“ကျွန်ုပ်တို့၏ရပ်ကွက်ကို အကြိမ်ကြိမ်အမှုဆောင်ပြီးပြီ!”
၁ သင့်ရပ်ကွက်တွင် အကြိမ်ကြိမ်အမှုဆောင်ထားရာ သိုးကဲ့သို့သောသူများရှိတော့မည်မဟုတ်ဟု သင်ယူဆဖူးသလော။ သင် ဤသို့စဉ်းစားပေမည်– ‘လူတွေ ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာ ငါသိတယ်။ စိတ်မဝင်စားတဲ့သူတွေဆီ ဘာကြောင့်ပြန်သွားရမှာလဲ။’ ရပ်ကွက်များစွာကို အကြိမ်ကြိမ်အမှုဆောင်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် ဤဖြစ်ရပ်မှန်ကို အပျက်သဘောဖြင့်မဟုတ်ဘဲ အပြုသဘောဖြင့်ရှုမြင်သင့်သည်။ အဘယ်ကြောင့် ထိုသို့ရှုမြင်သင့်သနည်း။ အောက်ဖော်ပြပါ အကြောင်းရင်းလေးခုကို သတိပြုပါ။
၂ ကျွန်ုပ်တို့၏ဆုတောင်းချက်များ နားညောင်းခံခဲ့ရပြီ– “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့” ဟုယေရှုမိန့်မှာခဲ့သည်။ (လု. ၁၀:၂) ကျွန်ုပ်တို့သည် နောက်ထပ်အကူအညီရရှိရန် ယေဟောဝါထံ ဆယ်စုနှစ်များစွာအသနားခံခဲ့ကြသည်။ ဒေသများစွာတွင် လိုအပ်နေသည့် နောက်ထပ်လုပ်သားများ ယခုရရှိထားရာ ရပ်ကွက်ကို မကြာခဏပြန်ကျော့နေရသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်းခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ဝမ်းမသာသင့်ပေလော။
၃ မဆုတ်မနစ်ဇွဲက အသီးကောင်းသီးစေ– အကြိမ်ကြိမ်အမှုဆောင်ထားသည့်ရပ်ကွက်တွင်ပင် လူတို့သည် နိုင်ငံတော်သတင်းကိုတုံ့ပြန်ကာ သမ္မာတရားအသိပညာရရှိနေကြသည်။ ထို့ကြောင့် နောက်ထပ်နှလုံးရိုးဖြောင့်သူများကို ရှာတွေ့ရန်ဟူသောမျှော်လင့်ချက်ဖြင့် အကြိမ်ကြိမ်ပြန်သွားသင့်သည်။ (ဟေရှာ. ၆:၈-၁၁) ယေရှု၏ကနဦးတပည့်များပြုခဲ့သကဲ့သို့ သင့်ခန့်အပ်ခံရပ်ကွက်ရှိလူတို့ထံ “ဆက်၍သွား” ကာ ဘုရားသခင့်နိုင်ငံတော်၌ သူတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန်ကြိုးစားပါ။—မ. ၁၀:၆၊ ၇၊ ကဘ။
၄ ပေါ်တူဂီတွင် အသင်းတော်များစွာသည် ရပ်ကွက်ကို ပတ်တိုင်းပြန်ကျော့နေရသော်လည်း သိုးကဲ့သို့သောသူများကို ရှာတွေ့နေဆဲဖြစ်သည်။ အထူးသဖြင့် ညီအစ်မတစ်ဦးတွင် အလွန်အပြုသဘောပါသည့်သဘောထားရှိ၏။ သူဤသို့ဆိုသည်– “မနက်တိုင်းအမှုဆောင်မထွက်ခင် ကျမ်းစာသင်ဖို့စိတ်ဝင်စားသူတစ်ဦးဦးကို ရှာတွေ့အောင်ကူညီပေးပါလို့ ယေဟောဝါကို ကျွန်မဆုတောင်းတယ်။” တစ်နေ့တွင် သူသည် ဆံပင်အလှပြင်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်သူများနှင့် သင်အံမှုတစ်ခုစီစဉ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တစ်ဦးတည်းသာသင်တော့သည်။ ထိုသူက “အခြားသူတွေစိတ်မဝင်စားပေမဲ့ ကျွန်မကတော့စိတ်ဝင်စားတယ်” ဟုဆိုသည်။ တစ်လအတွင်း သူမသည် ကိုယ်တိုင် ကျမ်းစာသင်အံမှုနှစ်ခု ကျင်းပလျက်ရှိသည်။ ၎င်းနောက်မကြာမီ သူနှစ်ခြင်းခံကာ ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ခဲ့သည်!
၅ လုပ်ငန်းသည် ပြီးမြောက်နေ– ဟောရလိမ့်မည်ဟုယေရှုကြိုပြောခဲ့သည့်အတိုင်း သတင်းကောင်းကို ဟောပြောလျက်ရှိ၏။ (မ. ၂၄:၁၄) ‘[ကျွန်ုပ်တို့] စကားကိုနားမထောင်လို’ သူတို့ရှိရာဒေသများ၌ပင် ဟောပြောခြင်းလုပ်ငန်းအားဖြင့် သူတို့သတိပေးခံရလျက်ရှိ၏။ အချို့သူတို့သည် သမ္မာတရားကိုလက်ခံမည်မဟုတ် သို့မဟုတ် အတိုက်အခံပင်ပြုမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မျှော်လင့်ကြသည်။ သို့တိုင် ထိုသို့သောသူများကို လာလတ္တံ့သော ယေဟောဝါထံမှတရားစီရင်ခြင်းအကြောင်း ထိုက်သင့်စွာသတိပေးရမည်ဖြစ်သည်။—ယေဇ. ၂:၄၊ ၅; ၃:၇၊ ၈၊ ၁၉။
၆ မပြီးဆုံးသေးပါ– ဟောပြောခြင်းလုပ်ငန်းရပ်နားရမည့်အချိန်ကို ကျွန်ုပ်တို့ဆုံးဖြတ်ရန်မဟုတ်ပေ။ ယေဟောဝါသည် အဆုံးသတ်သင့်သည့်အချိန်ကို အတိအကျသိတော်မူ၏။ ကျွန်ုပ်တို့၏ရပ်ကွက်တွင် သတင်းကောင်းကိုတုံ့ပြန်ကြဦးမည့်သူများ ရှိမရှိဟူသည်ကို ကိုယ်တော်သိတော်မူ၏။ ယနေ့ အချို့က မိမိတို့စိတ်မဝင်စားပါဟုပြောကြသော်လည်း သူတို့၏အသက်တာတွင် အကြီးအကျယ်ပြောင်းလဲမှုများ—အလုပ်လက်မဲ့ဖြစ်ခြင်း၊ အသည်းအသန်ဖျားနာခြင်း၊ ချစ်ရသူတစ်ဦးသေဆုံးခြင်း—ကြောင့် နောင်တစ်ချိန်တွင် ပို၍လက်ခံလာနိုင်သည်။ စိတ်စွန်းကွက်မှု သို့မဟုတ် နားမထောင်နိုင်လောက်အောင် အလုပ်များလွန်းခြင်းသက်သက်ကြောင့် များစွာသောသူတို့သည် ကျွန်ုပ်တို့ဟောသည့်အရာကို တစ်ခါမျှမကြားဖူးခဲ့ကြပေ။ ဖော်ရွေစွာအကြိမ်ကြိမ်သွားရောက်လည်ပတ်ခြင်းဖြင့် သူတို့သတိပြုမိကာ နားထောင်ကြပေမည်။
၇ မကြာသေးမီနှစ်များတွင် ကြီးပြင်းလာကာ ယခု ကိုယ်ပိုင်မိသားစုများရှိနေသူတို့သည် ဘဝကို ပို၍အလေးအနက်ထားလာပြီး ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကသာ ဖြေကြားပေးနိုင်သည့် မေးခွန်းများကိုမေးနေကြသည်။ ငယ်ရွယ်သောမိခင်တစ်ဦးသည် သက်သေခံနှစ်ဦးကို အိမ်ထဲခေါ်ဖိတ်ပြီး ဤသို့ပြောသည်– “ကျမ်းစာအကြောင်းပဲပြောပြတာကို ကျွန်မအမေက စိတ်မဝင်စားဘူးဆိုပြီး သက်သေခံတွေကိုမောင်းထုတ်ခဲ့တာ ကျွန်မငယ်ငယ်တုန်းက နားမလည်နိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မကြီးပြင်းလာပြီး အိမ်ထောင်ကျလို့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ဖြစ်လာတဲ့အခါ ယေဟောဝါသက်သေတွေကို အိမ်ထဲခေါ်ဖိတ်ပြီး ကျမ်းစာရှင်းပြခိုင်းမယ်လို့ အဲဒီကတည်းက စိတ်ဆုံးဖြတ်ခဲ့တယ်။” ထိုအတိုင်းသူပြုလုပ်ခဲ့ရာ သူ့ထံလာလည်ပတ်သည့်သက်သေခံများ အထူးနှစ်ထောင်းအားရဖြစ်မိကြသည်။
၈ သင် ပိုမိုထိရောက်မှုရှိနိုင်မည်လော– ရပ်ကွက်ကိုမကြာခဏအမှုဆောင်ဖို့ခက်ခဲစေသူမှာ ကျွန်ုပ်တို့သွားလည်ပတ်သူများကြောင့် အမြဲဖြစ်ချင်မှဖြစ်မည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်တိုင်ကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် အပျက်သဘောထားများဖြင့် အစပြုလုပ်ဆောင်သလော။ ယင်းက ကျွန်ုပ်တို့၏သဘောထားကိုသာမက ကျွန်ုပ်တို့၏အသံနေအသံထားနှင့် မျက်နှာထားကိုပါ အကျိုးသက်ရောက်နိုင်၏။ အပြုသဘောဆောင်သောစိတ်ဓာတ်နှင့် ချိုသာသောမျက်နှာထားကိုပြပါ။ ချဉ်းကပ်နည်းအသစ်တစ်ခုကို စမ်းကြည့်ပါ။ သင့်တင်ဆက်နည်းကို အမျိုးမျိုးပြောင်းကာ ယင်းကိုတိုးတက်ရန်ကြိုးစားပါ။ သင့်နိဒါန်းမေးခွန်းကို ပြောင်းပေးနိုင်သည် သို့မဟုတ် အပြန်အလှန်စကားပြောဆိုရာတွင် အခြားကျမ်းချက်တစ်ချက်ကို အသုံးပြုနိုင်သည်။ အခြားညီအစ်ကိုညီအစ်မများအား ရပ်ကွက်တွင်အမှုဆောင်ရာ၌ သူတို့အောင်မြင်မှုရရှိခဲ့သည့်အရာကို မေးကြည့်ပါ။ ကြေညာသူ၊ ရှေ့ဆောင်အသီးသီးတို့နှင့်အတူအမှုဆောင်ကာ သူတို့၏ဓမ္မအမှုအား ထိရောက်မှုရှိစေသည့်အရာကို သတိပြုပါ။
၉ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ယေဟောဝါ၏မျက်နှာသာတော်နှင့်ကောင်းချီးရရှိကာ ၎င်းတွင်ပါဝင်ခြင်းက ကိုယ်တော်နှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းကိုချစ်ကြောင်း သက်သေထူသည်။ (မ. ၂၂:၃၇-၃၉) ထို့ကြောင့် ရပ်ကွက်တွင် အကြိမ်ကြိမ်အမှုဆောင်ရသည်ကို ခြေကုန်လက်ပန်းမကျဘဲ ကျွန်ုပ်တို့၏လုပ်ငန်းပြီးပြတ်သည့်အထိ လုပ်ဆောင်ကြစို့။