အောက်မေ့ရာပွဲရာသီ—တိုးချဲ့လုပ်ဆောင်ရန်အချိန်
၁။ “ရာသီပွဲတော်များ” က ဘုရားသခင်ကို ကြောက်ရွံ့သောဣသရေလလူမျိုးအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁ တစ်နှစ်အတွင်း သတ်မှတ်ထားသောအချိန်များတွင် ရှေးဣသရေလလူမျိုးသည် “ယေဟောဝါ၏ရာသီပွဲတော်များ” ကိုကျင်းပခဲ့ကြသည်။ (ဝတ်. ၂၃:၂၊ ကဘ) ဘုရားသခင်၏ကောင်းမြတ်မှုကို အချိန်ယူဆင်ခြင်သုံးသပ်ခြင်းက သူတို့ကို အလွန်ပျော်ရွှင်စေကာ စင်ကြယ်သောဝတ်ပြုရေးအတွက် ထက်သန်မှုရှိရန် လှုံ့ဆော်ပေးခဲ့သည်။—၆ ရာ. ၃၀:၂၁–၃၁:၂။
၂၊ ၃။ အောက်မေ့ရာပွဲရာသီအတွင်း ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလုပ်ဆောင်မှုကို တိုးချဲ့ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း၊ မည်သည့်အချိန်တွင် အောက်မေ့ရာပွဲကို ကျင်းပကြမည်နည်း။
၂ မျက်မှောက်ခေတ်၌ နှစ်စဉ် အောက်မေ့ရာပွဲရာသီအတွင်း ကျွန်ုပ်တို့၏ ပျော်ရွှင်စရာ သီအိုကရက်တစ်လုပ်ဆောင်မှုသည် အရှိန်အဟုန်မြင့်မားလာ၏။ ယင်းသည် ကျွန်ုပ်တို့အတွက် ယေဟောဝါပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သောလက်ဆောင်—ကိုယ်တော်၏တစ်ပါးတည်းသောသားတော်—အကြောင်း အလေးအနက် စဉ်းစားဆင်ခြင်ရမည့်အချိန်ဖြစ်၏။ (ယော. ၃:၁၆; ၁ ပေ. ၁:၁၈၊ ၁၉) ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ပြခဲ့သည့်မေတ္တာကို တွေးတောဆင်ခြင်စဉ် ကျွန်ုပ်တို့သည် ယေဟောဝါကိုချီးမွမ်းရန်နှင့် ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ကြိုးစားအားထုတ်ရန် လှုံ့ဆော်ခံရကြသည်။—၂ ကော. ၅:၁၄၊ ၁၅။
၃ ဤနှစ် သခင့်ညစာစားပွဲကို မတ်လ ၂၄ ရက်၊ ကြာသပတေးနေ့၊ နေဝင်ပြီးနောက်တွင် ကျင်းပပါမည်။ မတ်၊ ဧပြီနှင့် မေလတို့တွင် ဓမ္မအမှု၌ ကျွန်ုပ်တို့ မည်သို့တိုးချဲ့ပါဝင်နိုင်သနည်း။
၄၊ ၅။ (က) လူများများထံ သတင်းကောင်းရောက်ရှိရန် အချို့သူတို့ကို အဘယ်အရာက ကူညီပေးခဲ့ပြီနည်း။ (ခ) အဘယ်အရာက ဒေသအလိုက်ထိရောက်မှုရှိကြောင်း သင် တွေ့ရှိခဲ့ပြီနည်း။
၄ လူများများထံရောက်ရှိခြင်း– လယ်ကွင်းလုပ်ငန်းတွင် သင်ပါဝင်သည့်အခါ ဖြစ်နိုင်သရွေ့ လူများများထံရောက်ရှိရန် နည်းလမ်းများရှာပါ။ သင်သည် မွန်းလွဲနှောင်းပိုင်း သို့မဟုတ် ညနေပိုင်းတွင်ကဲ့သို့ အိမ်တွင် လူများများရှိမည့်အချိန်၌ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းတွင် ပါဝင်ရန် စီစဉ်နိုင်မည်လော။ သင့်စာအုပ်ကြီးသင်တန်းအုပ်စုမှ အချို့သည် သင်တန်းမတိုင်မီ အမှုဆောင်ခြင်းတွင် ပါဝင်လိုမည်ဆိုလျှင် စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် အနီးအနားရပ်ကွက်တွင် အမှုဆောင်ရန် လုပ်ငန်းတော်အတွက် တိုတုတ်သည့်စုဆုံမှုတစ်ခုရှိဖို့ စီစဉ်နိုင်ပေမည်။
၅ လူများစွာထံရောက်ရှိရန် အခြားနည်းတစ်နည်းမှာ လူအများရှိသည့်နေရာများတွင် သက်သေခံခြင်းအားဖြင့်ဖြစ်၏။ ဂျပန်နိုင်ငံရှိ ညီအစ်မတစ်ဦးသည် အချိန်ပြည့်အလုပ်တစ်ခုရှိလျက်နှင့် အရန်ရှေ့ဆောင်လုပ်လိုပါသည်။ အကြီးအကဲတစ်ဦးက သူ၏လောကီအလုပ်မသွားမီ နေ့စဉ် ဘူတာရုံတစ်ခု၏အနီးအနားတွင် လမ်းပေါ်သက်သေခံနိုင်ကြောင်း အကြံပြုခဲ့သည်။ သူ၏ရှက်ကြောက်စိတ်နှင့် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူအချို့၏ လှောင်ပြောင်သရော်မှုကို အနိုင်ယူပြီးနောက် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများ၊ ဘူတာလုပ်သားများနှင့် အနီးအနားရှိ ဆိုင်ပိုင်ရှင်များအပါအဝင် လူ ၄၀ ခန့်နှင့် မဂ္ဂဇင်းလမ်းကြောင်းရရှိခဲ့သည်။ သူသည် လစဉ် ပျမ်းမျှမဂ္ဂဇင်း ၂၃၅ စောင်ဝေငှခဲ့ရသည်။ သူသည် နေ့စဉ် အချိန်အနည်းငယ်အတွင်း လူတို့ကို ကျမ်းစာဆိုင်ရာ အချက်အလက်များဝေမျှခြင်းဖြင့် ကျမ်းစာသင်အံမှုခြောက်ခု စတင်နိုင်ခဲ့သည်။
၆။ လူငယ်တို့သည် မိမိတို့၏ဝိညာဉ်ရေးလုပ်ဆောင်မှုကို မည်သို့တိုးချဲ့နိုင်သနည်း။
၆ သက်သေခံရန်အခွင့်အရေးများ– ကျောင်းသားအရွယ် ကြေညာသူများစွာတွင် တစ်နှစ်အတွင်း ကျောင်းအားလပ်ရက်များရှိပါသည်။ ယင်းတို့သည် အရန်ရှေ့ဆောင်ရန် အချိန်အခါကောင်းများဖြစ်ပေမည်။ ထို့ပြင် ခရစ်ယာန်လူငယ်များသည် ကျောင်းတွင် သက်သေခံခြင်းဖြင့် သူတို့၏လုပ်ဆောင်မှုကို တိုးချဲ့နိုင်သည်။ သင်၏ယုံကြည်ချက်များနှင့်ပတ်သက်၍ သင်၏အတန်းဖော်များ မည်မျှသိလိုစိတ်ရှိကြောင်းကို သင် အံ့သြသွားပေမည်။ သက်သေခံရန် အတန်းဆွေးနွေးခန်းများ သို့မဟုတ် ကျောင်းစာစီစာကုံးများကို အသုံးချပါလေ။ အခြားသူများမူ ကျွန်ုပ်တို့၏ဗီဒီယိုခွေများကို အသုံးပြု၍ ထိုသို့သက်သေခံနိုင်ခဲ့ကြပြီ။ အချို့သူတို့မူ အတန်းဖော်များနှင့် ကျမ်းစာသင်အံမှုများစတင်ကာ သူတို့အား ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည်အထိ တိုးတက်ရန် ကူညီပေးခဲ့ကြပြီ။ ယင်းတို့သည် ‘ယေဟောဝါ၏နာမတော်ကို ချီးမွမ်း’ ရန် နည်းလမ်းကောင်းများဖြစ်သည်။—ဆာ. ၁၄၈:၁၂၊ ၁၃။
၇။ (က) ညီအစ်ကိုတစ်ဦးသည် အခြားသူများကိုသက်သေခံရန် အခွင့်အရေးများကို မည်သို့အသုံးချခဲ့သနည်း။ (ခ) သင်၌ အလားတူတွေ့ ကြုံမှုတစ်ခု ရှိခဲ့သလော။
၇ သင်၏နေ့စဉ်ပုံမှန်လုပ်ဆောင်မှုတွင် ကျွန်ုပ်တို့၏ကောင်းမြတ်သောဘုရားသခင်နှင့် ကိုယ်တော်၏ အံ့ချီးဖွယ်ကတိတော်များအကြောင်းကို လူတို့နှင့်ပြောဆိုရန် နည်းလမ်းများရှာပါ။ ညီအစ်ကိုတစ်ဦးသည် နေ့စဉ် ရထားအတူတူစီး၍ ခရီးဝေးအလုပ်ဆင်းရသော အလုပ်ဖော်များကို သင့်လျော်သည့်အချိန်တွင် သက်သေခံသည်။ ဥပမာ၊ ဘူတာတစ်ခုတွင် နောက်ရထားတစ်စင်းကို စောင့်နေစဉ် လူငယ်တစ်ဦးကို နေ့စဉ် ငါးမိနစ်ခန့် သက်သေခံသည်။ ရလဒ်အနေနှင့် ထိုလူငယ်နှင့် သူ၏အဖော်သည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ သူတို့ခရီးသွားနေစဉ် ရထားပေါ်တွင် ကျမ်းစာသင်အံမှုကျင်းပသည်။ နောက်ပိုင်းတစ်ချိန်တွင် သူတို့စကားပြောနေသည်ကို နားထောင်နေသော သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ညီအစ်ကိုထံချဉ်းကပ်ကာ သူ့ကို ကျမ်းစာသင်ပေးရန် တောင်းဆိုခဲ့သည်။ သူသည်လည်းရထားစီးသည့်နေ့များတွင် သင်အံမှု၌ပါဝင်ရ၍ ပျော်ရွှင်နေသည်။ ဤနည်းဖြင့် ညီအစ်ကိုသည် ရထားပေါ်တွင် ခရီးသွားနေစဉ် လူဆယ်ဦးဖြင့် သင်အံမှုကျင်းပနိုင်ခဲ့သည်။
၈။ မည်သည့်အမှုဆောင်နည်းက အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် ကျန်းမာရေးပြဿနာများကြောင့် အကန့်အသတ်ရှိသူများအား ဓမ္မအမှုတွင် တိုးချဲ့ပါဝင်နိုင်စေမည်နည်း။
၈ သင်သည် အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် ကျန်းမာရေးပြဿနာများကြောင့် အကန့်အသတ်ဖြင့်သာ လုပ်နိုင်လျှင်ကော အသို့နည်း။ ယေဟောဝါအား ချီးမွမ်းခြင်းကို သင်တိုးချဲ့နိုင်သောနည်းလမ်းများ ရှိမြဲရှိနေပေမည်။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းကို သင် စမ်းကြည့်ဖူးသလော။ ယင်းကို မည်သို့ပြုလုပ်ရမည်ကို အသေအချာမသိလျှင် သင်၏စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးအား ပြောပြပါ။ သင်နှင့်အတူအမှုဆောင်ရန် ဤနည်းကိုအသုံးပြုကြသည့် ကြေညာသူများအတွက် စီစဉ်ပေးနိုင်ပေမည်။ အတူတွဲဖက်အမှုဆောင်ခြင်းဖြင့် သင်သည် အချင်းချင်းထံမှသင်ယူနိုင်ကာ ထိရောက်စွာသက်သေခံရန် အချင်းချင်းကို ကူညီပေးနိုင်ပါသည်။
၉။ လူထုရှေ့ဓမ္မအမှုတွင် အသင်းတော်နှင့်အတူပါဝင်ရန် အရည်အချင်းပြည့်မီဖို့ ကျမ်းစာသင်သားများအား မည်သို့ကူညီပေးနိုင်သနည်း။
၉ အောက်မေ့ရာပွဲတက်ရောက်ခြင်းက ယေဟောဝါအား ပိုမိုချီးမွမ်းလိုစိတ်ရှိရန် လူသစ်များကို လှုံ့ဆော်ပေးနိုင်သည်။ သင်သည် သူတို့ကို အားရှိစရာလယ်ကွင်းလုပ်ငန်း တွေ့ကြုံမှုများပြောပြခြင်း၊ ကျမ်းစာသွန်သင်ချက်များကို ရှင်းပြတတ်ရန်နှင့် သူတို့၏ယုံကြည်ခြင်းကို ခုခံပြောဆိုတတ်ရန် အဆင့်ဆင့်လေ့ကျင့်ပေးခြင်းတို့ဖြင့် လုပ်ရိုးလုပ်စဉ်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ သူတို့တွင်ရှိနိုင်သည့် မည်သည့်ကြောက်ရွံ့စိတ်ကိုမဆို ပပျောက်စေရန် ကူညီပေးနိုင်သည်။ (၁ ပေ. ၃:၁၅) ကျမ်းစာသင်သားတစ်ဦးသည် သတင်းကောင်းကို စတင်ကြေညာလိုကြောင်းတင်ပြလာလျှင် ဦးစီးကြီးကြပ်မှူးနှင့် စကားပြောပါ။ သူသည် လူထုရှေ့ဓမ္မအမှုတွင် အသင်းတော်နှင့်အတူပါဝင်ရန် သင်သား၌ အရည်အချင်းပြည့်မီ၊ မမီပိုင်းဖြတ်ဖို့ သင်သားနှင့်တွေ့ဆုံမှုတစ်ခုကို စီစဉ်ပေးလိမ့်မည်။ စကြဝဠာအရေးကိစ္စတွင် ကိုယ်တော့်ဘက်ရပ်တည်ကြသည့် လူသစ်များကို တွေ့ရခြင်းသည် ယေဟောဝါ၏စိတ်တော်ကို မည်မျှရွှင်လန်းစေမည်တကား!
၁၀။ (က) ဇယားကောင်းတစ်ခုက အရန်ရှေ့ဆောင်လုပ်ရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။ (ခ) လွန်ခဲ့သည့်နှစ်က အောက်မေ့ရာပွဲရာသီအတွင်း သင် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သလော၊ မည်သို့အားဖြင့်နည်း။
၁၀ သင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော– အရန်ရှေ့ဆောင်အတွက် နာရီ ၅၀ သတ်မှတ်ချက်ကို အလေးအနက်ရှုမြင်သင့်၏။ (မ. ၅:၃၇) ယင်းက လယ်ကွင်းလုပ်ငန်းတွင် ပတ်စဉ်ပျမ်းမျှ ၁၂ နာရီအသုံးပြုရန် စီစဉ်ဖို့လိုမည်ဟု ဆိုလိုသည်။ စာမျက်နှာ ၅ ရှိ အရန်ရှေ့ဆောင်ဇယားနမူနာများမှ တစ်ခုသည် သင့်အခြေအနေနှင့် ကိုက်ညီသလော။ မကိုက်ညီလျှင် မတ်၊ ဧပြီ သို့မဟုတ် မေလတွင် အရန်ရှေ့ဆောင်လုပ်နိုင်စေမည့် ဇယားတစ်ခုကို သင် စီစဉ်နိုင်မည်လော။ သင်၏အမှုဆောင်လုပ်ငန်းတိုးချဲ့ရန် ကြိုးစားအားထုတ်မှုများကို ကောင်းချီးပေးဖို့ ယေဟောဝါအား တောင်းလျှောက်ပါ။—သု. ၁၆:၃။
၁၁။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အရန်ရှေ့ဆောင်များအဖြစ် အမှုဆောင်မည့်သူများကို မည်သို့ထောက်ပံ့ပေးနိုင်သနည်း။
၁၁ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ဤအောက်မေ့ရာပွဲရာသီကို ယေဟောဝါအား အထူးချီးမွမ်းသည့် ရာသီတစ်ခုဖြစ်စေရန် သင်၏ကြိုးပမ်းမှုများကို အပြည့်အဝထောက်ပံ့ကြလိမ့်မည်။ သူတို့ထဲမှများစွာသည် အရန်ရှေ့ဆောင်လုပ်ကြပေမည်။ အကြီးအကဲများသည် မွန်းလွဲနှောင်းပိုင်းများ၊ တနင်္လာမှသောကြာအထိ ညနေပိုင်းများနှင့် စနေ၊ တနင်္ဂနွေနေ့များ အစရှိသည့်အချိန်များတွင် အထူးလုပ်ငန်းတော်စုဆုံမှုများရှိရန် လိုအပ်သလို စီစဉ်ပေးပါမည်။ ထိုသို့သောစုဆုံမှုများကို မည်သည့်နေရာတွင်နှင့် မည်သည့်အချိန်တွင် ကျင်းပမည်၊ မည်သူက ဦးဆောင်မည်တို့ကို ဆုံးဖြတ်ရန် အကြီးအကဲများသည် ရှေ့ဆောင်လုပ်ရန် တိကျသောအစီအစဉ်ရှိထားသူများနှင့် သို့မဟုတ် ထိုသို့လုပ်ရန် စဉ်းစားနေသူတို့နှင့် စကားပြောဆိုကြပေမည်။ အကြီးအကဲများသည် အမှုဆောင်ရန် သင် စီစဉ်ထားပြီဖြစ်သည့် နေ့နှင့် အချိန်များတွင် သင်နှင့်အတူ အခြားသူများအမှုဆောင်နိုင်ရန် အစီအစဉ်များကို ကြိုးစားပြုလုပ်ပေးလိမ့်မည်။ ဤနည်းဖြင့် အစီအစဉ်များကို အတည်တကျချမှတ်နိုင်ကာ အကျိုးများစွာဖြစ်ထွန်းလာနိုင်သည်။—သု. ၂၀:၁၈။
၁၂။ မည်သည့်အရာက ယေဟောဝါအား အခါခပ်သိမ်း ချီးမွမ်းရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသနည်း။
၁၂ အတတ်နိုင်ဆုံးလုပ်ဆောင်ပါ– အရန်ရှေ့ဆောင်လုပ်ရန် သင်၏အခြေအနေများက ခွင့်မပြုလျှင် “မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍” ကျွန်ုပ်တို့၏ကြိုးစားမှုများနှင့် အနစ်နာခံမှုများကို ယေဟောဝါနှစ်သက်လက်ခံတော်မူကြောင်း သတိရပါ။ (၂ ကော. ၈:၁၂) ကျွန်ုပ်တို့တွင် ယေဟောဝါအား ကျေးဇူးတင်စရာများစွာရှိ၏။ အကြောင်းကောင်းရှိ၍ ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ်မြွက်ဆိုမည်။” (ဆာ. ၃၄:၁) ဤအောက်မေ့ရာပွဲရာသီအတွင်း ထိုအတိုင်း ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချနိုင်ကြပါစေ။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
သင်၏လုပ်ဆောင်မှုကို မည်သို့တိုးချဲ့မည်နည်း
◼ အိမ်တွင် လူများရှိသည့်အချိန်၌ ဟောပြောပါ
◼ လူအများရှိသည့်နေရာများတွင် သက်သေခံပါ
◼ အလုပ်တွင် သို့မဟုတ် ကျောင်းတွင် သက်သေခံပါ
◼ တယ်လီဖုန်းဖြင့် သက်သေခံပါ
◼ အရန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ပါ
[စာမျက်နှာ ၅ ပါ ဇယား]
အရန်ရှေ့ဆောင်ဇယားနမူနာများ
ပတ်စဉ်လယ်ကွင်းလုပ်ငန်းအတွက် ၁၂ နာရီဇယားဆွဲရန် နည်းလမ်းများ
နံနက်ပိုင်း—တနင်္လာမှ စနေအထိ
တနင်္ဂနွေနေ့ကို မည်သည့်နေ့နှင့်မဆို အစားထိုးနိုင်သည်။
နေ့ အချိန် နာရီ
တနင်္လာ နံနက်ပိုင်း ၂
အင်္ဂါ နံနက်ပိုင်း ၂
ဗုဒ္ဓဟူး နံနက်ပိုင်း ၂
ကြာသပတေး နံနက်ပိုင်း ၂
သောကြာ နံနက်ပိုင်း ၂
စနေ နံနက်ပိုင်း ၂
စုစုပေါင်း နာရီ– ၁၂
နှစ်ရက်အပြည့်
ရက်သတ္တပတ်၏မည်သည့်နှစ်ရက်ကိုမဆို ရွေးနိုင်သည်။ (ရွေးသည့်နေ့များအပေါ်မူတည်၍ ဤဇယားသည် လအတွက် စုစုပေါင်း ၄၈ နာရီသာရှိမည်။)
နေ့ အချိန် နာရီ
ဗုဒ္ဓဟူး တစ်နေ့လုံး ၆
စနေ တစ်နေ့လုံး ၆
စုစုပေါင်း နာရီ– ၁၂
ညနေပိုင်းနှစ်ရက်နှင့် စနေ၊ တနင်္ဂနွေ
တနင်္လာမှသောကြာအတွင်း မည်သည့်ညနေပိုင်းနှစ်ရက်ကိုမဆို ရွေးနိုင်သည်။
နေ့ အချိန် နာရီ
တနင်္လာ ညနေပိုင်း ၁၁/၂
ဗုဒ္ဓဟူး ညနေပိုင်း ၁၁/၂
စနေ တစ်နေ့လုံး ၆
တနင်္ဂနွေ နေ့တစ်ဝက် ၃
စုစုပေါင်း နာရီ– ၁၂
မွန်းလွဲပိုင်းသုံးရက်နှင့် စနေနေ့
တနင်္ဂနွေနေ့ကို မည်သည့်နေ့နှင့်မဆို အစားထိုးနိုင်သည်။
နေ့ အချိန် နာရီ
တနင်္လာ မွန်းလွဲပိုင်း ၂
ဗုဒ္ဓဟူး မွန်းလွဲပိုင်း ၂
သောကြာ မွန်းလွဲပိုင်း ၂
စနေ တစ်နေ့လုံး ၆
စုစုပေါင်း နာရီ– ၁၂
ကျွန်ုပ်၏ကိုယ်ပိုင်လုပ်ငန်းတော်ဇယား
အချိန်တစ်ခုစီအတွက် နာရီအရေအတွက်ကို ဆုံးဖြတ်ပါ။
နေ့ အချိန် နာရီ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ကြာသပတေး
သောကြာ
စနေ
တနင်္ဂနွေ
စုစုပေါင်း နာရီ– ၁၂