အောက်မေ့ရာပွဲအတွက် စေ့စေ့စပ်စပ် ပြင်ဆင်ပါ
နှစ်စဉ် ယေရှုခရစ်၏သေခြင်း အောက်မေ့ရာပွဲကျင်းပသည့် ညအတွက် စေ့စေ့စပ်စပ်ပြင်ဆင်ရခြင်းသည် ခရစ်တော်၏နောက်လိုက်များအတွက် ပျော်ရွှင်ဖွယ်နှင့် ဂုဏ်ယူဖွယ်ဖြစ်သည်။ (လု. ၂၂:၁၉) အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာတွင် အဘယ် လက်တွေ့ကျသည့်အရာများကို ပြုလုပ်သင့်သနည်း။
◼ အချိန်နှင့်နေရာ– အောက်မေ့ရာပွဲကျင်းပမည့် အချိန်နှင့်နေရာ အတိအကျကို လူတိုင်း ရှင်းရှင်းလင်းလင်း သိထားသင့်ပါသည်။ အကယ်၍ နိုင်ငံတော်ခန်းမတွင် အသင်းတော်တစ်ခုထက်မက စည်းဝေးမည်ဆိုလျှင် အစည်းအဝေးတစ်ခုနှင့်တစ်ခုစပ်ကြားတွင် အချိန်ကို ကန့်သတ်ထားသောကြောင့် အချိန်မီရောက်ရှိပြီး အစီအစဉ်တကျ ထွက်ခွာရန် အရေးကြီးပါသည်။ တံခါးဝ၊ ဧည့်ခန်း၊ လူသွားစင်္ကြံနှင့် ကားရပ်သည့်နေရာတို့တွင် မလိုအပ်ဘဲ လူများပြွတ်သိပ်မနေစေရန် ကြိုးစားသင့်သည်။
◼ ဖိတ်စာများ– ကြေညာသူအားလုံး ဖိတ်စာများ ရရှိထားကြပြီလော၊ ယင်းတွင်ပါဝင်သည့်အကြောင်းအရာများနှင့် သူတို့အကျွမ်းတဝင်ရှိသလော။ ယင်းဖိတ်စာအား မည်သို့တင်ဆက်မည်ကို အစမ်းလေ့ကျင့်ပြီးပြီလော။ မည်သူ့ကို ဖိတ်စာဝေငှမည်နည်း။ ဖိတ်စာအားလုံးဝေငှနိုင်ရန် ကြိုးစားအားထုတ်သင့်ပါသည်။
◼ သယ်ယူပို့ဆောင်ရေး– စိတ်ဝင်စားသူအချို့အပြင် ညီအစ်ကို၊ ညီအစ်မအတော်များများကိုလည်း အကြိုအပို့လုပ်ပေးရန် သို့မဟုတ် အခြားအကူအညီများပေးရန် လိုအပ်ပေမည်။ သူတို့၏လိုအပ်ရာများကို ဂရုစိုက်ရန် အဘယ်အစီအစဉ်များ ပြုလုပ်ပြီးပြီနည်း။
◼ အထိမ်းအမှတ်များ– အထိမ်းအမှတ်များကို နေမဝင်မချင်း လက်ဆင့်ကမ်းမည်မဟုတ်ကြောင်း သေချာစေပါ။ အိုမင်းမစွမ်းဖြစ်၍ မတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို အထိမ်းအမှတ်များကမ်းရန် စီစဉ်ထားသင့်သည်။ သင့်လျော်သောမုန့်နှင့် ဝိုင်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—ဖေဖော်ဝါရီ ၁၅၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စ. ၁၄-၁၅၊ ပိုဒ်. ၁၄၊ ၁၇ ရှု။
◼ နိုင်ငံတော်ခန်းမ– ခန်းမကို ကြိုတင်၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။ ပန်းကန်၊ ဝိုင်ခွက်၊ သင့်လျော်သည့်စားပွဲနှင့် စားပွဲခင်းတို့ကို ခန်းမသို့ယူလာပြီး ကြိုတင်နေရာချထားသင့်သည်။ အစည်းအဝေးနေရာနောက်တစ်ခုကို အသုံးပြုမည်ဆိုလျှင် တက်ရောက်သူအားလုံး ဟောပြောသူ၏ အသံကိုကြားနိုင်ရန် ကောင်းမွန်သောအသံစနစ်ရှိထားဖို့ သေချာစေပါ။ ဧည့်ကြိုများနှင့် မုန့်၊ ဝိုင်ကမ်းမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များ၊ လိုက်နာရမည့်လုပ်ထုံးလုပ်နည်း၊ သိက္ခာရှိရှိ ဝတ်စားဆင်ယင်ရန်လိုအပ်မှုတို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
ကျွန်ုပ်တို့သည် ဤအရေးကြီးဆုံး အခါသမယဖြစ်သည့် ယေရှုခရစ်၏ သေခြင်းအောက်မေ့ရာပွဲတွင် တစ်ဦးချင်းစီအနေနှင့်ရော အသင်းတော်အနေနှင့်ပါ စေ့စေ့စပ်စပ် ပြင်ဆင်လိုကြပါသည်။ မိမိချစ်မြတ်နိုးသည့်သားတော် ယေရှုခရစ်၏ပူဇော်သကာမှတစ်ဆင့် လူသားအားလုံးအတွက် ယေဟောဝါပြင်ဆင်ပေးရာများအား လှိုက်လှဲစွာ ကျေးဇူးတင်လေးမြတ်ကြောင်း ပြသသူအားလုံးကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးသွန်းလောင်းမည်မှာ သေချာပါသည်။