သင်၏သွန်သင်ခြင်းတွင် သွေးဆောင်မှုရှိပါ
၁ တမန်တော်ပေါလုကဲ့သို့ ထိရောက်သောဓမ္မအမှုဆောင်များသည် “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်” ရာတွင် သမ္မာကျမ်းစာမှ ကိုးကားရုံထက်မကပါဝင်ကြောင်း နားလည်သဘောပေါက်ကြသည်။ (၂ တိ. ၂:၁၅) သမ္မာကျမ်းစာကိုသုံး၍ သွန်သင်ရာတွင် “သွေးဆောင်” နိုင်စွမ်းကို မည်သို့အသုံးပြုနိုင်သနည်း။—တ. ၂၈:၂၃။
၂ သမ္မာကျမ်းစာက ပြောပါစေ– ဦးစွာ၊ ကျမ်းစာတွင် ဘုရားသခင်၏ဉာဏ်ပညာပါရှိကြောင်း နားထောင်သူကောင်းစွာသဘောပေါက်နိုင်ရန် ကျမ်းစာကို တိုက်ရိုက်အာရုံစိုက်စေပါ။ သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုက ဖတ်နေသည့်ကျမ်းချက်ကို နားထောင်သူတို့ဂရုတစိုက်အာရုံစိုက်လာရန် လှုံ့ဆော်ပေးနိုင်သည်။ (ဟေဗြဲ ၄:၁၂) ဤသို့ရိုးရိုးလေးပြောနိုင်သည်– “ဒီကိစ္စကို ဘုရားသခင်ဘယ်လိုမြင်သလဲဆိုတာ သိရတာအကျိုးရှိတယ်။ သမ္မာကျမ်းစာက ဘယ်လိုပြောသလဲဆိုတာ သတိပြုကြည့်ပါ။” ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းစာမှတိုက်ရိုက်ဖတ်ပြခြင်းအားဖြင့် သမ္မာကျမ်းစာကို ပြောခွင့်ပေးပါ။
၃ ဒုတိယ၊ အသုံးပြုသည့်ကျမ်းချက်ကို ရှင်းပြပါ။ ကျမ်းချက်တစ်ချက်ကို ဦးဆုံးအကြိမ်ဖတ်ချိန်တွင် နားလည်ရခက်ကြောင်း လူများစွာတွေ့ရှိရသည်။ ကျမ်းချက်၏သက်ဆိုင်ပုံကို ရှင်းပြရန်လိုအပ်လေ့ရှိသည်။ (လု. ၂၄:၂၆၊ ၂၇) ဆွေးနွေးနေသည့်အဓိကအချက်ကိုထောက်မသည့် ကျမ်းချက်ပါစကားလုံးများကို ပေါ်လွင်စေပါ။ အဓိကအချက်ကိုနားလည်ကြောင်း သေချာစေရန် မေးခွန်းမေးနိုင်သည်။—သု. ၂၀:၅; တ. ၈:၃၀။
၄ ကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ပါ– တတိယ၊ စိတ်နှလုံးထိမိစေဖို့ ကြိုးစားပါ။ ကျမ်းချက်သည် အိမ်ရှင်အတွက် မည်သို့သက်ဆိုင်မှုရှိကြောင်းသိမြင်ရန် ကူညီပါ။ ကျမ်းချက်များကိုကျိုးကြောင်းဆင်ခြင်ခြင်းက လူတစ်ဦး၏အတွေးအခေါ်ကိုပြောင်းလဲရန် သွေးဆောင်နိုင်သည်။ (တ. ၁၇:၂-၄; ၁၉:၈) ဥပမာ၊ ယေရမိ ၃၃:၂ ကိုဖတ်ပြပြီးနောက် လူတစ်ဦးနှင့်ဆက်ဆံရေးကောင်းရှိရန် သူ၏နာမည်ကိုသိရှိခြင်းက မည်မျှအရေးကြီးကြောင်း ကျိုးကြောင်းဆင်ခြင်ပြနိုင်သည်။ ထို့နောက် ဤသို့မေးနိုင်သည်– “ဘုရားသခင့်နာမည်သိရှိခြင်းက သင့်ဆုတောင်းချက်ကို ပိုပြီးအဓိပ္ပာယ်ရှိစေမယ်လို့ ခံစားရလား။” အိမ်ရှင်၏အသက်တာနှင့်ကျမ်းချက်ကို ဤသို့ဆက်စပ်ပေးခြင်းသည် ယင်း၏လက်တွေ့ကျတန်ဖိုးကို ထင်ရှားစေသည်။ ကျမ်းစာဖြင့်သွေးဆောင်ကာသွန်သင်ခြင်းသည် စစ်မှန်ပြီးအသက်ရှင်သော ယေဟောဝါဘုရားသခင်ထံ စိတ်နှလုံးရိုးဖြောင့်သူများအား ဆွဲဆောင်သည်။—ယေ. ၁၀:၁၀။
[လေ့လာရန်မေးခွန်းများ]
၁။ ဓမ္မအမှု၌ သမ္မာကျမ်းစာကို ထိရောက်စွာအသုံးပြုခြင်းတွင် အဘယ်အရာပါဝင်လေ့ရှိသနည်း။
၂။ သမ္မာကျမ်းစာကို လူတို့ပို၍လေးစားလာရန် မည်သို့ကူညီပေးနိုင်သနည်း။
၃။ ကျမ်းချက်တစ်ချက်ဖတ်ပြီးနောက် အဓိပ္ပာယ်ကိုနားလည်ရန် နားထောင်သူအား မည်သို့ကူညီပေးနိုင်သနည်း။
၄။ သွန်သင်ခြင်းတွင် သွေးဆောင်ရန် နောက်ဆုံးအနေနှင့် ဘာလုပ်ဖို့လိုအပ်သနည်း။