သတိရအောက်မေ့ပွဲကို ရွှင်လန်းတဲ့စိတ်နဲ့ ပြင်ဆင်ပါ
၁။ သတိရအောက်မေ့ပွဲကာလဟာ ဘာကိုလုပ်ဆောင်ဖို့ အထူးအချိန်အခါ ဖြစ်သလဲ။
၁ မတ် ၂၆ ရက်၊ အင်္ဂါနေ့မှာ ကျင်းပမယ့် သတိရအောက်မေ့ပွဲဟာ ကျွန်ုပ်တို့ကယ်တင်ခြင်းရဖို့ ဘုရားသခင် လုပ်ဆောင်ပေးရာတွေအတွက် ဝမ်းမြောက်ရွှင်လန်းဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ (ဟေရှာ. ၆၁:၁၀) သတိရအောက်မေ့ပွဲ မတိုင်ခင်ကတည်းက ရွှင်လန်းနေမယ်ဆိုရင် အဲဒီပွဲအတွက် ကောင်းစွာ ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုပြင်ဆင်ထားကြမလဲ။
၂။ သတိရအောက်မေ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဘာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသလဲ။
၂ အောက်မေ့ရာပွဲအတွက် ပြင်ဆင်ခြင်း– သခင့်ညစာစားပွဲဟာ အလွန်လေးနက်ပေမဲ့ ရိုးရှင်းတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရေးကြီးတဲ့အချက်တွေ လွတ်မသွားအောင် ကြိုတင်စီစဉ်ထားဖို့လိုအပ်တယ်။ (သု. ၂၁:၅) အချိန်နဲ့ သင့်လျော်တဲ့နေရာကို ရွေးချယ်ထားရမယ်။ အထိမ်းအမှတ်တွေကိုလည်း ကောင်းစွာ ပြင်ဆင်ထားရမယ်။ စုဝေးတဲ့နေရာဟာ သန့်ရှင်းပြီး အသင့်ဖြစ်နေရမယ်။ ရွေးချယ်ထားတဲ့ ဟောပြောသူဟာ ဟောပြောချက်ကို အသေအချာ ပြင်ဆင်ထားဖို့လိုပြီး အထိမ်းအမှတ်တွေ ဝေငှမယ့်သူတွေနဲ့ ဧည့်ကြိုတွေကို ရှင်းရှင်းလင်းလင်း ညွှန်ကြားထားသင့်တယ်။ အတော်များများကို ကြိုတင်ပြင်ဆင်ထားပြီးမှာ သေချာပါတယ်။ ရွေးနုတ်ဖိုးရဲ့ ကယ်တင်နိုင်စွမ်းအတွက် ကျေးဇူးတင်လေးမြတ်တဲ့စိတ်က ဒီထူးမြတ်တဲ့ အခါသမယအတွက် ကောင်းကောင်း ပြင်ဆင်ထားဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါတယ်။—၁ ပေ. ၁:၈၊ ၉။
၃။ သခင့်ညစာစားပွဲအတွက် ကျွန်ုပ်တို့ရဲ့နှလုံးကို ဘယ်လိုအသင့်ပြင်ထားနိုင်သလဲ။
၃ နှလုံးကို အသင့်ပြင်ထားပါ– သတိရအောက်မေ့ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်နိုင်ဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့နှလုံးကို အသင့်ပြင်ထားဖို့လည်း အရေးကြီးပါတယ်။ (ဧဇ. ၇:၁၀၊ ကဘ) ဒါကြောင့် သတိရအောက်မေ့ပွဲအတွက် အထူးကျမ်းစာဖတ်ရှုခြင်းနဲ့ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးရက်တွေအကြောင်း ဆင်ခြင်သုံးသပ်ဖို့ အချိန်ဖယ်ထားသင့်တယ်။ ယေရှုရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်အကြောင်း တွေးတောဆင်ခြင်ခြင်းက ကိုယ်တော်ကို တုပဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။—ဂလ. ၂:၂၀။
၄။ ရွေးနုတ်ဖိုးကြောင့် ဖြစ်ပေါ်လာတဲ့ ဘယ်အကျိုးကျေးဇူးတွေက သင့်ကို များစွာရွှင်လန်း ဝမ်းမြောက်စေပါသလဲ။
၄ ခရစ်တော်ရဲ့သေခြင်းက ယေဟောဝါဘုရားသခင်ဟာ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်တယ်ဆိုတာကို သက်သေထူတယ်။ လူသားတွေကို အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်စေတယ်။ (၁ ယော. ၂:၂) ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင်၊ ထာဝရအသက်ရရှိအောင်လည်း လမ်းဖွင့်ပေးတယ်။ (ကော. ၁:၂၁၊ ၂၂) ဒါ့အပြင် ယေဟောဝါဘုရားသခင်ဆီ အပ်နှံထားမှုနဲ့အညီ နေထိုင်ပါမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ခရစ်တော်ရဲ့တပည့်တွေအဖြစ် ဆက်လက်ရပ်တည်စေတယ်။ (မ. ၁၆:၂၄) မကြာခင် ရောက်ရှိလာတော့မယ့် သတိရအောက်မေ့ပွဲအတွက် အသင့်ပြင်ဆင်ပြီး ပါဝင်တက်ရောက်တဲ့အခါ များစွာရွှင်လန်းဝမ်းမြောက်နိုင်ပါစေ။