အသင်းတော်အစည်းအဝေးများ၌ သွန်သင်ခြင်း
၁ အသင်းတော်၏ ဝိညာဉ်ရေးသည် အစည်းအဝေးများ၌ သွန်သင်ပေးသည့်အရည်အချင်းအပေါ် များစွာမူတည်သည်။ ပတ်စဉ်အစည်းအဝေး ငါးခုသည် ကျွန်ုပ်တို့၏သီအိုကရက်တစ် ပညာရေးအတွက် အဓိကကျသော အပိုင်းကဏ္ဍတစ်ခုဖြစ်သည်။ ဟေရှာယ ၅၄:၁၃ ကိုကိုးကားကာ ယေရှုဤသို့မိန့်တော်မူသည်– “အနာဂတ္တိကျမ်းစာ၌လာသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ ခမည်းတော်ထံ၌ နားထောင်၍ နည်းခံသောသူ မှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။” (ယော. ၆:၄၅) ယေဟောဝါ၏အဖွဲ့အစည်းတွင်ရှိပြီး ကိုယ်တော်၏ဆုံးမသွန်သင်မှုကို ခံရခြင်းသည် မည်မျှကြီးမြတ်သောအခွင့်အရေးပါတကား! ကိုယ်တော်သည် ကြီးမြတ်တော်မူသော သွန်သင်သူဖြစ်တော်မူ၏; အသင်းတော်အစည်းအဝေးများအားဖြင့် ကိုယ်တော်သွန်သင်ပေးတော်မူသည်။
၂ မှန်ပါသည်၊ အသင်းတော်ရှိ အကြီးအကဲအားလုံးတို့သည် အသင်းတော်အစည်းအဝေးများဖြစ်သည့် စည်းဝေးငါးခုစလုံးတို့ကို အလွန်စိတ်ဝင်စားသင့်သည်။ စည်းဝေးအစီအစဉ်တွင် ကိုယ်တိုင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ကောင်းစွာပြင်ဆင်လာသင့်သည်။ စည်းဝေးအတွင်း ဂရုစိုက်နားထောင်ကာ အပြည့်အဝပါဝင်သင့်သည်။ ဝိညာဏစားပွဲအပေါ် တန်ဖိုးထားသည့် သူတို့၏ပုံသက်သေကောင်းကို တုပကြပါလိမ့်မည်။
၃ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ သွန်သင်မှုခံယူရန်နှင့် ကိုယ်တော်၏လုပ်ငန်းတော်၌ အားပေးမှုရရှိရန် ဤအစည်းအဝေးများကို ညီအစ်ကိုများ လာတက်ကြ၏။ “သင်တို့နှင့်အတူရှိသော” ဘုရားသခင်၏သိုးတော်စုအဝင် သင့်ညီအစ်ကိုများရှေ့ရပ်ကာ သူတို့ကို ကျွေးမွေးတည်ဆောက်ရန် ကြီးမားသောအခွင့်ထူးကို အသင်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ ရရှိထားကြသည်။ ယင်းကို စိတ်စေတနာအပြည့်၊ သစ္စာရှိရှိ၊ ရွှင်လန်းအားရစွာဖြင့် ဆောင်ရွက်ကြပါ။ (၁ ပေ. ၅:၂) သူတို့ကိုသွန်သင်ပေးပါ။ ထို့ကြောင့် သူတို့နှလုံးကိုထိမိရန် ကြိုးစားသွန်သင်ပါ။ ထိုသို့ အဘယ်နည်းဖြင့် ယခုသင်ပြုလုပ်နိုင်မည်နည်း။
၄ ယေရှုကိုတုပပါ; ကိုယ်တော်၏ပုံသက်သေကို လေ့လာပြီး သွန်သင်သည့်နည်းကို ကိုယ်တော်ထံမှ သင်ယူပါ။ သွန်သင်ပေးရာတွင် ယေရှုနည်းတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှီငြမ်းပါ။ ကိုယ်တော်၏ဟောပြောချက်တို့သည် နားလည်ရလွယ်ကူ၍ လိုရင်းတိုရှင်းဖြစ်သည်သာမက ရှင်းလင်းပြတ်သား၍ လက်တွေ့လည်းကျသည်။ ကိုယ်တော်ထံ သမ္မာတရားသင်ယူသူတို့ကို ယေရှုချစ်မြတ်နိုးတော်မူသည်။ သင့်ညီအစ်ကိုများကို ချစ်ခင်ပါ; သူတို့ကို သင်စိတ်ဝင်စားကြောင်း သူတို့သိပါလေစေ။
၅ သင့်ဟောပြောချက်ကို ကောင်းစွာပြင်ဆင်ပြီး သိနားလည်ထားပါ။ ကိုယ့်ကိုယ်ကို ဤသို့မေးပါ– ဒီဟောပြောချက်ကို ငါဘာကြောင့်ဟောသင့်သလဲ။ ဒီဟောပြောချက်ကနေ ညီအစ်ကိုတွေ ဘာများသိရှိသင့်သလဲ။ သူတို့နှလုံးကို ငါဘယ်လိုများထိမိနိုင်မလဲ။ အသက်ငယ်သူ၊ ကြီးသူ လူတိုင်းအတွက် ဟောပြောပါ။
၆ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများ မဟုတ်သူများကော မည်သို့နည်း။ အသင်တို့၌လည်း ဘုရားပေးတာဝန်များ ရှိကြသည်။ မိဘများ၊ အစည်းအဝေးများကို မှန်မှန်တက်ကြခြင်းအားဖြင့် သင်တို့၏သားသမီးများအတွက် ပုံသက်သေကောင်းများ ချမှတ်ပါ။ မိသားစုနှင့်အတူ စည်းဝေးအားလုံးအတွက် ပြင်ဆင်ပြီး အစည်းအဝေးတွင် များစွာပါဝင်ဖြေဆိုပါ။ သင်တို့သည် ဝိညာဏလူများဖြစ်ကြောင်း သင့်သားသမီးများ တွေ့မြင်ကြပါစေ။ သားသမီးများလည်း ယေဟောဝါဘုရားသခင်၏ရှေ့မှောက်တော်တွင် ထမ်းဆောင်ရမည့်တာဝန်များရှိသည်။ လူကြီးလူငယ်အားလုံးတို့၏ ယခုဘဝ၊ နောင်ဘဝသည် ဤအချိန်တွင် အသင်းတော်အစည်းအဝေးအားလုံးတို့မှရရှိသော ဝိညာဏအစာအပေါ် အခြေပြုသည်။
၇ ထို့ကြောင့် အသင်းတော်အစည်းအဝေး ငါးခုစလုံးအားဖြင့် ယခုကျွန်ုပ်တို့ကိုသွန်သင်ပေးနေသော မေတ္တာရှင် ခမည်းတော်ယေဟောဝါဘုရားသခင်ကို အမှန်ပင် ကျေးဇူးတင်လေးမြတ်ကြစို့။