ပန်းတိုင်ထားပြီး ပညာရှိရှိ လုပ်ဆောင်ပါ
၁။ ၁ ကောရိန္သု ၉:၂၆ က ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်ပါသလဲ။
၁ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ငါသည် ပြေးသောအခါ ဦးတည်ရာမဲ့ ပြေးသည်မဟုတ်။ လက်ဝှေ့ထိုးသောအခါ လေထဲကို လက်ဝှေ့ထိုးသကဲ့သို့ မဟုတ်။” (၁ ကော. ၉:၂၆) ဒီနေရာမှာ ပေါလုက ယေဟောဝါရဲ့အမှုတော်ကို ပိုပြီးထမ်းဆောင်နိုင်စေတဲ့ ပန်းတိုင်တွေအပေါ် အာရုံစိုက်ထားတယ်ဆိုတာကို ပြောချင်နေတာပါ။ ဒါပေမဲ့ အဲဒီစကားတွေက ဟောပြောခြင်းလုပ်ငန်းနဲ့လည်း မူအရ သက်ဆိုင်မှုရှိပါတယ်။ ကောင်းစွာချိန်ရွယ်ပြီး လက်ဝှေ့ထိုးမှသာ၊ တစ်နည်းအားဖြင့် ပန်းတိုင်ထားပြီး ပညာရှိရှိ လုပ်ဆောင်မှသာ အကျိုးအများဆုံးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ ပန်းတိုင်ထားပြီး ပညာရှိရှိ လုပ်ဆောင်မလဲ။
၂။ ဟောပြောမယ့် အချိန်နဲ့ နေရာကို ရွေးချယ်ရာမှာ ပထမရာစုက ပေါလုနဲ့ တခြားခရစ်ယာန်တွေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။
၂ လူရှိတဲ့နေရာတွေဆီ သွားပါ– ပထမရာစုအချိန်က ပေါလုနဲ့ တခြားသူတွေဟာ လူတွေရှိမယ်လို့ သူတို့ထင်တဲ့နေရာတွေဆီသွားပြီး ဟောပြောခဲ့တယ်။ (တ. ၅:၄၂; ၁၆:၁၃; ၁၇:၁၇) ဒါကြောင့် ကျွန်ုပ်တို့ရပ်ကွက်မှာ လူတွေက ညနေပိုင်းမှာရှိတတ်တယ်ဆိုရင် ညနေပိုင်းမှာ တစ်အိမ်မှတစ်အိမ်သွားတာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။ အလုပ်သွားတဲ့ နံနက်ပိုင်းနဲ့ အလုပ်ပြန်လာတဲ့ ညနေပိုင်းဆိုရင် ကားမှတ်တိုင် ဒါမှမဟုတ် ဘူတာရုံမှာ လူတွေပိုရှိတတ်သလား။ ဘယ်အချိန်တွေမှာ လူတွေက စျေးမှာ ပိုရှိနေတတ်သလဲ။ အဲဒီလိုအချိန်တွေမှာဆိုရင် လမ်းပေါ်သက်သေခံတာက ပိုကောင်းပါလိမ့်မယ်။
၃။ ရပ်ကွက်မှာ လုပ်ဆောင်တဲ့အခါ ဘယ်လို ပညာရှိရှိလုပ်ဆောင်နိုင်သလဲ။
၃ ရပ်ကွက်မှာ ပညာရှိရှိလုပ်ဆောင်ပါ– ရပ်ကွက်မှာဟောပြောတဲ့အခါ ပညာရှိရှိလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဥပမာ၊ တစ်နေရာတည်းကို ညီအစ်ကို ညီအစ်မတွေအများကြီးခေါ်သွားမယ်ဆိုရင် အဲဒီအုပ်စုကြီး အစီအစဉ်တကျဖြစ်ဖို့ အချိန်နဲ့ခွန်အား အများကြီးလိုအပ်နိုင်ပါတယ်၊ ဒါကြောင့် အုပ်စုခွဲလိုက်တာက ပိုကောင်းပါတယ်။ ကျေးလက်ဒေသမှာ အမှုဆောင်ထွက်ဖို့ သွားမယ်ဆိုရင် ရာသီဥတုနဲ့ လမ်းအခြေအနေကို ထည့်တွက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ တချို့အချိန်တွေမှာ ရပ်ကွက်တချို့ဟာ မိုးရွာလို့ ရွှံ့ဗွက်တွေရှိနေနိုင်သလို တခြားရာသီဥတုအခြေအနေကြောင့် သွားရလာရခက်ခဲနိုင်ပါတယ်။ အဲဒီလိုရပ်ကွက်မျိုးကို အကြီးအကဲတွေအနေနဲ့ ရာသီဥတုကောင်းတဲ့အချိန်ရောက်မှ သွားရောက်အမှုဆောင်ဖို့စီစဉ်တာက ပိုကောင်းပါတယ်။ ကိုယ့်အိမ်နားက ရပ်ကွက်တစ်ခုကို ကိုယ်ပိုင်ရပ်ကွက်အနေနဲ့ ယူထားနိုင်မလား၊ အဲဒါက သွားရလာရတာ အချိန်ကုန်သက်သာစေပါလိမ့်မယ်။
၄။ ဘယ်လိုလုပ်ဆောင်ခြင်းက အောင်မြင်တဲ့ “လူဖမ်းသော တံငါသည်များ” ဖြစ်စေမလဲ။
၄ ယေရှုက သတင်းကောင်းဟောပြောသူတွေကို “လူဖမ်းသော တံငါသည်များ” နဲ့နှိုင်းယှဉ်ခဲ့တယ်။ (မာ. ၁:၁၇) တံငါသည်ရဲ့ရည်ရွယ်ချက်က ရေထဲမှာ ပိုက်ကွန်ကို ချဖို့လောက်ပဲ မဟုတ်ပါဘူး၊ ငါးကို ဖမ်းမိဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့တံငါသည်တွေဟာ ငါးတွေရှိတတ်တဲ့ အချိန်၊ နေရာတွေဆီ သွားပြီး မြန်မြန်ဆန်ဆန် ငါးစဖမ်းပါတယ်။ သူတို့ဟာ ပညာရှိရှိလုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းမှာလည်း အလားတူ လုံ့လဝီရိယရှိရှိ လုပ်ဆောင်သွားကြပါစို့။—ဟေဗြဲ ၆:၁၁။