မေးခွန်းသေတ္တာ
▪ စည်းဝေးတက်သူဦးရေကို ရေတွက်သည့် နည်းမှန်ကား အဘယ်နည်း။
တရားဟောရာ ၃၁:၁၂၊ ၁၃ ပါအကျွမ်းတဝင်ရှိသောစကားများက မည်သူများ စည်းဝေးတက်သင့်ကြောင်း ဖော်ပြသည်– “ယောက်ျား၊ မိန်းမ၊ သူငယ်များ . . . တို့သည် ကြား၍နားလည် . . . ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။” တက်ရောက်သူဦးရေကို ရေတွက်သည့်အခါ လူကြီးအားလုံးကို ထည့်တွက်သည်မှာထင်ရှား၏။ သို့ရာတွင် ဂရုစိုက်နားထောင်ပြီး နားလည်ရန်အရည်အချင်းကို “သူငယ်များ” ပင်တင်ပြရန်လိုသည်။ နေဟမိခေတ်တွင် “နားထောင်နားလည်နိုင်သမျှသော” သူတို့သည် “နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင်” ပညတ္တိကျမ်းစကားကို နားထောင်ခဲ့ကြောင်း သိရှိရသည်။ (နေ. ၈:၁-၈) နားထောင်သူများတွင် ကလေးငယ်များစွာပါဝင်သည်။ သူတို့သည် အားလုံးနားမလည်သည့်တိုင်အောင် ယေဟောဝါဘုရားသခင်ကို ချစ်ရမည်၊ ကိုးကွယ်ရမည်၊ နာခံရမည်အကြောင်း သဘောပေါက်ကြပါသည်။ အမှန်ပင် စည်းဝေးမှအကျိုးခံစားရသူ သူငယ်များကိုပင် တက်ရောက်သူဦးရေ၌ ထည့်တွက်သင့်သည်။
သူငယ်များကို ထည့်တွက်မရေရသည့် အချို့အချိန်အခါများရှိသည်။ ဤတွင် သဘောမပေါက်နိုင်သေးသော မိခင်ရင်ခွင်၌ ပွေ့ပိုက်ထားရသည့် နို့စို့ကလေးများပါမည်။ ယင်းမှအပ အာရုံစူးစိုက်နားထောင်ခြင်းကိုထောက်၍ ရေတွက်နိုင်သည်။ ကလေးငယ်တစ်ဦးသည် စည်းဝေးအစမှအဆုံး လုံးလုံးအာရုံပြုနေရန် မျှော်လင့်ခြင်းသည် သဘာဝမကျပါ။ သို့ရာတွင် ကလေးသည် စည်းဝေးတွင်ဖြစ်ပျက်နေသည့်အမှုများကို သိရှိမည်၊ ဟောပြောသည့်အကြောင်းကို လေးစားမှုတင်ပြမည်ဆိုလျှင် သူ၏အာရုံသည် တစ်ခါတစ်ရံလွင့်ပါးသည့်တိုင် သူ့အားရေတွက်နိုင်ပါသည်။
မိဘများသည် သားသမီးများအား စည်းဝေးများကို တန်ဖိုးထားရန် အကူအညီပေးလိုကြသည်။ မိသားစု ကျမ်းစာဆွေးနွေးခန်းများပြုလုပ်ချိန်၌ သားသမီးများကို ငြိမ်ငြိမ်ဝပ်ဝပ်ထိုင်စေပြီး အာရုံစိုက်ရန် သွန်သင်ခြင်းဖြင့်အိမ်တွင်စတင်လေ့ကျင့်ပေးသင့်သည်။ အချို့က သားသမီးများကို စာဖတ်ပေးခြင်းအားဖြင့် သူတို့သည် ဝိညာဉ်ရေးရာများကို တန်ဖိုးထားတတ်လာပြီး အကျိုးဖြစ်ထွန်းစေခဲ့ပြီ။ (၁၉၈၉ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃၊ စာပိုဒ် ၁၃ ကိုရှု။) အခြားသူများသည် ကလေးများကို အစည်းအဝေးတွင် အသုံးပြုသော နာမည် သို့မဟုတ် စကားစုအချို့၊ သို့မဟုတ် မိသားစုအား ပြန်ပြောပြရန် စိတ်ဝင်စားစရာအချက်တစ်ခုခုကို ရေးမှတ်ရန် သူတို့၏အရည်အချင်းအလိုက် တာဝန်များပေးတတ်ကြသည်။ ကလေးများ ငြိမ်ဝပ်စွာနေရန်ရည်ရွယ်ချက်နှင့် ကစားစရာများ၊ ရောင်စုံခြယ် ရုပ်ပုံစာအုပ်များ၊ သို့မဟုတ် ယင်းတို့နှင့်အလားတူသည့်အရာများကို စည်းဝေးသို့ယူလာခြင်းသည် ပညာမဲ့သည်။
တက်ရောက်သူများကို ရေတွက်ရသော ဧည့်ကြိုများသည် ထိုင်ခုံမှ ခေတ္တထသွားသူများကိုပါ ထည့်ပေါင်းနိုင်ရန် အိမ်သာများ၊ စာကြည့်ခန်းနှင့် အခြားနေရာများတွင်လည်း စစ်ဆေးသင့်သည်။ အစည်းအဝေးတစ်ဝက်ကျော်ကျင်းပပြီးနောက်တွင် တက်ရောက်သူဦးရေကိုရေတွက်ရန် အကြံပြုထားသည်။