ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကောင်းမှုများပြုရန် လှုံ့ဆော်ပေး
၁ ယုံကြည်ခြင်းသည် နောဧ၊ မောရှေနှင့် ရာခပ်တို့အား ပြုမူလုပ်ဆောင်စေခဲ့၏။ နောဧသည် သင်္ဘောဆောက်ခဲ့သည်။ မောရှေသည် ဖာရော၏နန်းတော်ရှိ ဘဝ၏ယာယီအကျိုးကျေးဇူးများကို စွန့်လွှတ်ခဲ့သည်။ ရာခပ်သည် သူလျှိုများကို ဝှက်ထားကာ သူ၏အိမ်သားများအသက်ချမ်းသာရရန် သူတို့၏ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။ (ဟေဗြဲ ၁၁:၇၊ ၂၄-၂၆၊ ၃၁) ယနေ့အချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မည်သည့်ကောင်းမှုများပြုရန် လှုံ့ဆော်ပေးသနည်း။
၂ သက်သေခံခြင်း– ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းမြတ်လှသောဘုရားသခင်နှင့် ထာဝရပျော်ရွှင်မှုအတွက် ကိုယ်တော့်ပြင်ဆင်ပေးချက်များအကြောင်း ပြောဆိုရန်လှုံ့ဆော်ပေး၏။ (၂ ကော. ၄:၁၃) တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် သက်သေခံရန် တွန့်ဆုတ်ကြပေမည်။ သို့သော် ကျွန်ုပ်တို့သည် ‘ယေဟောဝါကို အစဉ်မပြတ်မျက်မှောက်ပြု’ သောအခါ ခွန်အားရှိလာကာ ကြောက်စိတ်ပြေသွားသည်။ (ဆာ. ၁၆:၈) ထိုအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သင့်လျော်သည့်အခါတိုင်း ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် အခြားသူတို့အား သတင်းကောင်းဝေမျှရန် လှုံ့ဆော်ပေးသည်။—ရော. ၁:၁၄-၁၆။
၃ အတူတကွစည်းဝေးခြင်း– အစည်းအဝေးမှန်မှန်တက်ရောက်ခြင်းသည် ယုံကြည်ခြင်းမှပေါ်ပေါက်လာသည့် နောက်ထပ်ကောင်းမှုတစ်ခုဖြစ်၏။ မည်သို့အားဖြင့်နည်း။ ခရစ်ယာန်အစည်းအဝေးများတွင် စုဝေးကြသောအခါ ယေရှုသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့နှင့်အတူရှိသည်ဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို ယင်းကဖော်ပြသည်။ (မ. ၁၈:၂၀) ယင်းက ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကိုကြား’ လိုသည့် ကျွန်ုပ်တို့၏ဆန္ဒကိုဖော်ပြသည်။ (ဗျာ. ၃:၆) ကျွန်ုပ်တို့၏ယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုသွန်သင်သူသည် မဟာသွန်သင်ရှင်၊ ယေဟောဝါဖြစ်ကြောင်း နားလည်စေသောကြောင့် ရရှိသည့်သွန်သင်ချက်ကို ကျွန်ုပ်တို့အလေးအနက်ထားကြသည်။—ဟေရှာ. ၃၀:၂၀။
၄ ကျွန်ုပ်တို့၏ရွေးချယ်မှုများ– မမြင်ရသော အမှန်တည်ရှိသည့်အရာများကို အခိုင်အမာယုံကြည်ခြင်းက ကျွန်ုပ်တို့၏အသက်တာတွင် ဝိညာဉ်ရေးရာများကို ဦးစားထားရန် လှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၁:၁) ယင်းတွင် ရုပ်ပစ္စည်းစွန့်လွှတ်မှုများပြုခြင်း ပါဝင်လေ့ရှိ၏။ ဥပမာ၊ အကြီးအကဲတစ်ဦးသည် အစည်းအဝေးများပျက်မည်၊ မိသားစုနှင့်ဝေးမည်၊ ရှေ့ဆောင်ဓမ္မအမှုကို စွန့်လွှတ်ရမည်ဖြစ်သောကြောင့် ဝင်ငွေကောင်းသော လောကီအခွင့်အရေးတစ်ခုကို ငြင်းဆိုခဲ့သည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြ” သူများကို ယေဟောဝါထောက်ပံ့ပေးမည်ဟူသော ကျမ်းစာအာမခံချက်ကို ကျွန်ုပ်တို့လည်း အပြည့်အဝယုံကြည်စိတ်ချနိုင်ကြပါစေ။—မ. ၆:၃၃။
၅ ကျွန်ုပ်တို့၏အသက်တာများအပေါ် ယုံကြည်ခြင်းကသက်ရောက်စေသည့် တန်ခိုးပါသောသြဇာကို အခြားသူများ သတိမပြုမိဘဲမနေပါ။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကမ္ဘာအနှံ့သိရှိကြသည်။ (ရော. ၁:၈) ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းရှင်သန်နေကြောင်း ကောင်းမှုများဖြင့် ပြသနိုင်ကြပါစေ။—ယာ. ၂:၂၆။