“စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏”
၁ စုံစမ်းနှောင့်ယှက်ခြင်းများကို ခရစ်ယာန်အားလုံး ရင်ဆိုင်ကြရသည်။ (၂ တိ. ၃:၁၂) ကျန်းမာရေးမကောင်းခြင်း၊ စီးပွားရေးမပြေလည်ခြင်း၊ သွေးဆောင်မှု၊ နှိပ်စက်ညှဉ်းပန်းမှုခံရခြင်း သို့မဟုတ် အခြားနည်းများဖြင့် စုံစမ်းနှောင့်ယှက်ခြင်းများကို ရင်ဆိုင်ရပေမည်။ ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့အရှိန်လျော့သွားစေရန်၊ ခရစ်ယာန်ဓမ္မအမှုကို လျစ်လျူရှုစေရန် သို့မဟုတ် ဘုရားသခင့်အမှုတော် မထမ်းဆောင်တော့သည့်အထိ ဖြစ်သွားစေရန် ရည်ရွယ်၍ စုံစမ်းနှောင့်ယှက်ခြင်းများကို စာတန်ဖြစ်ပေါ်စေသည်။ (ယောဘ ၁:၉-၁၁) စုံစမ်းနှောင့်ယှက်ခြင်းများကို သည်းခံခြင်းသည် မည်သည့်နည်းဖြင့် ပျော်ရွှင်စေသနည်း။—၂ ပေ. ၂:၉၊ ၁၀။
၂ စုံစမ်းနှောင့်ယှက်မှုများအတွက် အသင့်ပြင်ပါ– ယေရှု၏ဘဝနှင့်သွန်သင်ချက်များပါဝင်သော သမ္မာကျမ်းစာကို ယေဟောဝါ ပြင်ဆင်ပေးထားသည်။ ယေရှု၏မိန့်ဆိုချက်များကို နားထောင်လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ခိုင်မာသောတိုက်မြစ်ချကာ စုံစမ်းနှောင့်ယှက်မှုများအတွက် အသင့်ပြင်ဆင်ကြသည်။ (လု. ၆:၄၇-၄၉) ခရစ်ယာန်ညီအစ်ကိုညီအစ်မများ၊ အသင်းတော်အစည်းအဝေးများ၊ သစ္စာနှင့်သတိပညာရှိကျွန်မှ ပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေများစသည့် ပြင်ဆင်ပေးချက်များမှလည်း ကျွန်ုပ်တို့ခွန်အားရရှိကြသည်။ ဘုရားပေးဆုကျေးဇူးဖြစ်သော ဆုတောင်းခြင်းအခွင့်ကိုလည်း လွတ်လပ်စွာအသုံးပြုကြသည်။—မ. ၆:၁၃။
၃ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့ကို မျှော်လင့်ချက်ပေးထားသည်။ ယေဟောဝါ၏ကတိတော်များကို အခိုင်အမာယုံကြည်သောအခါ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် “မြဲမြံခိုင်ခံ့သောစိတ်နှလုံး၏ကျောက်ဆူးကဲ့သို့” ဖြစ်လာသည်။ (ဟေဗြဲ ၆:၁၉) ကျမ်းစာခေတ်တွင် ရွက်သင်္ဘောများသည် ရာသီဥတုကောင်းချိန်တွင်ပင် ကျောက်ဆူးမပါဘဲ ရွက်မလွှင့်ကြပေ။ ရုတ်တရက် မုန်တိုင်းကျရောက်သောအခါ ကျောက်ဆူးချခြင်းက သင်္ဘောကို ကျောက်ဆောင်များနှင့်မရိုက်မိစေရန် ကာကွယ်ပေးနိုင်သည်။ အလားတူ၊ ဘုရားသခင့်ကတိတော်များအပေါ် ယုံကြည်ခြင်းကို ယခုတည်ဆောက်နေခြင်းဖြင့် ဒုက္ခမုန်တိုင်းများကြုံရသောအခါ ကျွန်ုပ်တို့ကို မြဲမြံခိုင်ခံ့စေပါလိမ့်မည်။ အခက်အခဲပြဿနာများသည် ရုတ်တရက် ပေါ်ပေါက်လာနိုင်သည်။ လုတ္တရမြို့တွင် ပေါလုနှင့်ဗာနဗ၏ဟောပြောခြင်းလုပ်ငန်းသည် အစတွင် အောင်မြင်သော်လည်း ဂျူးဆန့်ကျင်သူများရောက်လာသောအခါ အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားသည်။—တ. ၁၄:၈-၁၉။
၄ သည်းခံခြင်းက ပျော်ရွှင်စေ– ဓမ္မအမှုတွင် ဆန့်ကျင်မှုများကြုံရငြား ဆက်လက်တည်ကြည်နေခြင်းက စိတ်ငြိမ်သက်မှုရှိစေသည်။ ခရစ်တော်ကြောင့် အရှက်ကွဲခြင်းကိုခံထိုက်သည်ဟု ယူမှတ်ခံရသောအခါ ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ (တ. ၅:၄၀၊ ၄၁) စုံစမ်းနှောင့်ယှက်မှုများကို သည်းခံခြင်းသည် နှိမ့်ချမှု၊ နာခံမှုနှင့် ခံနိုင်ရည်တို့ကို သာ၍တိုးပွားစေသည်။ (တရား. ၈:၁၆; ဟေဗြဲ ၅:၈; ယာ. ၁:၂၊ ၃) ယင်းက ယေဟောဝါကိုမှီခိုအားထားရန်၊ ကိုယ်တော့်ကတိတော်များကို ယုံကြည်စိတ်ချရန်၊ ကိုယ်တော့်ကိုခိုလှုံရန် သင်ပေးသည်။—သု. ၁၈:၁၀။
၅ စုံစမ်းနှောင့်ယှက်မှုများသည် ခေတ္တသာဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ (၂ ကော. ၄:၁၇၊ ၁၈) စုံစမ်းနှောင့်ယှက်မှုများက ယေဟောဝါကို ကျွန်ုပ်တို့မည်မျှချစ်ကြောင်း ဖော်ပြခွင့်ရရှိစေသည်။ ယင်းတို့ကို ခံရပ်ခြင်းဖြင့် စာတန်၏စွပ်စွဲမှုများကို ချေပနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အရှုံးမပေးကြပါ! “စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။”—ယာ. ၁:၁၂။