သစ္စာရှိသက်ကြီးရွယ်အိုတွေကို သတိရပါ
၁ အသက် ၈၄ နှစ်ရှိတဲ့ အန္နဟာ မုဆိုးမတစ်ဦးဖြစ်ပြီး အိုမင်းနေပြီဖြစ်ပေမဲ့ “ဗိမာန်တော်နှင့်မခွာဘဲနေ” တယ်။ ယေဟောဝါက သူ့ရဲ့သစ္စာရှိမှုကိုတွေ့မြင်ပြီး သူ့ကို အထူးကောင်းချီးတစ်ခုပေးလိုခဲ့တယ်။ (လု. ၂:၃၆-၃၈) ဒီနေ့ ညီအစ်ကိုညီအစ်မများစွာက ခက်ခဲတဲ့အခြေအနေတွေရင်ဆိုင်ရပေမဲ့ အန္နလိုစိတ်ဓာတ်ကို တင်ပြနေကြတယ်။ အဲဒီလိုသစ္စာရှိသူတွေက အသက်ကြီးရင့်ခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ဒါမှမဟုတ် စိတ်ရှိသလောက်မလုပ်နိုင်တာတွေနဲ့ရင်ဆိုင်ရတဲ့အခါ တစ်ခါတလေ စိတ်ဓာတ်ကျနိုင်တယ်။ သူတို့ကို အားပေးပြီး ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိစေဖို့ ကျွန်ုပ်တို့ကူညီပေးနိုင်တဲ့ လက်တွေ့ကျနည်းလမ်းတချို့ကို သုံးသပ်ကြည့်ကြစို့။
၂ အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်း– တခြားသူတွေက သယ်ယူပို့ဆောင်ရေးကို မေတ္တာနဲ့စီစဉ်ပေးတဲ့အခါ သစ္စာရှိသက်ကြီးရွယ်အိုများစွာဟာ ခရစ်ယာန်အစည်းအဝေးတွေကို ပိုပြီးလွယ်လွယ်ကူကူနဲ့ မှန်မှန်တက်ရောက်နိုင်တယ်။ အဲဒါက ဒီသစ္စာရှိသက်တမ်းရင့်ကျေးကျွန်တွေကို တည်ဆောက်မှုဖြစ်စေပြီး အသင်းတော်ကိုလည်း အကျိုးရှိစေတယ်။ ဒီမွန်မြတ်တဲ့အလုပ်မှာ သင်ပါဝင်ဖူးသလား။—ဟေဗြဲ ၁၃:၁၆။
၃ အမှုဆောင်လုပ်ငန်းမှာ မှန်မှန်ပါဝင်ခြင်းက စစ်မှန်တဲ့ခရစ်ယာန်တွေကို ရွှင်လန်းမှုနဲ့ ကျေနပ်မှုရရှိစေတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ဖို့က သက်ကြီးရွယ်အိုတွေနဲ့ အိုမင်းမစွမ်းသူတွေအတွက် စိန်ခေါ်ချက်ဖြစ်နိုင်တယ်။ ဒီချစ်ဖွယ်ကောင်းသူတွေထဲကတစ်ဦးဟာ သက်သေခံခြင်းလုပ်ငန်းကဏ္ဍတချို့မှာ သင့်ရဲ့ “လုပ်ဖော်ဆောင်ဖက်” တစ်ဦးအဖြစ် သင်နဲ့အတူပါဝင်နိုင်မလား။ (ရော. ၁၆:၃၊ ၉၊ ၂၁) တယ်လီဖုန်းနဲ့သက်သေခံတဲ့အခါမှာ သင်နဲ့အတူပါဝင်ဖို့ ဒါမှမဟုတ် ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုတစ်ခုကို သင်နဲ့အတူသွားဖို့ သူ့ကိုဖိတ်ခေါ်နိုင်တယ်။ သက်ကြီးရွယ်အိုတစ်ဦးက အိမ်ပြင်မထွက်နိုင်သူဖြစ်မယ်ဆိုရင် ကျမ်းစာသင်သားတစ်ဦးဟာ သင်အံမှုအတွက် သူ့အိမ်ကို လာနိုင်မလား။
၄ သင်အံမှုနဲ့ ပေါင်းသင်းမှု– တချို့သူတွေက အခါအားလျော်စွာ သက်ကြီးရွယ်အို ဒါမှမဟုတ် အိုမင်းမစွမ်းသူတစ်ဦးကို မိမိတို့ရဲ့မိသားစုသင်အံမှုမှာပါဝင်ဖို့ ဖိတ်ခေါ်ကြတယ်၊ တချို့ကျတော့ သူ့အိမ်မှာပဲ သင်အံမှုကျင်းပကြတယ်။ မိခင်တစ်ဦးက သက်ကြီးရွယ်အိုညီအစ်မတစ်ဦးရဲ့အိမ်မှာ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်နဲ့ သင်အံမှုပြုလုပ်ဖို့ သူ့ရဲ့ကလေးငယ်နှစ်ဦးကိုခေါ်သွားတဲ့အတွက် အားလုံး ပေါင်းသင်းမှုအားဖြင့် အားပေးမှုရရှိခဲ့ကြတယ်။ သက်ကြီးရွယ်အိုတွေက ထမင်းစားဖို့ ဒါမှမဟုတ် တခြားပေါင်းသင်းမှုအခါသမယတစ်ခုခုအတွက် ဖိတ်ခေါ်ခံရခြင်းကိုလည်း တန်ဖိုးထားကြတယ်။ အိုမင်းမစွမ်းသူတွေက အရမ်းအားအင်ချည့်နဲ့နေလို့ သူတို့ဆီမှာ အကြာကြီးနေလို့မရဘူးဆိုရင် သူတို့ကို စာဖတ်ပြဖို့၊ သူတို့နဲ့အတူဆုတောင်းဖို့ ဒါမှမဟုတ် တည်ဆောက်မှုဖြစ်စေတဲ့ တွေ့ကြုံမှုတစ်ခုဝေမျှဖို့ ဖုန်းဆက်နိုင်သလို၊ ခဏတဖြုတ် လည်ပတ်နိုင်တယ်။—ရော. ၁:၁၁၊ ၁၂။
၅ ယေဟောဝါက သစ္စာရှိသက်ကြီးရွယ်အိုတွေကို တန်ဖိုးထားတယ်။ (ဟေဗြဲ ၆:၁၀၊ ၁၁) ကျွန်ုပ်တို့က သူတို့ကို တန်ဖိုးထားကြောင်းဖော်ပြမယ်၊ ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိဖို့ ကူညီပေးမယ်ဆိုရင် ကိုယ်တော်ကိုတုပရာရောက်တယ်။