သာမန်ထက်ထူးကဲသောတန်ခိုးတော်ကို ယေဟောဝါပေးသနား
၁ မြင့်မြတ်သည့်လုပ်ငန်းတော်ဆိုင်ရာ တန်ဖိုးရှိအခွင့်ထူးဖြစ်သော—ခရစ်ယာန်ဓမ္မအမှု—ကိုယေရှု၏တပည့်အားလုံးအား အပ်နှင်းထားသည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့သော် လူ့မစုံလင်မှုနှင့် ဤအစီအစဉ်စနစ်၏ဖိစီးမှုများက တစ်ခါတစ်ရံ အရည်အချင်းလုံးလုံးမပြည့်စုံဟူ၍ ကိုယ့်ကိုယ်ကိုရှုမြင်စေပေမည်။
၂ ဤသို့ဖြစ်သည့်အခါ ကောရိန္သုမြို့ရှိဘိသိက်ခံခရစ်ယာန်များထံ ပေါလုရေးသားခဲ့သည့်စာမှ ကျွန်ုပ်တို့နှစ်သိမ့်မှုရရှိနိုင်သည်။ “ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏” ဟူ၍သူရေးသားခဲ့သည်။ (၂ ကော. ၄:၇) “ငါတို့သည် ထိုသို့သောတရား၏အမှု [“ဓမ္မအမှု၊” ကဘ] ကို ဆောင်ရွက်သောသူဖြစ်၍ . . . အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏” ဟူ၍ပေါလုယုံကြည်စိတ်ချခဲ့သည်။ (၂ ကော. ၄:၁) မှန်ပါသည်၊ သတင်းကောင်းကို ဆက်ကြေညာရန်နှင့် “အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်” ရန်ဟူသည် ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ ကျွန်ုပ်တို့တစ်ဦးစီအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုထောက်ပံ့ပေးတော်မူသောဘုရားသခင့်အထံတော်မှ ခွန်အားလိုအပ်သည်။—ယော. ၁၀:၁၆; ၂ ကော. ၄:၇ခ၊ ကဘ။
၃ အားရှိစရာကောင်းသည်မှာ သက်သေခံများစွာသည် ပြင်းထန်သောအတိုက်အခံ၊ ကြီးမားသည့်ကျန်းမာရေးပြဿနာများ သို့မဟုတ် ငွေရေးကြေးရေးအကန့်အသတ်ဖြစ်မှုတို့ကို ရင်ဆိုင်ရစေကာမူ ဇွဲရှိသောဧဝံဂေလိတရားဟောပြောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို ယေဟောဝါထောက်မကူညီနေကြောင်း ကျွန်ုပ်တို့အားလုံးသဘောပေါက်ထားရမည်။ စိတ်ဓာတ်ကျမှု သို့မဟုတ် စိုးရိမ်ပူပန်မှုက ဟောပြောရန်ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို အားပျော့စေမည့်အစား “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြ” စို့။—ဧ. ၆:၁၀; သု. ၂၄:၁၀။
၄ ဘုရားသခင့်တန်ခိုးတော် ရရှိနိုင်ပုံ– ဆုတောင်းခြင်းတွင်စွဲမြဲလျက် ဘုရားသခင့်အကူအညီနှင့်အစွမ်းခွန်အားကိုတောင်းခံပါ။ (ရော. ၁၂:၁၂; ဖိ. ၄:၆၊ ၇) ထို့နောက် သင်၏နှလုံးရှိသမျှဖြင့် သာမန်ထက်ထူးကဲသော တန်ခိုးတော်ကိုပေးသနားသည့် ယေဟောဝါကို ယုံကြည်ကိုးစားပါ။ (သု. ၃:၅) ကျွန်ုပ်တို့၏မဂ္ဂဇင်းများပါ မျက်မှောက်ခေတ်ဘဝအတ္ထုပ္ပတ္တိများကိုဖတ်ပါ၊ အကြောင်းမှာ ယေဟောဝါသည် ယနေ့ မိမိ၏ကျေးကျွန်များအား စုံစမ်းခြင်းများကိုခံရပ်နိုင်ရန် ကူညီနေကြောင်း ယင်းတို့က သက်သေခံနေသောကြောင့်တည်း။ အသင်းတော်ရှိညီအစ်ကိုများနှင့် ရင်းရင်းနှီးနှီးရှိပါ၊ အသင်းတော်အစည်းအဝေးများကို မရှောင်မလွှဲပါနှင့်။—ရော. ၁:၁၁၊ ၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅။
၅ အရေးအကြီးဆုံးဖြစ်သော နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် စိတ်ပျက်အားလျော့ခြင်းမရှိစေရန်ကူညီပေးမည့်—ယေဟောဝါ၏တန်ခိုးတော်ဖြစ်သော—သာမန်ထက်ထူးကဲသည့်တန်ခိုးတော်ကိုရရှိရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ကြစို့။