ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြကြစို့
ဧပြီ ၁၇ ရက်မှာ အောက်မေ့ရာပွဲ ကျင်းပမယ်
၁။ ဆာလံဆရာပြောခဲ့တဲ့ ဘယ်စကားက အထူးသဖြင့် အောက်မေ့ရာပွဲရာသီအတွင်းမှာ သင့်လျော်သလဲ။
၁ ယေဟောဝါရဲ့ များပြားလှတဲ့ကြင်နာမှုနဲ့ ကယ်တင်မှုလုပ်ရပ်တွေကို ကျေးဇူးတင်လေးမြတ်တဲ့အတွက် “ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း” လို့ ဆာလံဆရာ ပြောခဲ့တယ်။ (ဆာ. ၁၁၆:၁၂) ယနေ့ ဘုရားသခင့်ကျေးကျွန်တွေမှာ ကျေးဇူးတင်စရာအကြောင်း ပိုလို့တောင်များပါတယ်။ ဒီစကားတွေကို ရေးသားပြီး ရာစုနှစ်များစွာအကြာမှာ ယေဟောဝါက လူသားတွေအတွက် အကြီးမြတ်ဆုံးဆုကျေးဇူးဖြစ်တဲ့ ရွေးနုတ်ဖိုးကို ပြင်ဆင်ပေးခဲ့တယ်။ ဧပြီ ၁၇ ရက်နေ့မှာကျင်းပမယ့် ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို ပြင်ဆင်တဲ့အခါ ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အကြောင်းကောင်းရှိတယ်။—ကော. ၃:၁၅။
၂။ ရွေးနုတ်ဖိုးကို ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်ရတဲ့ အကြောင်းရင်းတချို့က ဘာလဲ။
၂ ရွေးနုတ်ဖိုးကြောင့် ခံစားရတဲ့ ကောင်းချီးများ– ကျွန်ုပ်တို့က ရွေးနုတ်ဖိုးကြောင့် “အပြစ်လွှတ်ခြင်း” ခံရတယ်။ (ကော. ၁:၁၃၊ ၁၄) ဒါကြောင့် ကြည်လင်တဲ့သြတ္တပ္ပစိတ်နဲ့ ယေဟောဝါကို ၀တ်ပြုနိုင်ကြတယ်။ (ဟေဗြဲ ၉:၁၃၊ ၁၄) ယေဟောဝါထံ ဆုတောင်းတဲ့အခါ လွတ်လပ်စွာပြောဆိုနိုင်တယ်။ (ဟေဗြဲ ၄:၁၄-၁၆) ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြသူတွေမှာ ထူးမြတ်တဲ့ ထာ၀ရအသက်မျှော်လင့်ချက် ရှိကြတယ်။—ယော. ၃:၁၆။
၃။ ရွေးနုတ်ဖိုးအတွက် ယေဟောဝါကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
၃ ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြနိုင်ပုံ– ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ အောက်မေ့ရာပွဲအတွက်ပေးထားတဲ့ ကျမ်းချက်တွေကို နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်ခြင်းဖြစ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ ၂၀၁၁၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ “နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အတွက် ကြိုတင်ပြင်ဆင်ထားပြီလား” ဆောင်းပါးကို ပြင်ဆင်ပေးထားတယ်။ ရွေးနုတ်ဖိုးကို ကျွန်ုပ်တို့ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကိုလည်း ယေဟောဝါထံ လှိုက်လှိုက်လှဲလှဲဆုတောင်းပြောပြနိုင်ပါတယ်။ (၁ သက်. ၅:၁၇၊ ၁၈) ယေရှုရဲ့အမိန့်ကိုနာခံပြီး အောက်မေ့ရာပွဲမှာ ရောက်ရှိနေခြင်းကလည်း ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခြင်းဖြစ်တယ်။ (၁ ကော. ၁၁:၂၄၊ ၂၅) ဒါ့အပြင် ယေဟောဝါရဲ့ ကြီးမားလှတဲ့မေတ္တာကိုတုပပြီး ဒီပွဲကိုတက်ရောက်ဖို့ လူများနိုင်သမျှများများကို ဖိတ်ခေါ်နိုင်တယ်။—ဟေရှာ. ၅၅:၁-၃။
၄။ ကျွန်ုပ်တို့ ဘယ်လို စိတ်ပိုင်းဖြတ်သင့်သလဲ။
၄ ယေဟောဝါရဲ့ ကျေးဇူးတင်လေးမြတ်တတ်တဲ့ ကျေးကျွန်တွေက အောက်မေ့ရာပွဲကို တခြားအစည်းအဝေးတစ်ခုလိုပဲ ယူဆမှာမဟုတ်ဘူး။ ဒါက နှစ်တစ်နှစ်ရဲ့ အရေးအကြီးဆုံးအစည်းအဝေးတစ်ခုဖြစ်တယ်။ အောက်မေ့ရာပွဲနီးလာတာနဲ့အမျှ “အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်” လို့ရေးခဲ့တဲ့ ဆာလံဆရာလို ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်နိုင်ကြပါစေ။—ဆာ. ၁၀၃:၂။