနှစ်တွင် ၁၆၈ ခုတိုးလာခဲ့ခြင်းသည် အသင်းတော်အရေအတွက် အကြီးအကျယ်တိုးများလာခြင်းကို တင်ပြပါသည်။ ယင်းကြောင့် ဤစည်းဝေးကြီးများကို စီစဉ်ကိုင်တွယ်ရခြင်းအလုပ်သည်လည်း တိုးများလာပါပြီ။ ဤပွဲတော်များ၌ တည်ခင်းသောဝိညာဏအစီအစဉ်မှ ကျွန်ုပ်တို့အကျိုးရှိရှိ စည်းဝေးလိုကြသည့်အတွက် ကာယရေးနှင့်ပတ်သက်သည့်အစီအစဉ်များကို အတတ်နိုင်ဆုံး လွယ်ကူစေခြင်းသည် ပညာရှိရာကျသည်။
၃ ထပ်ဆင့်ပြု မူရန် အမှုများ– ရှေ့သို့တက်လှမ်းကြရာတွင် ယေဟောဝါ၏ ကောင်းချီးရရန် မျှော်လင့်ပါသည်။ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးအား လိုအပ်သောအသိဉာဏ်ပညာနှင့် နားလည်မှုကိုပေးကြောင်း တွေ့ရှိရ၍ ဝမ်းသာပါသည်။ သစ္စာရှိကျေးကျွန်အတန်းအစားအားဖြင့် ယေရှုခရစ်သည် ယေဟောဝါ၏ရည်ရွယ်ချက်ပြည့်စုံစေရန် အံ့ဖွယ်နည်းဖြင့် စွမ်းဆောင်ညွှန်ကြားပေးနေကြောင်း အားလုံးသဘောတူ ဝန်ခံကြရမည်။ (မ. ၂၄:၄၅-၄၇; ကော. ၁:၉၊ ၁၀) ဒီဇင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု [လိပ်] တွင် ဤသို့ကြေညာထားသည်– “၁၉၉၅ ခရိုင်စည်းဝေးပွဲများနှင့် ၁၉၉၆ တိုက်နယ်နှင့် အထူးစည်းဝေးပွဲနေ့များကျင်းပချိန်မှစပြီး အစားအသောက်ဌာန ထားတော့မည်မဟုတ်ပါ။” မိမိအတွက် အစားအသောက် ကိုယ်စီယူလာရန်ဖြစ်သည်။ ၁၉၉၅ မေ လကုန်အထိ လက်ရှိအစားအသောက်အစီအစဉ်အတိုင်း တိုက်နယ်စည်းဝေးပွဲများနှင့် အထူးစည်းဝေးပွဲနေ့များကို ဆက်ကျင်းပပါမည်။ ဤအပြောင်းအလဲသည် မည်သို့အကျိုးဖြစ်ထွန်းစေမည့်အကြောင်း သင်သိလိုပေမည်။
၄ အစားအသောက်ဌာနတွင် လုပ်အားပေးခဲ့သူများ၏ စိတ်စေတနာကို တန်ဖိုးဖြတ်၍မရပါ။ အလွန်လည်း ကျေးဇူးတင်လေးမြတ်ပါသည်။ သို့သော် ဤသို့ထပ်ဆင့်လွယ်ကူစေခြင်းအားဖြင့် ဝယ်ခြမ်း၊ ပြင်ဆင်၊ ချက်ပြုတ်၊ ပို့ဆောင်ပြီး တည်ခင်းကျွေးမွေးပေးရသူများစွာတို့သည် စည်းဝေးပွဲများတွင် အပြည့်အဝပေါင်းသင်းခွင့်ရခြင်းအပါအဝင် နိုင်ငံတော်ဆိုင်ရာ လိုအပ်သည့်အခြားလုပ်ငန်းများအတွက် သူတို့အချိန်ကို ပို၍အပြည့်အဝ အသုံးပြုနိုင်ကြပါမည်။ အစားအသောက်ဌာနတွင် ယခင်က စေတနာ့ဝန်ထမ်းခဲ့သူများသည် ဧည့်ကြို၊ သန့်ရှင်းရေး အစရှိသည့် အခြားဌာနများတွင် ယခုကူညီပေးနိုင်ကြပါမည်။ ဤသို့အားဖြင့် တာဝန်ပေါ့ပါးသွားစေပြီး အစားအသောက်ဌာနတွင်ပါဝင်သည့် သူအများကဲ့သို့ ညဉ့်နက်အထိ၊ နံနက်စောစောထ၍ သို့မဟုတ် စည်းဝေးကျင်းပနေစဉ် လုပ်အားပေးကြရန် လိုတော့မည်မဟုတ်ပါ။
၅ အစားအသောက်ဌာနအပါအဝင် စည်းဝေးပွဲအစီအစဉ်များတွင် ညီအစ်ကိုညီအစ်မများ နှစ်ချီ၍ “စုံလင်သောနှလုံး” ဖြင့်ထောက်ပံ့ကူညီပေးခဲ့ခြင်းကို အသင်းမ လွန်စွာမှ တန်ဖိုးထားလေးမြတ်ပါသည်။ (၅ ရာ. ၂၉:၉) ယင်းက များစွာအကူအညီဖြစ်ခဲ့ပြီ။ ခန်းမငှား၍ စည်းဝေးပွဲကုန်ကျစရိတ်ငွေအတွက် များစွာထောက်ပံ့မှုဖြစ်ခဲ့သည်။ ယင်းကြောင့် နေ့လယ်ခေတ္တနားချိန်တွင် စည်းဝေးကြီးတက်ရောက်သူများအား စားစရာအလွယ်တကူရစေကာ၊ အနားယူပြီး ဝိညာဏအစီအစဉ်ကို တက်ရောက်နိုင်စေခဲ့သည်။ ဤပြင်ဆင်မှုများတွင် ရက်ရောစွာကူညီထောက်ပံ့ခဲ့သည့်ပုံစံအတိုင်း ညီအစ်ကိုညီအစ်မများ ဆက်၍ထောက်ပံ့ကူညီမည်ဟူ၍ မျှော်လင့်ပါသည်။ သူတို့သည် ဤနည်းဖြင့် တန်ဖိုးထားလေးမြတ်မှုကို လက်တွေ့ကျကျ တင်ပြခဲ့ကြပါသည်။—သု. ၁၁:၂၅; လု. ၁၆:၉။
၆ သို့ရာတွင် ဤထပ်ဆင့်ပြုပြင်ချက်များဖြင့် တစ်ဦးစီနှင့် မိသားစုလိုက် နေ့လယ်နားချိန်တွင် မိမိတို့၏ကာယအစာအတွက် ကိုယ်ပိုင်အစီအစဉ်ပြုလုပ်ရန် လိုအပ်လာမည်။ ဝိညာဏအစီအစဉ်၏တန်ဖိုးကို ကျွန်ုပ်တို့အထူးတန်ဖိုးထားပါသည်။ ကာယအစာကိုလိုသည်ထက်ပို၍ အရေးပေးခြင်းသည် ပညာမဲ့ရာကျသည်။ ယင်းနှင့်စပ်လျဉ်း၍ တစ်ဦးစီအနေနှင့် ‘သာ၍အရေးကြီးသောအရာများကို ပိုင်းခြား’ ကြရန်အရေးကြီးသည်။ (ဖိ. ၁:၉၊ ၁၀က) ပိုလန်၊ ရုရှား၊ ယူကရိန်းနှင့် အခြားနေရာများတွင် မကြာမီက ယေဟောဝါ၏လူများကျင်းပခဲ့သော စည်းဝေးပွဲကြီးများကို အစားအသောက်ဌာနအစီအစဉ်များမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ။ ထို့ပြင် ဒေသအခြေအနေကြောင့် တိုက်နယ်စည်းဝေးနှင့် အထူးစည်းဝေးပွဲနေ့များကို အစားအသောက်ဌာနမရှိဘဲ အမေရိကန်နိုင်ငံရှိ အချို့တိုက်နယ်များတွင် ကျင်းပခဲ့ပါသည်။ ဤအချိန်အခါမျိုးတွင် စည်းဝေးပွဲတက်ရောက်ကြသူများသည် နေ့လယ်စာအတွက် မိမိတို့အဖို့အစာယူဆောင်လာကြသည်။ နေ့လယ်စာကို အဝမဟုတ်ဘဲ အနည်းငယ်စားခြင်းဖြင့် မွန်းလွဲပိုင်းအစီအစဉ်မှ အပြည့်အဝအကျိုးခံစားရသည်ကို တွေ့ရှိကြမည်။ ယင်းနှင့်အညီ အကြီးအကျယ်ပြင်ဆင်စရာမလိုသည့် အာဟာရဖြစ်သောအစာ ယူဆောင်လာသင့်သည်။ ဥပမာ၊ လူအုပ်တို့ကို ယေရှုကျွေးမွေးချိန်တွင် မုန့်နှင့်ငါး နှစ်မျိုးတည်းကိုသာ ကျွေးခဲ့သည်။ (မ. ၁၄:၁၆-၂၀; လုကာ ၁၀:၄၂က လည်းရှု။) ယင်းနှင့်စပ်လျဉ်း၍ နေ့လယ်နားချိန်ခဏသာရပြီး နေရာထိုင်ခင်းကြောင့် သင့်တော်၍ လက်တွေ့ကျသောအရာအချို့ကို အကြံပြုလိုပါသည်။
၇ စည်းဝေးပွဲတွင် အစားအသောက်ဌာနရှိတော့မည်မဟုတ်သောကြောင့် တက်ရောက်သူများသည် မိသားစုနှင့် အိမ်တွင်လည်းကောင်း၊ ဒေသခံစားသောက်ဆိုင်တစ်ခုတွင်လည်းကောင်း နံနက်စာစားသုံးရန် ကောင်းစွာစီစဉ်ထားနိုင်သည်။ ညတွင် လုံလောက်စွာအနားယူခြင်းအားဖြင့် စောစောထပြီး နံနက်စာအတွက် လိုအပ်သလိုပြင်ဆင်ပြီး စည်းဝေးသို့ စောစောရောက်လာခြင်းအားဖြင့် အခြားတက်ရောက်သူများနှင့် ပေါင်းသင်းနိုင်ပါလိမ့်မည်။
၈ မွန်းလွဲပိုင်း အနားယူချိန်သည် ယခင်စည်းဝေးပွဲများထက် အနည်းငယ်တိုတောင်းပါမည်။ သို့ရာတွင် အဆာပြေအစာသုံးဆောင်ရန်အချိန်နှင့် အခြားသူများနှင့်ပေါင်းသင်းမှုပြုရန်အချိန် အလုံအလောက်ရရှိပါလိမ့်မည်။ ညနေတွင် နေ့စဉ်အိမ်ပြန်သွားသော ညီအစ်ကိုညီအစ်မများသည် နောက်နေ့မွန်းလွဲပိုင်းအစာအတွက် အနည်းအကျဉ်းပြင်ဆင်နိုင်ပါလိမ့်မည်။ ကျောင်းသူကျောင်းသားများ ကျောင်းသို့ယူသွားသည့် အစာကဲ့သို့သောနေ့လယ်စာမျိုးကို ယူဆောင်လာနိုင်ကြမည်။ အလုပ်ခွင်သို့လည်း ဤသို့အစာယူသွားလေ့ရှိသူ များစွာရှိပါသည်။
၉ နေ့လယ်စာအတွက် ကြိုတင်ပြင်ဆင်မှုလိုသောကြောင့် စည်းဝေးပွဲကျင်းပသည့်မြို့ပြင်ပမှ တက်ရောက်လာကြသူများအတွက် အခက်အခဲအနည်းအကျဉ်းရှိမည်ဖြစ်သည်။ ထမင်းနှင့်ဟင်းတစ်မျိုးတည်း၊ ဟင်းရွက် သို့မဟုတ် အသားကျော်တစ်မျိုးတည်းနှင့် လုံလောက်ပေမည်။ အချို့က မုန့် သို့မဟုတ် ပလာတာနှင့် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ယူလာလိုပေမည်။ အချို့ကြပြန်လျှင် လတ်ဆတ်သောအသီး သို့မဟုတ် ဟင်းရွက်သာစားရုံဖြင့် တင်းတိမ်လိမ့်မည်။ ယင်းတို့ကို အိမ်မှ သယ်ဆောင်လာနိုင်ပေမည်။ သောက်ရေအတွက် ပူစရာမလိုပါ။ စည်းဝေးပွဲခန်းမတွင် အလုံအလောက်ရှိပါလိမ့်မည်။
၁၀ အမှန်မှာ စည်းဝေးပွဲကျင်းပရာနေရာသည် စည်းဝေးပွဲအတွင်း ကြီးမားသောနိုင်ငံတော်ခန်းမဖြစ်သွားသည်ဖြစ်သောကြောင့် နေ့လယ်အနားယူချိန်တွင် ပျော်ပွဲစားထွက်သည့်ပုံစံမျိုးကို ရှောင်ကြဉ်ခြင်းသည် ပညာရှိရာကြပါမည်။ နိုင်ငံတော်ခန်းမတွင် စည်းဝေးများကျင်းပစဉ် ကျွန်ုပ်တို့အစာမစားကြသည့်နည်းတူ စည်းဝေးပွဲကျင်းပနေချိန်တွင် စားခြင်း၊ သောက်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပါ။ မိသားစုအစာထည့်လာသည့်ခြင်းတောင်းများ၊ ထမင်းဘူးများ၊ ချိုင့်များကို ထိုင်ခုံများကြားထားခြင်း၊ ထိုင်ခုံများအပေါ် တင်ထားခြင်းကို မပြုသင့်ပါ။ အဆာပြေသာဖြစ်သည့် နေ့လယ်စာထည့်လာရန်အတွက် ပြန်အသုံးပြုနိုင်သော ကျွတ်ကျွတ်အိတ်များ၊ စက္ကူအိတ်များသည် ပိုသင့်တော်ပေမည်။
၁၁ စည်းဝေးပွဲခန်းမသို့ ယူဆောင်လာသည့် ရေဘူးများကိုလည်း သတိပြုရန်လိုသည်။ ဓာတ်ဘူးများဖြင့် ရေနွေးများ ယူလာနိုင်ပါသည်။ ဖန်ဘူးများသည် အန္တရာယ်ရှိသည်။ ထို့ကြောင့် ဖန်ခွက်ဖန်ဘူး အစရှိသည်တို့ကို လုံးဝမယူလာရန် မေတ္တာရပ်ခံပါသည်။ သင်သောက်သုံးလိုသောအရည်ကို ပလတ်စတစ်ပုလင်း၊ သို့မဟုတ် မကွဲရှနိုင်သောဘူးတစ်မျိုးမျိုးဖြင့် ဝယ်၍မရနိုင်လျှင် ယင်းအရည်ကို သင့်ထိုင်ခုံအောက်ထားနိုင်သည့် အခြားမကွဲနိုင်သောဘူးတစ်ခုထဲ ထည့်ယူလာလျှင်ကောင်းမည်။
၁၂ ဤပြုပြင်လိုက်သောအစီအစဉ်များသည် ပညာရှိကြောင်းကို သင်အမှန်တွေ့ရှိပေမည်။ စည်းဝေးပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ဝိညာဏအကျိုးကျေးဇူးအပေါ် အားလုံးအာရုံအပြည့်ပေးနိုင်ပါလိမ့်မည်။ ဤအကျိုးကျေးဇူးများကို ပေါင်းသင်းမှုမှလည်းကောင်း၊ စည်းဝေးပွဲအစီအစဉ်မှလည်းကောင်း ကျွန်ုပ်တို့ရရှိပါလိမ့်မည်။ ထို့ကြောင့် နေ့လယ်နားချိန်တွင် စားသုံးစရာလိုက်လံရှာဖွေမည့်အစား အဆာပြေတစ်မျိုးမျိုး ယူလာခြင်းသည် အလွန်အကျိုးရှိပါလိမ့်မည်။ ဤသို့အားဖြင့် ညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းမှုရပြီး မွန်းလွဲပိုင်းအစီအစဉ်တစ်ခုကိုမျှလွတ်သွားစေမည်မဟုတ်ပါ။
၁၃ မွန်းလွဲပိုင်းအစီအစဉ်ပြီးနောက် ဝိညာဉ်ရေးအရ လန်းဆန်းသွားရာ ဆက်ပြီးခရစ်ယာန်ပေါင်းသင်းမှုကို အချို့ပြုလုပ်လိုပေမည်။ မိသားစု၊ သို့မဟုတ် မိတ်ဆွေများနှင့် အိမ်တွင်လည်းကောင်း၊ ခန်းမတွင်လည်းကောင်း၊ အခြားစားသောက်ဆိုင်တစ်ခုခုတွင်လည်းကောင်း အစာသုံးဆောင်ကြစဉ် သိရှိလာသည့် မွန်မြတ်သောအကြောင်းများကို ဆွေးနွေးလိုကြပေမည်။ အခြားသူများမူ စားသောက်ဆိုင် သို့မဟုတ် တစ်နေရာရာမှ ဝယ်ခြမ်းလိုပေမည်။ မိမိတို့အိမ်များသို့ ပြန်နိုင်သည့်သူများမူ ခါတိုင်းအလုပ်ပြန်ချိန်၊ လယ်ကွင်းလုပ်ငန်းမှ ပြန်ရောက်ချိန်များတွင်ကဲ့သို့ အိမ်၌ချက်ပြုတ်စားသောက်လိုပေမည်။
၁၄ စာအုပ်စာတမ်းအသစ်များ၊ သွန်သင်မှုကောင်းများနှင့် လက်တွေ့ကျဆုံးမသြဝါဒများကြားနာရသည့် ဤစည်းဝေးပွဲကြီးများတွင် သုံးဆောင်ရသော ဝိညာဏခဲဖွယ်စားဖွယ်ပွဲ၌ ကျွန်ုပ်တို့အမှန်ပင် ပျော်မွေ့ ကြပါသည်။ ဤကောင်းချီးများနှင့်တကွ ဘုရားသခင်၏စုဝေးလျက်ရှိသောလူမျိုးအလယ် ရရှိသောပျော်ရွှင်မှုကို လူတိုင်းမမေ့နိုင်ကြပါ။ နယပုံပြင် ၁၀:၂၂ ကဤသို့ဆိုသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။” ဤသို့ ဖြစ်ရခြင်းကား ယေဟောဝါ၏လူမျိုးအနေနှင့် ကာယရေးဘက် လိုအင်ဆန္ဒများဖြည့်ဖို့၊ သက်သောင့်သက်သာရှိဖို့ စည်းဝေးပွဲများတက်ရောက်ကြခြင်းမဟုတ်ပါ။ ဝိညာဏနည်းဖြင့် အကျိုးအများဆုံးရရှိသည်ဟူသော အပြုသဘောပါစိတ်ဓာတ်ဖြင့် စည်းဝေးတက်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့တင်ပြသောစိတ်ဓာတ်ကိုလည်း ယေဟောဝါကြွယ်ဝစွာ ကောင်းချီးပေးသနားတော်မူသည်။—၁ တိ. ၆:၆-၈; ဟေဗြဲ ၁၁:၆။
၁၅ စိတ်အားတက်ဖွယ် ဤအချိန်အခါများသည် ဝိညာဏရိတ်သိမ်းခြင်း တိုးတက်များပြားလာခြင်းကိုလည်း သတိရစေသည်။ (ယော. ၄:၃၅၊ ၃၆) ဟေရှာယ အခန်းကြီး ၅၄ ၏အဖွင့်စကားများက ယေဟောဝါ၏မိန်းမနှင့်တူသော အဖွဲ့အစည်းအား ဝမ်းသာအားရစရာတိုးတက်မှုတို့အတွက် အသင့်ရှိရန် ပြောဆိုထားသည်။ ထပ်ဆင့်တိုးပွား၍တိုးချဲ့ ခြင်းအပေါ် ခွန်အားအသစ်ထပ်လောင်းတော့မည်ကို ဟေရှာယ ဤသို့ပရောဖက်ပြုထားသည်– “သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာမျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။ အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။” ဤစိတ်လှုပ်ရှားစရာကောင်းသည့် ပရောဖက်ပြုချက်ပြည့်စုံနေရာ စစ်မှန်သောဝတ်ပြုရေးသည် အကြီးအကျယ်တိုးပွားကျယ်ပြန့်လာနေသည်ကို ယခုကျွန်ုပ်တို့တွေ့ရှိနေရသည်။—ဟေရှာ. ၅၄:၁-၄။
၁၆ ဤထပ်ဆင့်လွယ်ကူစေသော စည်းဝေးပွဲကြီးအစီအစဉ်ကိုလိုက်လျှောက်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပုံရှိသည်။ သို့ပြုခြင်းအားဖြင့် လူတိုင်းသည် ပြင်ဆင်ထားသော ဝိညာဏအစီအစဉ်ကို ပိုမိုအာရုံစူးစိုက်နိုင်ကြမည်ဖြစ်သည်။ ဤအစီအစဉ်သည် ယေဟောဝါ၏ကောင်းချီးရလိမ့်မည်ဟူ၍လည်း ကျွန်ုပ်တို့မျှော်လင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအစီအစဉ်အားဖြင့် ထပ်မံတိုးပွားလာခြင်းကို ပို၍ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေမည်။ လိုအပ်ရာကို အာရုံပြုခြင်းအားဖြင့် စီစဉ်ထားသည့်နေ့ရက်များအတွင်း ပျော်ရွှင်စွာပေါင်းသင်းမှုနှင့် ဝိညာဉ်ရေးနှင့်ဆိုင်သော ကောင်းမွန်ရာများကို ခံစားကြရမည်ဖြစ်သည်။ စည်းဝေးပွဲကြီးတွင် ဆက်လက်စုဝေးကာ ယေဟောဝါ၏စားပွဲတော်၌ သုံးဆောင်ကြချိန်တွင် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ကိုယ်တော်ကောင်းချီးပေးမည်ဟူ၍ ကျွန်ုပ်တို့စိတ်ရင်းမှန်ဖြင့် ဆုတောင်းပတ္ထနာပြုကြပါသည်။—တရားဟောရာ ၁၆:၁၄၊ ၁၅ နှိင်းယှဉ်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
အစားအသောက်ဌာန အစီအစဉ်မရှိခြင်း၏ အကျိုးကျေးဇူးများ
◼ အစီအစဉ်မတိုင်မီ၊ အစီအစဉ်အတွင်းနှင့် ထို့နောက်တွင် အလုပ်လျော့နည်းသွားစေမည်ဖြစ်ပြီး ပေါင်းသင်းမှု ပိုရရှိစေမည်ဖြစ်သည်
◼ အစားအသောက်ဌာနဆိုင်ရာ ပစ္စည်းပစ္စယများကို သိမ်းဆည်းကြည့်ရှုထားရန်မလိုတော့
◼ ဝိညာဏအစီအစဉ်ကို အာရုံအပြည့်ပေးနိုင်မည့်သူ ပိုများလာပါလိမ့်မည်
◼ အခြားဌာနများတွင် အကူအညီပေးနိုင်မည့် စေတနာ့ဝန်ထမ်းများ တိုးများလာပါမည်
◼ အခြားသီအိုကရက်တစ်လုပ်ငန်းများအတွက် အချိန်ပိုရှိလာလိမ့်မည်
နေ့လယ်စာအတွက် ယူလာရန် အကြံပြုသောအရာများ
◼ ရိုးရိုးလေးပြင်ဆင်ထားသော အာဟာရရှိသည့် အဆာပြေစားစရာများ
◼ သစ်သီးခြောက်၊ မြေပဲ၊ မုန့်အမျိုးမျိုး၊ လတ်ဆတ်သောအသီးအနှံ
◼ ထမင်းနှင့် အကျော်တစ်ပွဲ (ဟင်းရွက်၊ ဗာလချောင် သို့မဟုတ် ထမင်းကျော်၊ သို့မဟုတ် ခေါက်ဆွဲကျော်)
◼ အဖျော်ယမကာ၊ အသီးအနှံဖျော်ရည် သို့မဟုတ် သောက်ရေကို မကွဲမရှနိုင်သောထည့်စရာများဖြင့် ယူလာနိုင်သည်
စည်းဝေးပွဲကျင်းပရာနေရာသို့ မယူလာရမည့်အရာများ
◼ အရက်ယမကာများ
◼ ဖန်ခွက်ဖန်ဘူးများ