မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ
၁။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ နမူနာတင်ဆက်နည်းများကို အလွတ်မှတ်ထားမည့်အစား ယင်းတို့ကို ကိုယ်ပိုင်ပြင်ဆင်ခြင်းက အဘယ်ကြောင့် ပိုကောင်းသနည်း။
၁ ‘ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုလထုတ်တိုင်းမှာ မဂ္ဂဇင်းတင်ဆက်နည်းတွေပါတဲ့အတွက် ဘာကြောင့် ကိုယ်ပိုင်ပြင်ဆင်ရမှာလဲ’ ဟုသင်တွေးမိပေမည်။ ထိုနမူနာတင်ဆက်နည်းများသည် အထောက်အကူပြုသော်လည်း ကိုယ်ပိုင်ပြင်ဆင်ရန် လိုအပ်ဆဲဖြစ်သည်။ ဒေသတစ်ခုတွင် ထိရောက်သောတင်ဆက်နည်းသည် အခြားဒေသတွင် လက်တွေ့မကျဘဲဖြစ်နိုင်သည်။ ထို့ကြောင့် နမူနာတင်ဆက်နည်းများအတိုင်း အတိအကျ တင်ဆက်ရမည်ဟု မယူဆသင့်ပါ။ နမူနာတင်ဆက်နည်းတစ်ခုကို ရွေးချယ်သည့်တိုင် ကိုယ်ပိုင်စကားဖြင့် ပြောဆိုခြင်းက အကောင်းဆုံးဖြစ်သည်။
၂။ တင်ဆက်မည့်ဆောင်းပါးကို ရွေးချယ်ရာတွင် အဘယ်အရာများ ထည့်စဉ်းစားရမည်နည်း။
၂ ဆောင်းပါးတစ်ခုကို ရွေးချယ်ပါ– မဂ္ဂဇင်းတစ်စောင်ကိုဖတ်ပြီးနောက် သင့်ဒေသနှင့်သက်ဆိုင်သော၊ သင်အထူးနှစ်ခြိုက်သော ဆောင်းပါးတစ်ခုကို ရွေးချယ်ပါ။ ထိုဆောင်းပါးကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အားတက်သရောတင်ဆက်ခြင်းက အိမ်ရှင်ကိုလည်း ဖတ်ရှုလိုစိတ်ဖြစ်ပေါ်စေပေမည်။ ဒေသခံရပ်ကွက်နှင့်အထူးသက်ဆိုင်သော ဆောင်းပါးတစ်ခုကို သင်ဖော်ပြမည်ဖြစ်သော်လည်း မဂ္ဂဇင်းပါ အခြားဆောင်းပါးများကိုလည်း ကောင်းစွာဖတ်ရှုထားပါ။ ယင်းက အခြားအကြောင်းအရာများကို ပိုစိတ်ဝင်စားသူများနှင့်တွေ့ဆုံသည့်အခါ သင့်တင်ဆက်မှုကို အလိုက်သင့်ပြောင်းလဲစေနိုင်သည်။
၃။ အကောင်းဆုံးရလဒ်ရရှိရန် အဘယ်နိဒါန်းကို သင်အသုံးပြုသနည်း။
၃ မေးခွန်းတစ်ခုမေးပါ– ထို့နောက် နိဒါန်းကို အသေအချာပြင်ဆင်ပါ။ နိဒါန်းသည် အရေးကြီး၏။ စဉ်းစားစေသောမေးခွန်းမေးခြင်းက သင်တင်ဆက်မည့်ဆောင်းပါးကို စိတ်ဝင်စားစေရန် အထောက်အကူပြုနိုင်သည်။ သဘောထားမေးခွန်းမေးခြင်းက အကောင်းဆုံးဖြစ်လေ့ရှိသည်။ အိမ်ရှင်ကို အနေရခက်စေမည့်၊ အငြင်းအခုံဖြစ်စေမည့်မေးခွန်းများကို ရှောင်ပါ။
၄။ အခြေအနေခွင့်ပြုလျှင် အိမ်ရှင်ကို ကျမ်းချက်တစ်ချက်ဖတ်ပြခြင်းက အဘယ်အကျိုးကျေးဇူးများရရှိစေသနည်း။
၄ ကျမ်းချက်တစ်ချက်ဖတ်ပါ– နောက်ဆုံး၊ အခြေအနေခွင့်ပြုပါက ဆောင်းပါးတွင်ပါသော ကျမ်းချက်တစ်ချက် ဖတ်ပြပါ။ ကျမ်းချက်ဖတ်ပြခြင်းက ကျွန်ုပ်တို့၏သတင်းတရားသည် သမ္မာကျမ်းစာမှဖြစ်ကြောင်း အိမ်ရှင်ကို သိမြင်စေသည်။ (၁ သက်. ၂:၁၃) မဂ္ဂဇင်းကိုလက်မခံလျှင်ပင် ကျမ်းချက်က သူ့အတွက် သက်သေခံချက်တစ်ရပ်ဖြစ်ပေမည်။ အချို့သည် မေးခွန်းတစ်ခုမမေးမီ ကျမ်းချက်ဖတ်ပြခြင်းဖြင့် အိမ်ရှင်၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ကြသည်။ ကျမ်းစာမဖတ်မီ “ဒီကျမ်းချက်နဲ့ပတ်သက်တဲ့ မိတ်ဆွေရဲ့သဘောထားကို သိပါရစေ” ဟုပြောနိုင်သည်။ ထို့နောက် ကျမ်းချက်နှင့်သက်ဆိုင်သည့် မဂ္ဂဇင်းမှအချက်ကို အာရုံစိုက်စေပြီး စိတ်ဝင်စားမှုနှိုးဆွပေးသည့်အရာအချို့ ပြောပြပါ။
၅။ မဂ္ဂဇင်းတင်ဆက်နည်းတစ်ခုပြင်ဆင်ရာတွင် အဘယ်အခြေခံအချက်များကို စိတ်စွဲမှတ်ထားသင့်သနည်း။
၅ မဂ္ဂဇင်းဝေငှရာတွင် အဘယ်အရာပြောဆိုရမည်နှင့်ပတ်သက်သည့် စည်းကမ်းချက်များမရှိပါ။ ရိုးရှင်းပြီး တိုတုတ်သောတင်ဆက်မှုများက အကောင်းဆုံးဖြစ်လေ့ရှိသည်။ သင့်အတွက်အဆင်ပြေပြီး ရလဒ်ကောင်းများရရှိစေသည့် ချဉ်းကပ်နည်းကို သုံးပါ။ မဂ္ဂဇင်း၏ ထူးမြတ်လှသောတန်ဖိုးကို အာရုံစိုက်ပါ။ ထက်သန်စွာတင်ဆက်ပါ။ သင်ကောင်းစွာပြင်ဆင်ပါက “ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသောသူရှိသမျှ” ကို ကင်းမျှော်စင်နှင့်နိုးလော့!ဝေငှရာတွင် ပိုထိရောက်မည်ဖြစ်သည်။—တ. ၁၃:၄၈။