ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ—ဟောရှေ
၁။ သင့်ကိုယ်သင် ဘယ်လိုမေးခွန်းမျိုး မေးမိနိုင်သလဲ။
၁ ‘ယေဟောဝါဘုရားအတွက် ငါ ဘာတွေကို စွန့်လွှတ်ဖို့ တလိုတလားရှိသလဲ။’ ဘုရားသခင်ပြတဲ့ ကောင်းမြတ်မှုနဲ့ သနားကြင်နာမှုတွေအကြောင်း တွေးတောဆင်ခြင်နေတဲ့အခါ အဲဒီမေးခွန်းကို သင့်ကိုယ်သင် မေးမိပါလိမ့်မယ်။ (ဆာ. ၁၀၃:၂-၄; ၁၁၆:၁၂) ဟောရှေဟာ ယေဟောဝါ မိန့်ကြားခဲ့တဲ့ အရာတွေကို လိုလိုလားလားနဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်ခဲ့တယ်။ ဟောရှေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်မလဲ။
၂။ ဟောပြောခြင်းလုပ်ငန်းမှာ ဟောရှေရဲ့စံနမူနာကို ဘယ်လိုတုပနိုင်မလဲ။
၂ ခက်ခဲတဲ့အခြေအနေမှာ ဟောပြောပါ– ဟောရှေရဲ့သတင်းတရားက စစ်မှန်တဲ့ဝတ်ပြုရေး ပျောက်လုနီးပါးဖြစ်နေတဲ့ အစ္စရေးဆယ်နွယ်နိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ ဘုရင်ယေရောဗောင် ၂ ဟာ ယေဟောဝါဘုရားရဲ့ အမြင်မှာ မကောင်းတာတွေလုပ်ပြီး ယေရောဗောင် ၁ အစပြုခဲ့တဲ့ နွားရုပ်ကိုးကွယ်မှုကို ဆက်လုပ်နေတုန်းပဲ။ (၄ ရာ. ၁၄:၂၃၊ ၂၄) နောက်ထပ်ထီးနန်းဆက်ခံခဲ့ကြတဲ့ ဘုရင်တွေကလည်း ဆယ်နွယ်နိုင်ငံကို ဘုရားနဲ့ ပိုဝေးကွာသွားအောင် လုပ်ဆောင်ခဲ့တဲ့အတွက် နောက်ဆုံး ဘီစီ ၇၄၀ မှာ အဲဒီနိုင်ငံ ဖျက်ဆီးခံလိုက်ရတယ်။ မှားယွင်းတဲ့ဝတ်ပြုရေး ပျံ့နှံ့နေပေမဲ့ ဟောရှေကတော့ ဘုရားရဲ့ပရောဖက်တစ်ယောက်အနေနဲ့ အနည်းဆုံး နှစ်ပေါင်း ၅၉ နှစ်အထိ သစ္စာရှိရှိ ဟောပြောခဲ့တယ်။ ကျွန်ုပ်တို့ကော။ လူတွေရဲ့ ဂရုမစိုက်မှုတွေ၊ ဆန့်ကျင်မှုတွေ ကြုံလာပါစေ ဆက်ပြီးဟောပြောမယ်လို့ ဆုံးဖြတ်ထားသလား။—၂ တိ. ၄:၂။
၃။ ဟောရှေရဲ့ ဘဝပုံစံက ယေဟောဝါဘုရားရဲ့ သနားကြင်နာမှုကို ဘယ်လိုသရုပ်ဖော်ခဲ့သလဲ။
၃ ယေဟောဝါဘုရားရဲ့ သနားကြင်နာမှုကို အာရုံစိုက်ပါ– “ပြည့်တန်ဆာမိန်းမ” ကိုယူဖို့ ဟောရှေကို ယေဟောဝါဘုရား ညွှန်ကြားခဲ့တယ်။ (ဟော. ၁:၂) ဂေါမာက ဟောရှေနဲ့ သားတစ်ယောက် မွေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖောက်ပြန်ပြီး ကလေးနှစ်ယောက် ထပ်မွေးခဲ့ပုံရတယ်။ ဇနီးအပေါ် ဟောရှေ လိုလိုလားလား ခွင့်လွှတ်ခဲ့ပုံက ထင်ရာစိုင်းတဲ့ အစ္စရေးလူမျိုး နောင်တရတဲ့အခါ သူတို့အပေါ် ယေဟောဝါဘုရား ခွင့်လွှတ်ပြီး သနားကြင်နာမှုပြခဲ့ပုံကို နားလည်စေတယ်။ (ဟော. ၃:၁; ရော. ၉:၂၂-၂၆) ကျွန်ုပ်တို့လည်း ယေဟောဝါဘုရားရဲ့ သနားကြင်နာမှုအကြောင်း လူအမျိုးမျိုးကို ပြောပြဖို့ ကိုယ့်အကြိုက်တွေကို လိုလိုလားလား စွန့်လွှတ်နိုင်မလား။—၁ ကော. ၉:၁၉-၂၃။
၄။ ယေဟောဝါဘုရားအတွက် ကျွန်ုပ်တို့ စွန့်လွှတ်အနစ်နာခံနိုင်တဲ့အရာတချို့က ဘာတွေလဲ။
၄ ယေဟောဝါဘုရားရဲ့ ကျေးကျွန်တချို့ဟာ ဟောပြောခြင်းမှာ အချိန်များများပါဝင်နိုင်ဖို့ ဝင်ငွေကောင်းတဲ့အလုပ်တွေကို စွန့်လွှတ်ခဲ့ကြတယ်။ တချို့က ဘုရားရေးရာလုပ်ငန်းမှာ ပိုပါဝင်နိုင်အောင် တစ်ကိုယ်ရေနေဖို့ ဒါမှမဟုတ် ကလေးမယူဖို့ ဆုံးဖြတ်ထားကြတယ်။ ဟောရှေအကြောင်း ပြန်စဉ်းစားတဲ့အခါ ‘ငါတော့ သူ့လို လုပ်နိုင်မှာမဟုတ်ပါဘူး’ လို့ စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ မဟာကရုဏာတွေအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာပြီး ခွန်အားရရှိဖို့ သန့်ရှင်းသောစွမ်းအားတော်ကို အားထားမယ်ဆိုရင် ယေဟောဝါဘုရားက ဟောရှေကို ကူညီပေးခဲ့သလို ကျွန်ုပ်တို့ကိုလည်း ကိုယ်မလုပ်နိုင်ဘူးလို့ထင်တဲ့ အလုပ်တွေကိုလုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။—မ. ၁၉:၂၆; ဖိ. ၂:၁၃။