နေ့တိုင်းအစဉ် သစ္စာကတိဝတ်ကို ဖြေခြင်း
၁ ဆာလံဆရာဒါဝိဒ်သည် ယေဟောဝါအကြောင်း ဤသို့ကြေညာရန် လှုံ့ဆော်ခံခဲ့ရသည်– “ငါသည် နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကိုဖြေခြင်းငှာ၊ နာမတော်ကို အစဉ်အမြဲထောမနာသီချင်းဆိုပါမည်။” (ဆာ. ၆၁:၈) သစ္စာကတိပြုခြင်းသည် လုံးလုံးလျားလျားစိတ်လိုကိုယ်လျောက်ပြုရသည့်အရာဖြစ်ကြောင်းဒါဝိဒ်သိခဲ့သည်။ သို့ရာတွင် သစ္စာကတိတစ်ခုပြုပြီဆိုလျှင် ၎င်းကိုပြီးမြောက်အောင်ပြုရန် တာဝန်ရှိကြောင်းကိုလည်း သူသဘောပေါက်ခဲ့သည်။ သို့ရာတွင် နေ့တိုင်းအစဉ်မိမိ၏သစ္စာကတိဝတ်ကို ဖြည့်ဆည်းရန် ရရှိသည့်အခွင့်အရေးဖြင့် ယေဟောဝါအား သူချီးမွမ်းခဲ့ပါသည်။
၂ ယေဟောဝါထံကျွန်ုပ်တို့ဆက်ကပ်အပ်နှံခဲ့စဉ်က ကိုယ်တော်.အလိုတော်ကိုထမ်းဆောင်ရန် စိတ်လိုကိုယ်လျောက် သစ္စာကတိပြုခဲ့ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုငြင်းပယ်ခဲ့ပြီး အသက်တာတွင် ယေဟောဝါ၏အမှုတော်ကို အဓိကလုပ်ဆောင်ရမည့်အရာဖြစ်စေခဲ့ကြသည်။ (လု. ၉:၂၃) ထို့ကြောင့် ကျွန်ုပ်တို့၏သစ္စာကတိဝတ်နှင့်အညီ နေ့တိုင်းအစဉ်ပြုရမည်။ (ဒေ. ၅:၄-၆) “ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ” မည်ကိုသိထားသောကြောင့် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် လူထုရှေ့ကြေညာခြင်းကိုတင်ပြခြင်းသည် ကျွန်ုပ်တို့၏ဘဝပုံစံတစ်ခုလုံးတွင် ထင်ဟပ်နေရမည်။ (ရော. ၁၀:၁၀) ယင်းတွင် သတင်းကောင်းဟောပြောခြင်းပါဝင်သည်။ (ဟေဗြဲ ၁၃:၁၅) တစ်ဦးစီ၏အခြေအနေများ မတူညီကြသော်လည်း ကျွန်ုပ်တို့အားလုံးသည် အရေးကြီးသည့် အခြားသူများအားသတင်းကောင်းဝေငှခြင်းကို နေ့တိုင်းအစဉ် အထူးအာရုံစိုက်နိုင်ပါသည်။
၃ ဟောပြောရန်အခွင့်အရေးကို နေ့စဉ်ရှာယူပါ– လူတစ်ဦးကို သတင်းကောင်းဝေမျှရခြင်းသည် ပျော်ရွှင်မှုကိုခံစားရစေသည်။ ဤသို့နေ့စဉ်ပြုလုပ်ရာတွင် အခြေအနေခွင့်ပြုသည့်အခါတိုင်း ဟောပြောရန်အခွင့်အရေးရှာယူရမည်။ အလုပ်ခွင်၊ ကျောင်း၊ အိမ်နီးချင်းနှင့် အခြား နေ့စဉ်ကြုံကြိုက်သည့်သူများကို မိမိကဦးစွာစပြီး အလွတ်သဘောသက်သေခံသည့်သူများသည် ပျော်ရွှင်ဖွယ်တွေ့ကြုံမှုများစွာကို ရရှိခံစားကြရသည်။ စာရေးခြင်း သို့မဟုတ် တယ်လီဖုန်းကိုအသုံးပြု၍ပင် အခြားသူများကိုသက်သေခံနိုင်ပါသည်။ ယင်းတို့အားလုံးကို အသုံးချခြင်းအပြင် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းနှင့် ပြန်လည်ပတ်မှုများကို မှန်မှန်ပြုလုပ်ရန်အချိန်သတ်မှတ်ထားခြင်းက အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပခြင်းမှရရှိသည့် အထူးရွှင်လန်းမှုကိုရရှိစေနိုင်ပါသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် နေ့စဉ်သက်သေခံရန်အခွင့်အရေးများကို ရှာယူနိုင်ပါသည်။
၄ ညီအစ်မတစ်ဦးသည် သူမ၏အလုပ်နားချိန်တွင် ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုခြင်း ကိုစတင်ဖတ်နေသည်။ သူမသည် အလုပ်ဖော်တစ်ဦးအား မိမိနှင့်အတူဤနေ့ကျမ်းချက်ကိုဖတ်ရန် ဖိတ်ခေါ်ခဲ့သည်။ မကြာမီပင် ထိုအမျိုးသမီးနှင့် ကျမ်းစာသင်အံမှုပြုလုပ်ခွင့်ရခဲ့သည်။ သူတို့သည် တစ်ပတ်လျှင်ငါးရက်၊ နေ့စဉ်နာရီဝက်ကြာလေ့လာခဲ့ကြသည်။ အခြားအလုပ်ဖော်တစ်ဦးသည် သူတို့၏နေ့စဉ်သင်အံမှုကိုသတိပြုမိခဲ့သည်။ နောက်ဆုံး၌ သူသည် သူ့ကိုယ်သူ မလှုပ်ရှားသည့်ညီအစ်ကိုတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဤညီအစ်မ၏စိတ်အားထက်သန်မှုက သူ့ကိုလှုံ့ဆော်ပေးကာ ပြန်လှုပ်ရှားလာရန် အကြီးအကဲတစ်ဦးနှင့်ဆက်သွယ်ခဲ့သည်။ ဤညီအစ်မသည် နေ့တိုင်းအစဉ် သစ္စာကတိဝတ်ဖြေခြင်းကို ကြိုးစားလုပ်ဆောင်မှုကြောင့် အခြားသူနှစ်ဦး၏အသက်တာကို အပြုသဘောပါပါဖြင့် အကျိုးပြုခဲ့သည်။
၅ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးထားသည့် ကောင်းမွန်သောအရာများအတွက် ကျေးဇူးတင်လေးမြတ်သည့်သဘောပြည့်နေသည့်နှလုံးက လှုံ့ဆော်ပေးစဉ် နေ့စဉ်ကျွန်ုပ်တို့၏သစ္စာကတိဝတ်ကို အကောင်းဆုံးဖြည့်ဆည်းနိုင်ခြင်းသည် ရွှင်လန်းမှုနှင့် ကျေနပ်မှုကိုဖြစ်စေသည်။ ဆာလံဆရာဒါဝိဒ်နည်းတူ ကျွန်ုပ်တို့ဤသို့ပြောနိုင်ပါသည်– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍၊ နာမတော်ကိုအစဉ်အမြဲ ချီးမြှောက်ပါမည်။”—ဆာ. ၈၆:၁၂။