သတင်းကောင်းကြေညာရာတွင်အရှိန်လျော့မသွားစေနှင့်
၁ ကနဦးခရစ်ယာန်များသည် မိမိတို့၏ဓမ္မအမှုကို အလွန်အလေးအနက်ထားခဲ့သည်။ လုကာက “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်းနေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ဧဝံဂေလိတရားကိုမပြတ်ဟောပြောလျက်နေကြ၏” ဟုမှတ်တမ်းတင်ခဲ့သည်။ (တ. ၅:၄၂) နှိပ်စက်ညှဉ်းဆဲခြင်းပင်မက၊ မည်သည့်အရာကမှ သူတို့ကိုနောက်တွန့်မသွားစေနိုင်ခဲ့ပေ! (တ. ၈:၄) သူတို့သည်အခြားသူများအား နေ့တိုင်းအစဉ်သမ္မာတရားကိုဟောပြောခဲ့ကြသည်။
၂ ကျွန်ုပ်တို့ကောမည်သို့နည်း။ မိမိကိုယ်ကိုမေးပါ– ‘အချိန်ကာလရဲ့အရေးတကြီးဖြစ်ခြင်းကို ငါပိုင်းခြားသိမြင်ရဲ့လား။ အရှိန်မလျော့ဘဲသတင်းကောင်းကိုဟောပြောဖို့ ငါလိုလိုလားလားရှိရဲ့လား။’
၃ အရှိန်မလျှော့ဘဲဟောပြောနေသည့် မျက်မှောက်ခေတ်ပုံသက်သေများ– ပိုလီယိုအကြောသေရောဂါသည်ညီအစ်မတစ်ဦးသည် သံအဆုတ်ထဲတွင်ထည့်သွင်းခံထားရသည်။ သူမသည်နိုင်ငံတော်ခန်းမ သို့မဟုတ် စည်းဝေးတက်ရန်မသွားနိုင်ပါ။ သို့သော်သူမသည် သတင်းကောင်းကြေညာခြင်းလုပ်ငန်းကိုအထူးကြိုးစားလုပ်ဆောင်ခဲ့သည်။ သူမသည် အချုပ်အနှောင်ထဲတွင် ၃၇ နှစ်ကြာနေရသည့်ကာလအတွင်း လူပေါင်း ၁၇ ယောက်အား သမ္မာတရားကိုသိရှိလာရန် ကူညီပေးနိုင်ခဲ့သည်တကား! ယင်းကိုသူမ မည်သို့ပြုလုပ်ခဲ့သနည်း။ တစ်အိမ်မှတစ်အိမ်မသွားနိုင်သော်လည်း သူမနှင့်လာရောက်တွေ့ဆုံသူများအား အလွတ်သဘောသက်သေခံရန်နည်းလမ်းကို သူမနေ့စဉ်တွေ့ရှိခဲ့သည်။
၄ ဘော့စနီးယားရှိကျွန်ုပ်တို့၏ညီအစ်ကိုများသည် စစ်ဘေးဒဏ်နှင့်ဆင်းရဲချို့တဲ့မှုကိုရင်ဆိုင်ကြရသည်။ သို့သော်လည်း သူတို့သည်အခြားသူများအား မှန်မှန်ဆက်၍ဟောပြောကြသည်။ ဆာရာယေဗိုရှိကြေညာသူများသည် အခြားသူများအား သတင်းကောင်းကို လစဉ်ပျမ်းမျှနာရီ ၂၀ ဟောပြောခဲ့ကြပြီး ပျမ်းမျှကျမ်းစာသင်အံမှုနှစ်ခုစီကျင်းပကြသည်။ အခြေအနေများဆိုးရွားစေကာမူ သူတို့သည် အရှိန်မလျော့ဘဲဟောပြောသွန်သင်ကြသည်။
၅ လူငယ်များလည်း ဓမ္မအမှုအတွက်ဇွဲကိုပြသကြသည်။ ရဝမ်ဒါရှိသက်သေခံမိသားစုတစ်ခုသည် သူတို့ကိုသတ်ရန် စစ်သားများအသင့်ပြင်ထားသော အခန်းထဲတွင်ထည့်ထားခံခဲ့ရသည်။ မိသားစုသည် အရင်ဆုတောင်းရန်ခွင့်ပြုချက်တောင်းခံခဲ့သည်။ ခွင့်ပြုချက်ရပြီးနောက် သမီးလေးဒေဗောရက ဤသို့ကျယ်လောင်စွာဆုတောင်းခဲ့သည်– “ယေဟောဝါ၊ ဒီအပတ် ဖေဖေနဲ့ ကျွန်မ မဂ္ဂဇင်းငါးစောင်ဝေငှခဲ့ပါတယ်။ ဒီလူတွေကို သမ္မာတရားအကြောင်းသင်ပေးပြီး အသက်ရအောင်ကူညီပေးဖို့ သူတို့ဆီဘယ်လိုလုပ်ပြန်သွားမလဲ။” သူမလေး၏ထက်သန်သည့်ယုံကြည်ချက်နှင့် ဓမ္မအမှုကိုချစ်မြတ်နိုးမှုကြောင့် မိသားစုတစ်ခုလုံးအသက်ချမ်းသာရာရခဲ့သည်။
၆ ယနေ့ အခြားသူများအား အခွင့်အရေးရှာ၍ သက်သေခံရန်နှင့် “ထာဝရအသက်ကိုတလိုတလားရှိ” သူများကိုရှာဖွေရန်လိုအပ်ပါသည်။ (တ. ၁၃:၄၈၊ ကဘ) ဒေသခံအခြေအနေများနှင့်လျော်ညီစွာ အသင်းတော်အကြီးအကဲများသည် နံနက်ပိုင်း၊ မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတို့တွင်အဆင်ပြေမည့်အချိန်၌ အုပ်စုလိုက်သက်သေခံရန် အစီအစဉ်များပြုလုပ်ကြသည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါဆောင်းပါးများနှင့် လုပ်ငန်းတော်စည်းဝေး၏ကဏ္ဍအသီးသီး၊ တိုက်နယ်စည်းဝေးများနှင့် ခရိုင်စည်းဝေးများက နိုင်ငံတော်သက်သေခံခြင်းကိုနည်းမျိုးစုံဖြင့်မျှဝေရန် အကြံပြုချက်များနှင့်အားပေးချက်များကို အခန့်သင့်ပေးထားပါသည်။ ထို့အပြင် တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးများကကြေညာသူများအား လမ်းပေါ်သက်သေခံခြင်းကိုလေ့ကျင့်ပေးသည်၊ စီးပွားရေးရပ်ကွက်တွင် မည်သို့လုပ်ဆောင်ရမည်ကိုပြပေးသည်၊ လူတို့ကိုတွေ့သည့်နေရာတိုင်းတွင် သက်သေခံရန် အခြားနည်းလမ်းများကို ညွှန်ပြပေးကြသည်။ ဤအရာအားလုံးက သတင်းကောင်းကြေညာရာတွင် အရှိန်လျော့မသွားစေဖို့ အလေးထားဖော်ပြနေခြင်းပင်!
၇ ယေရှု၏တမန်တော်များ ရဲရင့်စွာဖြင့် ဤသို့ကြေညာခဲ့ကြသည်– “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်။” သူတို့သည် အတားအဆီးများရှိသော်ငြားလည်း မည်သို့ဇွဲရှိရှိလုပ်ဆောင်ခဲ့သနည်း။ ယေဟောဝါထံ ကူညီပေးရန်အသနားခံခဲ့သည်၊ ကိုယ်တော်ကူညီတော်မူ၍ “ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုရဲရင့်စွာဟောပြောကြ၏။” (တ. ၄:၂၀၊ ၂၉၊ ၃၁) လူတိုင်းသည် ဓမ္မအမှုတွင်ထူးထူးခြားခြားတွေ့ကြုံမှုများဖြင့်ကောင်းချီးရရှိမည်မဟုတ်သော်လည်း ကျွန်ုပ်တို့သည်အရှိန်မလျော့ဘဲသတင်းကောင်းကိုကြေညာရန် အမှန်တကယ်ဆန္ဒရှိပြီး နေ့စဉ်ပင်ထိုသို့ပြုလုပ်ရန်ကြိုးစားအားထုတ်နေပါက ယေဟောဝါကျွန်ုပ်တို့ကို ကူညီတော်မူမည်ဖြစ်သည်။