ဘရိုရှာများ—ဓမ္မအမှုအတွက် တန်ဖိုးရှိကိရိယာများ
၁ နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့ဟောပြောရမည့်သူများ၏ ဝိညာဏလိုအပ်ရာများကို ကျွမ်းကျင်စွာဖြည့်ဆည်းပေးရန် အကူအညီဖြစ်စေသည့် ဘရိုရှာအမျိုးမျိုးရှိသည်။ (သု. ၂၂:၂၉) တစ်အိမ်တွင် စိတ်ဆင်းရဲနေသူတစ်ဦးနှင့် တွေ့ဆုံပေမည်။ နောက်တစ်အိမ်မှ အိမ်ရှင်က ဖြောင့်မတ်မှန်ကန်သော အုပ်ချုပ်ရေးကို လိုလားတမ်းတနေမည်။ အခြားတစ်ဦးမှာမူ ဘဝရည်ရွယ်ချက်ရှိမရှိ သိလိုပေမည်။ ထိုသူတို့အား ကူညီနိုင်ရန် ဘရိုရှာများကို မည်သို့အသုံးပြုနိုင်မည်နည်း။
၂ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို ဝေငှသည့်အခါ ဤသို့ပြောဆိုလိုပေမည်–
▪ “တချို့သူတွေက ကမ္ဘာပေါ်ရှိတဲ့ ဆင်းရဲဒုက္ခနဲ့ မတရားမှုကိုမြင်ပြီး ဘုရားကို အပြစ်ဖို့ချင်ကြတယ်။ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုသာ တကယ်ဂရုစိုက်တယ်ဆိုရင် ဆင်းရဲဒုက္ခတွေကို အဆုံးတိုင်စေမှာပေါ့ဆိုပြီး ယူဆကြတယ်။ ခင်ဗျားကော ဘယ်လိုသဘောရသလဲ။ [ဖြေဆိုပါစေ။] ကျွန်တော်တို့ကို ဘုရားသခင် တကယ်ဂရုစိုက်တယ်လို့ ဆာလံ ၇၂:၁၂-၁၄ ကဆိုတယ်။ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေက ဘုရားသခင်ကြောင့် မဟုတ်ဘူး။ မတရားတဲ့သူတွေကို မကြာခင် ဖယ်ရှင်းပစ်မယ်လို့ ဘုရားသခင်ကတိပေးထားတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဆိုတဲ့ ဒီဘရိုရှာက ကိုယ်တော်လုပ်ဆောင်မယ့်အရာနဲ့ ကျွန်တော်တို့ ဘယ်လိုအကျိုးခံစားရမယ်ဆိုတဲ့အကြောင်းကို ဖော်ပြထားတယ်။” စာမျက်နှာ ၂၇၊ အပိုဒ် ၂၂ ပါအကြောင်းများကို ဆက်ဆွေးနွေးနိုင်သည်။
၃ “ဘဝရည်ရွယ်ချက်” ဘရိုရှာကို အသုံးပြုမည်ဆိုလျှင် ဤသို့အစပျိုးလိုပေမည်–
▪ “လူတိုင်းလိုလို တစ်ချိန်ချိန်မှာ ဘဝရည်ရွယ်ချက်အကြောင်း စဉ်းစားတတ်ကြတယ်။ အနှစ် ၇၀၊ ၈၀ ပဲအသက်ရှင်ပြီး သင်္ချိုင်းကိုရောက်သွားဖို့လား။ ဒါမှမဟုတ် ဘဝဟာ ဒီထက် အဓိပ္ပာယ်ရှိသေးသလား။ ခင်ဗျား ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူနဲ့ကမ္ဘာမြေအတွက် ဘုရားသခင်ရဲ့ တကယ်ကောင်းတဲ့ရည်ရွယ်ချက်ကို ဆာလံ ၃၇:၂၉ မှာ တွေ့ရတယ်။” ကျမ်းချက်ကိုဖတ်ရှုပြီးနောက် စာမျက်နှာ ၃၁ ပါရုပ်ပုံကိုဖွင့်၍ ပရဒိသုတွင် အသက်ရှင်ရခြင်းသည် မည်သို့မည်ပုံဖြစ်မည့်အကြောင်း ဆက်ရှင်းပြပါ။
၄ “ကမ္ဘာသားဘဝ” ဘရိုရှာကိုအသုံးပြုရာတွင် ဤသို့ချဉ်းကပ်လိုပေမည်–
◼ “ထာဝစဉ်အသက်ရှင်နိုင်ဖို့ ကောင်းကင်သွားရမယ်လို့ လူအများက ထင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတာကို ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ထာဝရအသက်ရနိုင်တယ်လို့ ကျမ်းစာက အာမခံထားပြီး ဘယ်လိုရရှိနိုင်တယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပြပါ။ ထို့နောက် အိမ်ရှင်အား ရုပ်ပုံ ၄၉ ကိုပြကာ “ဒီလိုကမ္ဘာမျိုးမှာ နေချင်သလား” ဟုမေးပါ။ ဘရိုရှာကိုဝေငှပြီး ပြန်လည်ပတ်ရန် စီစဉ်ပါ။
၅ ဘရိုရှာများသည် အခန့်သင့်အကြောင်းများကို ဖော်ပြပြီး လူတို့၏မေးခွန်းများကို ဖြေဆိုပေး၍ စိတ်သက်သာမှုလည်း ပေးသည်။ ဤကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့် စိတ်ရင်းမှန်သူတို့အား “သမ္မာတရားကိုသိစေ” ပါလိမ့်မည်။—၁ တိ. ၂:၄။