စစ်မှန်သောခရစ်ယာန်စည်းလုံးမှု—မည်သို့ရရှိသနည်း
၁ ၂၃၄ နိုင်ငံနှင့် ဘာသာစကားအုပ်စု ၃၈၀ ခန့်မှလူခြောက်သန်းကျော်ကို မည်သည့်အရာက စည်းလုံးစေနိုင်သနည်း။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုခြင်းကသာဖြစ်၏။ (မိ. ၂:၁၂; ၄:၁-၃) ယေဟောဝါသက်သေများသည် ယခုအချိန်တွင် စစ်မှန်သောခရစ်ယာန်စည်းလုံးမှု အမှန်တကယ်ရှိကြောင်း ကိုယ်ပိုင်အတွေ့အကြုံမှသိရှိကြသည်။ ကျွန်ုပ်တို့သည် “သိုးထိန်းတစ်ပါး” အောက်ရှိ “သိုးအုပ်တစ်အုပ်” အနေနှင့် ဤလောက၏ စိတ်ဝမ်းကွဲစေသောစိတ်ဓာတ်ကို တွန်းလှန်ရန် သန္နိဋ္ဌာန်ချထားကြသည်။—ယော. ၁၀:၁၆၊ သမ္မာ; ဧ. ၂:၂။
၂ ဘုရားသခင်၏ မပျက်ကွက်နိုင်သောရည်ရွယ်ချက်မှာ အသိဉာဏ်ရှိသတ္တဝါအားလုံး စစ်မှန်သောဝတ်ပြုရေးတွင် ပေါင်းစည်းလာကြရန်ဖြစ်၏။ (ဗျာ. ၅:၁၃) ယင်း၏အရေးကြီးမှုကိုသိရှိခြင်းကြောင့် ယေရှုက မိမိ၏နောက်လိုက်များ စည်းလုံးမှုရှိကြရန် ထက်သန်စွာဆုတောင်းခဲ့သည်။ (ယော. ၁၇:၂၀၊ ၂၁) ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်ယာန်အသင်းတော်၏စည်းလုံးမှုကို မည်သို့မြှင့်တင်ပေးနိုင်သနည်း။
၃ စည်းလုံးမှုရရှိနိုင်ပုံ– ဘုရားသခင်၏ နှုတ်ကပါဌ်တော်နှင့် ဝိညာဉ်တော်မပါဘဲ ခရစ်ယာန်စည်းလုံးမှု ရရှိနိုင်မည်မဟုတ်ပေ။ ကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရှုရာများကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်ဝိညာဉ်တော်ကို လွတ်လပ်စွာစီးဆင်းစေ၏။ ယင်းက ကျွန်ုပ်တို့ကို “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့် . . . အချင်းချင်းစိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်” စေ၏။ (ဧ. ၄:၃) ယင်းက တစ်ဦးကိုတစ်ဦး မေတ္တာဖြင့်သည်းခံရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (ကော. ၃:၁၃၊ ၁၄; ၁ ပေ. ၄:၈) သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ် ဆင်ခြင်တွေးတောခြင်းဖြင့် စည်းလုံးမှုကို မြှင့်တင်ပေးသလော။
၄ ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကလည်း ကျွန်ုပ်တို့ကိုစည်းလုံးစေ၏။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင် အခြားသူများနှင့်အတူလုပ်ဆောင်ကာ “ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တညီတညွတ်တည်းကြိုးစားအားထုတ်” ကြသောအခါ “သမ္မာတရားတွင် လုပ်ဖော်ဆောင်ဖက်များ” ဖြစ်လာကြသည်။ (ဖိ. ၁:၂၇; ၃ ယော. ၈၊ ကဘ) ကျွန်ုပ်တို့ ထိုသို့ပြုကြသည်နှင့်အမျှ အသင်းတော်အတွင်း စည်းလုံးစေသောမေတ္တာနှောင်ကြိုးသည် ပို၍ခိုင်မာလာ၏။ မကြာသေးမီက သင်နှင့်အတူ အမှုမဆောင်ခဲ့သူတစ်ဦးဦးအား ဤအပတ် လယ်ကွင်းဓမ္မအမှုတွင် သင်နှင့်အတူပါဝင်ရန် ဖိတ်ခေါ်ပါလေ။
၅ ယနေ့ မြေကြီးပေါ်ရှိ တစ်ခုတည်းသောအပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရခြင်းသည် တကယ့်အခွင့်ထူးပါတကား! (၁ ပေ. ၅:၉) မကြာသေးမီက လူထောင်ပေါင်းများစွာသည် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများတွင် ဤကမ္ဘာချီစည်းလုံးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုခြင်း၊ သဘောထားကွဲလွဲမှုများကို မေတ္တာနှင့်ဖြေရှင်းခြင်း၊ သတင်းကောင်းကို “တညီတညွတ်တည်း” ဟောပြောခြင်းဖြင့် ဤအဖိုးတန်စည်းလုံးမှုကို ပံ့ပိုးပေးနိုင်ကြပါစေ။—ရော. ၁၅:၆။