“သင် ရှေ့ဆောင်ကောင်းတစ်ဦးဖြစ်နိုင်”
၁။ ညီအစ်မတစ်ဦးသည် မိမိ၏ရှေ့ဆောင်ဓမ္မအမှုလုပ်ငန်းနှင့်ပတ်သက်၍ မည်သို့ခံစားခဲ့ရသနည်း။
၁ “ဒီလောက်စိတ်ကျေနပ်မှုပေးပြီး ဘုရားသခင်နဲ့ရင်းနှီးစေတဲ့ အလုပ်မျိုး မရှိနိုင်ဘူး” ဟု ကိတ် ဘီ ပမ်းလ်ကပြောခဲ့သည်။ သူသည် တောင်အမေရိကရှိ ချီလီ၏ တစ်ဖက်စွန်းမှသည် အခြားတစ်ဖက်စွန်းအထိ ကိုယ်ကျိုးမဖက်သော ရှေ့ဆောင်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာကြာ အမှုဆောင်ခဲ့သည်။ အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်နေသူတို့၏ အကျိုးပြုသောဘဝလမ်းစဉ်ကို စဉ်းစားကာ တစ်စုံတစ်ဦးက သင့်အား “သင် ရှေ့ဆောင်ကောင်းတစ်ဦး ဖြစ်နိုင်တယ်” ဟု ပြောပေမည်။
၂။ ယေဟောဝါအားဝတ်ပြုခြင်းနှင့်ဆက်နွှယ်သည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်းမှ စစ်မှန်သောကျေနပ်မှု အဘယ်ကြောင့် ခံစားရကြောင်း ရှင်းပြပါ။
၂ ကျေနပ်မှုခံစားရသည့် ဘဝအသက်တာ– စစ်မှန်သောရွှင်လန်းမှုသည် ခမည်းတော်၏အလိုတော်ဆောင်ခြင်းမှ ရရှိနိုင်ကြောင်းကို ကျွန်ုပ်တို့၏စံနမူနာရှင် ယေရှု သိမြင်ခဲ့သည်။ (ယော. ၄:၃၄) ထို့ကြောင့် စစ်မှန်သောကျေနပ်မှုသည် ယေဟောဝါအားဝတ်ပြုခြင်းနှင့် ဆက်နွှယ်သည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်းမှရရှိကြောင်း မိမိ၏တပည့်များအား ယေရှု စိတ်ရင်းမှန်ဖြင့် သွန်သင်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ဘဝတွင် ယေဟောဝါ၏နှစ်သက်လက်ခံမှုကိုရစေသော အလုပ်များဖြင့် အလုပ်များနေမည်ဆိုလျှင် ကျေနပ်ရောင့်ရဲမှုကို ခံစားရသည်။ ထို့ပြင် အခြားသူများကို ကူညီပေးရန် ကျွန်ုပ်တို့၏ အချိန်၊ ခွန်အားနှင့် ဥစ္စာပစ္စည်းများကို ပို၍အသုံးပြုလေ၊ ကျွန်ုပ်တို့ ပို၍ပျော်ရွှင်လေ ဖြစ်သည်။—တ. ၂၀:၃၁၊ ၃၅။
၃။ ဓမ္မအမှုတွင် အချိန်ပို၍အသုံးပြုခြင်းမှ အဘယ်ရွှင်လန်းမှုကို ကျွန်ုပ်တို့ခံစားရနိုင်သနည်း။
၃ ဓမ္မအမှုအတွက် အချိန်ပို၍သုံးလေ၊ သင်အံမှုများ စတင်ကာ ကျင်းပခြင်းမှ ရွှင်လန်းမှုခံစားရရန် ပို၍အခွင့်အလမ်းများလေ ဖြစ်သည်။ အိမ်ရှင်အများစုက ကောင်းစွာမတုံ့ပြန်လျှင်ပင် ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အတွေ့အကြုံများလာပြီး ကျွမ်းကျင်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ရပ်ကွက်သည် ထင်ထားသည်ထက် ပို၍ရလဒ်ကောင်းများရရှိကြောင်း တွေ့ရပေမည်။ ရှေ့ဆောင်များသည် ရှေ့ဆောင်တစ်နှစ်ခန့်လုပ်ပြီးနောက် တက်ရောက်ရသည့် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းမှ သင်ယူသိရှိထားသည့် အသိပညာများကို အသုံးချနိုင်သည်။ (၂ တိ. ၂:၁၅) ကျွန်ုပ်တို့ စွဲစွဲမြဲမြဲလုပ်ဆောင်သည့်အခါ နောက်ပိုင်းတွင် သီးပွင့်ဖြစ်ထွန်းလာမည့် အမှန်တရားမျိုးစေ့များကို ကောင်းစွာကြဲနိုင်မည်ဖြစ်သည်။—ဒေ. ၁၁:၆။
၄။ လူငယ်များသည် ကျောင်းပြီးတော့မည်ဆိုလျှင် အဘယ်အရာကို စဉ်းစားသုံးသပ်သင့်သနည်း။
၄ လူငယ်များ– သင်သည် အခြေခံပညာရေးပြီးဆုံးတော့မည်ဆိုလျှင် သင်၏အနာဂတ်နှင့်ပတ်သက်၍ အသေအချာစဉ်းစားပြီးပြီလော။ ယခုအချိန်အထိ သင်သည် ကျောင်းစာများဖြင့် အလုပ်များနေပေမည်။ ကျောင်းပြီးသွားသောအခါ သင့်အချိန်များကို မည်သို့အသုံးပြုမည်နည်း။ လောကအလုပ်တစ်ခုတည်းကိုသာ သည်းသည်းမည်းမည်း လုပ်နေမည့်အစား မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ထားကာ အသေအချာ ဆုတောင်းပါလေ။ နောက်ခံအမျိုးမျိုးရှိသူများကို ကောင်းစွာသက်သေခံခြင်း၊ ကိုယ်တိုင်၏အခက်အခဲများကို ကျော်လွှားခြင်း၊ မိမိကိုယ်ကို ကြပ်မတ်တတ်လာခြင်း၊ သွန်သင်ခြင်းစွမ်းရည်တိုးတက်လာခြင်းစသည့် စွမ်းရည်များရရှိလာမည်ဖြစ်ပြီး ယင်းတို့က သင့်ဘဝတစ်လျှောက်လုံးကို အကျိုးပြုသွားမည်ဖြစ်သည်။
၅။ မိဘများနှင့် အသင်းတော်သည် ရှေ့ဆောင်လုပ်ငန်းကို မည်သို့အားပေးနိုင်သနည်း။
၅ မိဘတို့၊ သင်တို့၏သားသမီးများ အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်လိုစိတ်ရှိလာအောင် ကူညီပေးရာ၌ သင်တို့လုပ်ဆောင်သင့်ရာကို လုပ်ဆောင်နေပါသလော။ သားသမီးများ နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားစေရန် သင်တို့၏ စကားများနှင့် ကောင်းသောပုံသက်သေက သူတို့ကို များစွာအထောက်အကူပြုနိုင်သည်။ (မ. ၆:၃၃) အထက်တန်းကျောင်းပြီးသည်နှင့် ရှေ့ဆောင်စလုပ်ခဲ့သူ ရေး က ဤသို့ပြန်ပြောပြသည်– “ရှေ့ဆောင်လုပ်ခြင်းက ဘဝမှာစိတ်ကျေနပ်မှုအပေးနိုင်ဆုံးပဲလို့ ကျွန်တော့်ရဲ့အမေ အမြဲယူမှတ်ခဲ့တယ်။” အသင်းတော်တွင်ရှိသူအားလုံးသည် မိမိတို့၏အပြောဖြင့်ရော၊ အလုပ်ဖြင့်ပါ ရှေ့ဆောင်လုပ်ငန်းကို အားပေးနိုင်ကြသည်။ စပိန်နိုင်ငံမှ ဟိုစေးက ဤသို့ပြောသည်– “ရှေ့ဆောင်လုပ်ငန်းက လူငယ်တွေအတွက် အကောင်းဆုံး သက်မွေးလုပ်ငန်းဖြစ်တယ်လို့ ကျွန်တော့်ရဲ့အသင်းတော်က ယူမှတ်တယ်။ သူတို့ရဲ့ လက်တွေ့ကျကူညီပေးမှုတွေနဲ့အတူ၊ သူတို့ရဲ့ စကားတွေ၊ ရှေ့ဆောင်လုပ်ငန်းအပေါ် သူတို့ရဲ့လေးမြတ်တန်ဖိုးထားမှုတွေက ရှေ့ဆောင်လုပ်ဖို့ ကျွန်တော့်အတွက် လွယ်ကူစေတယ်။”
၆။ လက်ရှိအချိန်တွင် ကျွန်ုပ်တို့၌ ရှေ့ဆောင်လုပ်လိုသည့် ဆန္ဒမရှိလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။
၆ အခက်အခဲများကို ကျော်လွှားခြင်း– သို့သော် သင်က ‘ကျွန်တော့်မှာ ရှေ့ဆောင်လုပ်ချင်တဲ့ ဆန္ဒမရှိဘူး’ ဟု ဆိုလျှင်ကော အသို့နည်း။ သင်ထိုသို့ဖြစ်နေသည်ဆိုပါက ဦးဆုံး ထိုကိစ္စနှင့်ပတ်သက်၍ သင့်ခံစားချက်နှင့် ရှုမြင်ပုံကို ယေဟောဝါထံ ဆုတောင်းပြောပြပါ– ‘ကျွန်တော် တကယ်ပဲ ရှေ့ဆောင်လုပ်သင့်သလားဆိုတာ မသိဘူး။ ဒါပေမဲ့ ကိုယ်တော်နှစ်သက်တာကို ကျွန်တော်လုပ်ချင်တယ်။’ (ဆာ. ၆၂:၈; သု. ၂၃:၂၆) ထို့နောက် သမ္မာကျမ်းစာနှင့် အဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော့်လမ်းညွှန်မှုကို ရှာဖွေပါ။ မှန်မှန်ရှေ့ဆောင်အများစုသည် ဦးစွာအရန်ရှေ့ဆောင်လုပ်ခြင်းဖြင့် “မြည်းစမ်း” ကြည့်ကြပြီး သူတို့ခံစားရသော ရွှင်လန်းမှုက အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ရန် သူတို့ကို လှုံ့ဆော်ပေးသည်။—ဆာ. ၃၄:၈။
၇။ လစဉ်တောင်းဆိုထားသည့် နာရီ ၇၀ ကိုပြည့်မီခြင်းနှင့်ပတ်သက်၍ မသေမချာဖြစ်နေလျှင် ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။
၇ သင်သည် လစဉ်တောင်းဆိုထားသည့်နာရီ ၇၀ ပြည့်မီဖို့အတွက် မသေမချာဖြစ်နေသည် ဆိုလျှင်ကော အသို့နည်း။ သင်နှင့်အခြေအနေချင်းတူသည့် ရှေ့ဆောင်များကို မေးမြန်းပါလေ။ (သု. ၁၅:၂၂) ထို့နောက် ဖြစ်နိုင်ချေရှိသည့် အချိန်ဇယားများကိုဆွဲပါ။ သိပ်အရေးမကြီးသည့်အရာများ လုပ်ဆောင်ခြင်းမှ ဓမ္မအမှုအတွက် အချိန်ကိုဝယ်ယူမည်ဆိုပါက ယခင်က သင်ထင်ထားသည်ထက် ပို၍လွယ်ကူကြောင်း တွေ့ရပေမည်။—ဧ. ၅:၁၅၊ ၁၆။
၈။ ကျွန်ုပ်တို့၏အခြေအနေများကို အဘယ်ကြောင့် မကြာခဏပြန်ဆန်းစစ်ဖို့လိုသနည်း။
၈ သင့်ကိုယ်သင် ပြန်ဆန်းစစ်ပါ– ကျွန်ုပ်တို့၏အခြေနေများသည် ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် သင်၏အခြေအနေကို မကြာခဏပြန်ဆန်းစစ်ခြင်းက ကောင်းပါသည်။ ဥပမာ၊ သင်သည် လောကအလုပ်မှ အငြိမ်းစားယူတော့မည့်သူလော။ အလုပ်မှ စောစီးစွာအငြိမ်းစားယူခဲ့သော ရန်ဒီ ဤသို့ပြောခဲ့သည်– “ဒီဆုံးဖြတ်ချက်က ကျွန်တော့်ဇနီးနဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ဖို့အခွင့်အရေးရစေတယ်။ ပြီးတော့ သာ၍လိုအပ်တဲ့နေရာမှာ ပြောင်းရွှေ့အမှုဆောင်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် မရေမတွက်နိုင်တဲ့ ကောင်းချီးတွေကို ခံစားခဲ့ရပြီး အထူးမြတ်ဆုံးကောင်းချီးကတော့ ကြည်လင်တဲ့သြတ္တပ္ပစိတ်ရှိခြင်းပါပဲ။”
၉။ မောင်နှံစုံများသည် အဘယ်အချက်ကို စဉ်းစားသုံးသပ်သင့်သနည်း။
၉ အချို့မောင်နှံစုံများသည် အသေအချာသုံးသပ်ပြီးနောက် နှစ်ဦးစလုံး လောကအလုပ်ကို အချိန်ပြည့်လုပ်ရန်မလိုကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းကြောင့် မိသားစု၏ဘဝပုံစံကို ရိုးရှင်းဖို့လိုအပ်သည်မှာ မှန်ပါသည်။ သို့သော် ကိုယ်ကျိုးစွန့်ရကျိုးနပ်ပါသည်။ ဓမ္မအမှုကိုတိုးချဲ့လိုသည့်အတွက် မကြာသေးမီက အလုပ်မှထွက်ခဲ့သည့် ဇနီးသည်တစ်ဦး၏ ခင်ပွန်းဖြစ်သူ ဂျွန် ဤသို့ပြောခဲ့သည်– “ကျွန်တော့်ရဲ့ဇနီးက တစ်နေ့လုံး ဘုရားရေးရာလုပ်ငန်းမှာ ပါဝင်နေတယ်ဆိုတဲ့အသိထက် ပိုကောင်းတဲ့ခံစားချက်မရှိဘူး။”
၁၀။ ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ဖို့ ခရစ်ယာန်များကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
၁၀ မေတ္တာနှင့် ယုံကြည်ခြင်းရှိကြောင်း တင်ပြသည့်လုပ်ရပ်– အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည့် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မည်သူမဆိုပါဝင်နိုင်ရန် ယေဟောဝါ လုပ်ဆောင်ပေးထားသည်။ ဤစနစ်ဟောင်းသည် မကြာမီဖျက်ဆီးခံရမည်ဖြစ်ပြီး ယေဟောဝါ၏နာမကို ခေါ်ဆိုသောသူများသာ ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ (ရော. ၁၀:၁၃) ကိုယ်တော့်ကို နှလုံးအကြွင်းမဲ့ချစ်သည့် မေတ္တာနှင့် ကိုယ်တော်လုပ်ဆောင်ပေးရာများအတွက် ကျေးဇူးတင်လေးမြတ်စိတ်က ဇွဲထက်သန်စွာဟောပြောပါဟူသော ကိုယ်တော့်သားတော်၏ မိန့်မှာချက်ကိုနာခံရန် လှုံ့ဆော်ပေးပါလိမ့်မည်။ (မ. ၂၈:၁၉၊ ၂၀; ၁ ယော. ၅:၃) ထို့ပြင် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များတွင် အမှန်ပင် အသက်ရှင်နေကြောင်းယုံကြည်ခြင်းက ဤလောကကို အပြည့်အဝအသုံးပြုမည့်အစား အချိန်ရှိနေသေးစဉ် ဓမ္မအမှုတွင် အတတ်နိုင်ဆုံးပါဝင်ဖို့လှုံ့ဆော်ခံရပါလိမ့်မည်။—၁ ကော. ၇:၂၉-၃၁။
၁၁။ တစ်စုံတစ်ဦးက ကျွန်ုပ်တို့ကို ရှေ့ဆောင်ကောင်းတစ်ဦးဖြစ်နိုင်သည်ဟု ပြောလှာပါက ယင်းကို မည်သို့ ရှုမြင်သင့်သနည်း။
၁၁ မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ခြင်းသည် အဖွဲ့အစည်းဆိုင်ရာအစီအစဉ်ကို လုပ်ဆောင်ရုံသာမဟုတ်ဘဲ ယင်းက ကျွန်ုပ်တို့၏ ဆည်းကပ်ဝတ်ပြုမှုကို ဖော်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက သင် ရှေ့ဆောင်ကောင်းတစ်ဦးဖြစ်နိုင်သည်ဟု သင့်အားပြောလှာပါက အပြုသဘောဖြင့်ပြောသည်ဟု ယူမှတ်ပါ။ ထို့ပြင် စိတ်ကျေနပ်မှုရရှိစေသော ရှေ့ဆောင်လုပ်ငန်းတွင် လုပ်ဆောင်နေကြသူများနှင့်အတူ ပါဝင်လုပ်ဆောင်ရန် ဆုတောင်းသုံးသပ်ပါလေ။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
မိဘတို့၊ သင်တို့၏သားသမီးများ အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်လိုစိတ်ရှိလာအောင် ကူညီပေးရာ၌ သင်တို့လုပ်ဆောင်သင့်ရာကို လုပ်ဆောင်နေပါ သလော
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
အရေးအကြီးဆုံး လုပ်ငန်းဖြစ်သည့် ဟောပြောခြင်း လုပ်ငန်းတွင် ကျွန်ုပ်တို့ မည်သူမဆို ပါဝင်နိုင်ရန် ယေဟောဝါ လုပ်ဆောင်ပေးထားသည်