သင်သည် အချိန်ပြည့်သက်သေခံတစ်ဦးလော
၁ ဤမေးခွန်းကို ဟုတ်ကဲ့ဟူ၍ သင်ဖြေဆိုမည်လော။ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်အားလုံးသည် အချိန်ပြည့်ဓမ္မအမှုတွင် စာရင်းမသွင်းနိုင်ကြသော်လည်း ကျွန်ုပ်တို့အားလုံးသည် မိမိတို့ကိုယ်ကို ကိုယ်တော်၏အချိန်ပြည့်သက်သေများအဖြစ် ယူမှတ်သင့်သည်ဟု မျှော်လင့်ခြင်းသည် ကျိုးကြောင်းမညီညွတ်ပေလော။ အမှန်ပင် မျှော်လင့်သင့်သည်။
၂ အချိန်ပိုင်းခရစ်ယာန်ဟူ၍ မရှိပါ။ ယေရှုက မိမိ၏ခမည်းတော်နှင့်ပတ်သက်၍ “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုမိန့်တော်မူ၏။ (ယော. ၈:၂၉) ထိုအတိုင်းပင်ယူမှတ်ခဲ့သူပေါလုက ကျွန်ုပ်တို့အား “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ရန်တိုက်တွန်းသည်။ (၁ ကော. ၁၀:၃၁) ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် မိမိတို့ကိုယ်ကို ယေဟောဝါ၏အချိန်ပြည့်သက်သေများအဖြစ် ယူမှတ်သင့်သည်။ ဤကဲ့သို့ကျွန်ုပ်တို့ယူမှတ်ခြင်းက ကျွန်ုပ်တို့လုပ်ဆောင်နေသည့်လုပ်ငန်းတိုင်းတွင် ကောင်းကျိုးအတွက် ကျွန်ုပ်တို့အပေါ် ဩဇာလွှမ်းမိုးမည်ဖြစ်သည်။
၃ သာဓကကိုသုံးသပ်ပါ– ကျွန်ုပ်တို့၏အသွင်အပြင်၊ အပြောအဆိုနှင့်အမူအကျင့်တို့က အခြားသူများအား ကျွန်ုပ်တို့သည် အမှန်ပင် ယေဟောဝါသက်သေများဖြစ်ကြောင်း ပြသနိုင်သည်။ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သည့်အခါ သို့မဟုတ် ခရစ်ယာန်စည်းဝေးများတက်ရောက်သည့်အခါတိုင်းတွင် ဣန္ဒြေရှိသောအသွင်အပြင်၊ ကောင်းမြတ်သောအပြောအဆိုနှင့် လျောက်ပတ်သောအမူအကျင့်ရှိရန်လိုအပ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ကျောင်းတွင်ဖြစ်စေ၊ လောကီအလုပ်တွင်ဖြစ်စေ သို့မဟုတ် အပန်းဖြေခြင်းတွင်ဖြစ်စေ ကျွန်ုပ်တို့နှင့်ပတ်သက်သည့်အရာရာတိုင်းက ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီအသက်ရှင်နေကြောင်း အထောက်အထားတင်ပြသင့်သည်။
၄ ယေရှုဤသို့မိန့်တော်မူသည်– “တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့ ၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မ. ၅:၁၄-၁၆) ကျွန်ုပ်တို့ပြုသည့်အမှုခပ်သိမ်းနှင့် အချိန်တိုင်းတွင် ထိုအတိုင်းဖြစ်သင့်သည်။ ကျွန်ုပ်တို့သည် မိမိတို့ရောက်နေသည့်နေရာ သို့မဟုတ် လုပ်နေသည့်အလုပ်ကြောင့် သက်သေခံရန်တွန့်ဆုတ်နေသည်ကို သိမည်ဆိုပါက ‘ငါဟာ ယေဟောဝါကို အချိန်ပိုင်း ဒါမှမဟုတ် အချိန်ပြည့်ဝတ်ပြုနေသလား’ ဟူ၍ ကိုယ့်ကိုယ်ကိုမေးရန်လိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအကြောင်း အခြားသူများအားပြောရန်အခွင့်အလမ်းကို မည်သည့်အခါမျှလက်လွှတ်မခံကြစို့နှင့်။
၅ “သင်သည် အချိန်ပြည့်သက်သေခံတစ်ဦးလော” ဟူသည့်မေးခွန်းကို “ဟုတ်ကဲ့!” ဟူ၍ပြတ်ပြတ်သားသားဖြေဆိုနိုင်သောအခါ ကျွန်ုပ်တို့သည် ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်ပြီးနှစ်သက်စေတော်မူကြောင်း သတိရပါ။