နိုင်ငံတော်ခန်းမဆောက်လုပ်ရေး—မြင့်မြတ်သောလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခု
၁။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွင် အဘယ်အရာများ ပြီးမြောက်ခဲ့ပြီနည်း၊ သို့သော် အဘယ်အရာလိုအပ်နေသေးသနည်း။
၁ လွန်ခဲ့သောငါးနှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံတော်ခန်းမအလုံး ၃၀ ကိုဆောက်လုပ်ခဲ့ပြီး ၃ လုံးကို ပုံစံသစ်ဖြင့် ပြန်ဆောက်လုပ်ကာ ၁၄ လုံးကိုမူ ပြန်လည်ပြုပြင်ခဲ့သည်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးဌာနစိတ်နှင့် ၎င်းကို ကူညီပေးခဲ့သူအားလုံး၏ ကြိုးစားလုပ်ဆောင်မှုအတွက် ကျွန်ုပ်တို့ အမှန်ပင်ကျေးဇူးတင်ကြသည်။ များစွာလုပ်ဆောင်ပြီးမြောက်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွင် လုပ်စရာများစွာရှိနေသေး၏။ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏ မြင့်မြတ်သောလုပ်ငန်းဆိုင်ရာ ဤအရေးပါသည့်ကဏ္ဍကို မည်သို့ကူညီပံ့ပိုးနိုင်သနည်း။—ဗျာ. ၇:၁၅။
၂။ ကျွန်ုပ်တို့သည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းကို မည်သို့ တိုက်ရိုက်ကူညီပံ့ပိုးနိုင်သနည်း။
၂ လိုလိုလားလားရှိပါ– သင်သည် နှစ်ခြင်းခံပြီးသော ကြေညာသူတစ်ဦးဖြစ်လျှင် နိုင်ငံတော်ခန်းမစေတနာ့ဝန်ထမ်း လုပ်သားမေးခွန်းလွှာ တစ်စောင်ကို ဖြည့်ခြင်းဖြင့် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးဌာနစိတ်နှင့်အတူ စေတနာ့ဝန်ထမ်းလုပ်ဆောင်ရန် သင့်အား ဖိတ်ခေါ်ပါသည်။ (ဆာ. ၁၁၀:၃၊ ကဘ) စေတနာ့ဝန်ထမ်းအားလုံးသည် လိုလိုလားလားရှိသည့် လုပ်သားများဖြစ်ရုံမက ပူးပေါင်းဆောင်ရွက်လိုစိတ်လည်းရှိရမည်။ (ဆာ. ၁၃၃:၁) သင်၌ ဆောက်လုပ်ရေးအတတ်ပညာပိုင်း ကျွမ်းကျင်မှုများမရှိလျှင်ပင် ဆောက်လုပ်ရေးစီမံကိန်းအောင်မြင်ရန် များစွာကူညီပေးနိုင်ဆဲဖြစ်သည်။ သင်သည် နောင်တွင် ပို၍ကျယ်ကျယ်ပြန့်ပြန့် အသုံးတော်ခံရနိုင်စေမည့် လေ့ကျင့်မှုကိုလည်း ရရှိပေမည်။
၃။ ဤအစီအစဉ်ကို ကျွန်ုပ်တို့ ကူညီပံ့ပိုးကြောင်း အခြားမည်သည့်နည်းများဖြင့် ပြသနိုင်သနည်း။
၃ သင်သည် စေတနာ့ဝန်ထမ်းမလုပ်နိုင်လျှင် ထိုအစီအစဉ်တွင် ပါဝင်နိုင်သူများကို အားပေးခြင်းဖြင့် သင်၏ကူညီပံ့ပိုးမှုကို ပြသနိုင်သည်။ သင်သည် အဝေးသို့သွားနေရသည့် ထိုသူတို့၏ အသင်းတော်တာဝန်များကို ထမ်းဆောင်ပေးခြင်းဖြင့် ကူညီနိုင်သည်။ ကြိုတင်စီစဉ်မှုရှိခြင်းဖြင့် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းတွင် တချို့သူတို့လုပ်ဆောင်နေချိန်၌ အသင်းတော်ကို ကောင်းစွာကြည့်ရှုပေးကြောင်း အကြီးအကဲများ သေချာစေနိုင်သည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန် စည်းလုံးစွာ အတူတကွလုပ်ဆောင်ကြသည့်အခါ ယေဟောဝါအားရနှစ်သက်မည်မှာ သေချာသည်။—ဟေဗြဲ ၁၃:၁၆။
၄ နိုင်ငံတော်ခန်းမဆောက်လုပ်ရေး စီမံကိန်းများတွင် ပါဝင်သူများအပေါ် အပြုသဘောရှိကြောင်း ကျွန်ုပ်တို့မည်သို့ပြသနိုင်သနည်း။
၄ အပြုသဘောရှိပါ– ဝတ်ပြုသည့်နေရာများဆောက်လုပ်ရန် အချိန်များစွာအကုန်ခံပြီး ကြိုးစားလုပ်ဆောင်ဖို့လိုသည်။ ထို့ကြောင့် ဆောက်လုပ်ရေးစီမံကိန်းများတွင် ကူညီရန် ဖိတ်ခေါ်ခံရသူများသည် တစ်ခါတစ်ရံ မိမိတို့၏ မိခင်အသင်းတော်နှင့်ဝေးရာသို့ သွားကြရမည်ဖြစ်သည်။ ဤ “အမှု” ကိုဆောင်ရွက်ရန် ကိုယ်ကျိုးစွန့်ကြသည့် ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်းများအား ချီးမွမ်း၊ အားပေးရန် အသင့်ရှိနိုင်ကြပါစေ။—တ. ၆:၃; ရော. ၁၄:၁၉။
၅။ ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်းများသည် ဟန်ချက်ညီကြောင်း မည်သို့ပြသနိုင်သနည်း။
၅ ဟန်ချက်ညီပါ– ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောခြင်းသည် ကျွန်ုပ်တို့၏ အဓိက သီအိုကရက်တစ်လုပ်ငန်းဖြစ်သည်။ (မာ. ၁၃:၁၀) ယင်းကိုစွဲမှတ်ထားလျက် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးဌာနစိတ်သည် စေတနာ့ဝန်ထမ်းများအား ၎င်းတို့၏အသင်းတော်မှ မလိုအပ်ဘဲ အဝေးသို့မသွားရစေရန် စီမံကိန်းများရေးဆွဲဖို့ ကြိုးစားသည်။ ထို့နည်းတူ၊ ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်းများသည် မိမိတို့၏တာဝန်များစွာကို ထမ်းဆောင်ရာတွင် ဟန်ချက်ညီရန် ကြိုးစားကြသည်။ သူတို့သည် အဝေးတွင်ရောက်နေသည့်အခါ မိမိတို့၏အသင်းတော်တာဝန်များကို ထမ်းဆောင်ပေးနေသူရှိဖို့ သေချာစေရန် လိုအပ်သည့် အစီအစဉ်များပြုလုပ်ကြသည်။
၆။ စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် အသင်းတော်သားအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသည့်အခါ အဘယ်အရာများကို ပြီးမြောက်စေသနည်း။
၆ တမန်တော်ပေါလုသည် “မိမိကိုယ်ကို မေတ္တာ၌တည်ဆောက်ခြင်းငှာ ကြီးပွားစေ” ရန် စည်းလုံးစွာ အတူတကွလုပ်ဆောင်ကြသည့် အသင်းတော်သားများအကြောင်း ဖော်ပြခဲ့သည်။ (ဧ. ၄:၁၆) ယေဟောဝါနှင့် စစ်မှန်သောဝတ်ပြုရေးအပေါ် ကျွန်ုပ်တို့၏ချစ်မြတ်နိုးမှုက သတင်းကောင်းဟောပြောရန်နှင့် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို ကူညီပံ့ပိုးရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။