“စေ့စေ့စပ်စပ် သက်သေခံ” လော့
၁။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ပေါလု ဘာပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။
၁ “သင်လုပ်ရမည့်အမှုတော်ကို စေ့စေ့စပ်စပ် ဆောင်ရွက်လော့။” (၂ တိ. ၄:၅၊ ဘိုင်ယင်တန်) တမန်တော်ပေါလုက တိမောသေကို အထက်ပါအတိုင်း တိုက်တွန်းတဲ့အခါ ပေါလုရဲ့သြတ္တပ္ပစိတ် ကြည်လင်နေမယ်ဆိုတာ သေချာပါတယ်။ အကြောင်းက ပေါလုဟာ အေဒီ ၄၇ ကနေ ၅၆ အတွင်း သာသနာပြုခရီးစဉ် သုံးခုကို လှည့်လည်ခဲ့ပြီးဖြစ်တယ်။ ပေါလုဟာ “စေ့စေ့စပ်စပ်သက်သေခံ” ခဲ့တယ်ဆိုပြီး တမန်တော်ကျမ်းက ခဏခဏဖော်ပြထားတယ်။ (တ. ၂၃:၁၁; ၂၈:၂၃) ကျွန်ုပ်တို့ကော ဘယ်လိုနည်းနဲ့ စေ့စေ့စပ်စပ်သက်သေခံနိုင်မလဲ။
၂။ တစ်အိမ်မှတစ်အိမ် သက်သေခံတဲ့အခါ ဘယ်လိုနည်းနဲ့ စေ့စေ့စပ်စပ် လုပ်ဆောင်နိုင်မလဲ။
၂ တစ်အိမ်မှတစ်အိမ်– သတင်းကောင်းကို တစ်ခါမှမကြားဖူးတဲ့ အိမ်ရှင်တွေကိုတွေ့အောင် တစ်နေ့တာရဲ့အချိန်အမျိုးမျိုးမှာ သွားရောက်ဖို့လိုအပ်နိုင်တယ်။ အိမ်ရှင်က ညနေပိုင်းမှာပဲ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေမှာပဲ ရှိတာဖြစ်နိုင်တယ်။ လူမရှိတဲ့အိမ်တွေကို ခဏခဏပြန်သွားခြင်းအားဖြင့် အိမ်တိုင်းက အိမ်ရှင်တစ်ယောက်ယောက်နဲ့တွေ့ဖို့ ကြိုးစားသင့်တယ်။ သင့်ကြိုးစားအားထုတ်မှုက မအောင်မြင်ရင်ကော။ စာလေးတစ်စောင်၊ ဖုန်းလေးတစ်ချက်က အကျိုးရကောင်းရပါလိမ့်မယ်။
၃။ လူများတဲ့နေရာတွေမှာသက်သေခံဖို့၊ အလွတ်သဘောသက်သေခံဖို့ သင့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိသလဲ။
၃ လူများတဲ့နေရာနဲ့ အလွတ်သဘော သက်သေခံခြင်း– ယနေ့ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ စစ်မှန်တဲ့ “ပညာ” ကို နားထောင်လိုသူတိုင်းကြားအောင် သက်သေခံနေကြတယ်။ တစ်ခါတလေ “လမ်း၊” “လူစည်းဝေးရာ” နေရာတွေမှာ သက်သေခံနေပါတယ်။ (သု. ၁:၂၀၊ ၂၁) နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နေချိန်မှာ သက်သေခံဖို့ နိုးနိုးကြားကြားရှိပါသလား။ ကျွန်ုပ်တို့ဟာ ‘တရားဟောခြင်းအမှုကို အာရုံစိုက်ဆောင်ရွက်’ တယ်လို့ ပြောနိုင်မလား။ (တ. ၁၈:၅) ပြောနိုင်မယ်ဆိုရင် “စေ့စေ့စပ်စပ် သက်သေခံ” ရမယ့် ကျွန်ုပ်တို့ရဲ့တာဝန်ကို ကျေပွန်စေရာကျမယ်။—တ. ၁၀:၄၂; ၁၇:၁၇; ၂၀:၂၀၊ ၂၁၊ ၂၄။
၄။ ဆုတောင်းခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းက စေ့စေ့စပ်စပ်သက်သေခံနိုင်ဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။
၄ ကျွန်ုပ်တို့ရဲ့ အားနည်းချက်ကြောင့် ဒါမှမဟုတ် ရှက်တတ်တဲ့စိတ်ကြောင့် တစ်ခါတလေ ဟောပြောဖို့ တွန့်ဆုတ်မိနိုင်တယ်။ လုပ်ချင်သလောက် မလုပ်နိုင်ဘူးဆိုတာ ယေဟောဝါ သိပါတယ်။ (ဆာ. ၁၀၃:၁၄) ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးမှာ သက်သေခံနိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်းနိုင်တယ်။ (တ. ၄:၂၉၊ ၃၁) ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ၊ ကျမ်းစာကို တွေးတောဆင်ခြင်တဲ့အခါ သတင်းကောင်းရဲ့တန်ဖိုးကို ပိုပြီးသဘောပေါက်လာဖို့ ကြိုးစားပါ။ (ဖိ. ၃:၈) အဲဒီလိုလုပ်မယ်ဆိုရင် သတင်းကောင်းကို ထက်သန်စွာကြေညာဖို့ ကျွန်ုပ်တို့ လှုံ့ဆော်ခံရပါလိမ့်မယ်။
၅။ ယောလပရောဖက်ပြုချက်ရဲ့ ပြည့်စုံချက်မှာ ကျွန်ုပ်တို့ကော ဘယ်လို ပါဝင်နိုင်သလဲ။
၅ ယေဟောဝါရဲ့ ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်ခင် ဘုရားသခင့်လူမျိုးတော်ဟာ ဆက်ချီတက်နေမယ်၊ သူတို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဘယ်အရာကမှ မတားနိုင်ဘူးဆိုပြီး ယောလ ကြိုဟောခဲ့တယ်။ (ယောလ ၂:၂၊ ၇-၉) နောက်တစ်ခါ ဘယ်တော့မှပြန်လုပ်ရမှာမဟုတ်တဲ့ ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံးပါဝင်ကြပါစို့။