လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာဖြစ်တဲ့ ၁၉၁၃
အမေရိကန်သတင်းစာဆရာ ဟားဘတ်ကူ့ဖ်မန်က “‘မဖြစ်နိုင်ဘူး’ ဆိုတဲ့စကားလုံးဟာ အခုတော့ ခေတ်တုံးသွားပြီ။ . . . အတိတ်တုန်းက စိတ်ကူးအိပ်မက်မှန်သမျှ အခုချိန်မှာ တကယ်ဖြစ်လာပြီ” လို့ပြောခဲ့တယ်။ အဲဒီစကားကို ၁၉၁၃၊ ဇန်နဝါရီလထုတ် ကင်းမျှော်စင် မှာ ကိုးကားဖော်ပြခဲ့တယ်။ ၁၉၁၃ ခုနှစ်မှာ လူတွေက သူတို့ ရဲ့အနာဂတ် ပိုကောင်းလာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။
အဲဒီလိုမျှော်လင့်ရတဲ့အကြောင်းရင်းတစ်ခုကတော့ နည်းပညာတိုးတက်လာလို့ပဲ။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုမှာ ဖော့ဒ်ကားကုမ္ပဏီဟာ မစ်ရှီဂန်ပြည်နယ်၊ ဟိုင်းလန်းပါ့ခ်မြို့မှာ စက်ရုံသစ်တစ်ခု ဖွင့်လှစ်ခဲ့တယ်။ နေ့ချင်းညချင်းဆိုသလိုပဲ ကားစျေးတွေ ထိုးကျသွားတဲ့အတွက် လူသန်းပေါင်းများစွာဟာ ကိုယ်ပိုင်ကားစီးနိုင်ခဲ့ကြတယ်။ ဘာကြောင့် ဒီလိုစျေးကျသွားတာလဲ။ အဲဒီစက်ရုံက ကားပစ္စည်းတွေကို စက်တန်းနဲ့တပ်ဆင်တဲ့နည်းစနစ်ကို တီထွင်နိုင်ခဲ့လို့ပဲ။ ဒီတိုးတက်မှုကြောင့် ဖော့ဒ်ကုမ္ပဏီက တီ (T) မော်ဒယ်ကားရဲ့အစိတ်အပိုင်းတွေကို အရင်ကထက် အချိန်တိုအတွင်းမှာ တပ်ဆင်နိုင်ခဲ့တယ်။ ဒါကြောင့် ကားစျေးတွေ ထိုးကျသွားတာဖြစ်တယ်။
ယေဟောဝါရဲ့လူမျိုးတွေဖြစ်တဲ့ ကျမ်းစာကျောင်းသားတွေကတော့ တခြားအကြောင်းရင်းတစ်ခုကြောင့် အနာဂတ်ပိုကောင်းလာမယ်လို့ မျှော်လင့်ကြတယ်။ သူတို့က ၁၉၁၄ ခုနှစ်ဟာ လူ့သမိုင်းမှာ ထူးခြားတဲ့နှစ်ဖြစ်မယ်လို့ ကြေညာခဲ့ပြီး အကြီးအကျယ်မျှော်လင့်ခဲ့ကြတယ်။ သူတို့ရဲ့အားသွန်ခွန်စိုက်လုပ်ဆောင်မှုကိုကြည့်ရင် အဲဒီနှစ်နီးလာလေ မျှော်လင့်ချက်ပြင်းပြလေဖြစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။
ပို့စကတ်– ပါစတာ ရပ်စယ်လ်ရဲ့ အမေရိကတိုက်ခရီးစဉ်
၁၉၁၃၊ ဇွန်လကစပြီး စည်းဝေးကြီးတွေ ဆက်တိုက်ကျင်းပခဲ့တယ်။ အမေရိကန်နိုင်ငံ၊ မစ်ဇူရီပြည်နယ်၊ ကန်စပ်စ်မြို့မှာ တစ်ရက်ကြာစည်းဝေးကြီးကို စတင်ကျင်းပခဲ့တယ်။ နောက်လေးပတ်လုံးလုံး ညီအစ်ကိုညီအစ်မ ၂၀၀ ကျော်ဟာ ရထားစင်းလုံးငှားပြီး အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းနဲ့ ကနေဒါနိုင်ငံတစ်လျှောက် ခရီးဆန့် ခဲ့ကြတယ်။ စည်းဝေးကြီးတိုင်းမှာ လူသစ်တွေကို သိချင်တာမှန်သမျှ မေးခွင့်ပေးခဲ့တယ်။ လူထောင်ပေါင်းများစွာက မေးခွန်းတွေမေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျမ်းစာကျောင်းသားတွေက စိတ်ဝင်စားသူတွေကို ဆက်သွယ်ခဲ့ကြတယ်။
၁၉၁၃ ခုနှစ်မှာ ဘရွတ်ကလင်ဌာနချုပ်က ညီအစ်ကိုညီအစ်မတွေဟာ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ထုတ်လုပ်ဖို့ အလုပ်များခဲ့ကြတယ်။ အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက်နဲ့တေးသံကို ရောင်စုံမှန်ဆလိုက်ပုံတွေ၊ ရုပ်ရှင်တွေနဲ့ တစ်ပြိုင်နက်တင်ဆက်ထားတဲ့ ဒီပြဇာတ်ဟာ ရှစ်နာရီကြာတယ်။ “ဓာတ်ပုံပြဇာတ်” အားဖြင့် စိတ်ဝင်စားသူသန်းပေါင်းများစွာဆီ သတင်းကောင်းရောက်ရှိနိုင်လိမ့်မယ်လို့ ကျမ်းစာကျောင်းသားတွေ မျှော်လင့်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက သတင်းကောင်းကြေညာသူ ၅,၁၀၀ လောက်ပဲရှိပေမဲ့ သူတို့ရဲ့ရည် ရွယ်ချက်ကတော့ “ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူများနိုင်သမျှများများကို ပြသနိုင်ဖို့ပဲ။”
၁၉၁၄ မှာ ဘာဖြစ်လာမလဲ။ “ဓာတ်ပုံပြဇာတ်” ကို လူတွေဘယ်လိုတုံ့ ပြန်မလဲ။ လူမျိုးခြားအချိန်ကုန်ဆုံးတဲ့ ဆောင်းဦးရာသီမှာ ဘာဖြစ်လာမလဲ။ ကျမ်းစာကျောင်းသားတွေဟာ ယေဟောဝါထောက်မပေးမယ်ဆိုတာကို ယုံကြည်ရင်း အဲဒီမေးခွန်းတွေရဲ့အဖြေကို သိချင်စိတ်ပြင်းပြစွာ စောင့်မျှော်ခဲ့ကြတယ်။
မကြာခင်ဖြစ်လာတော့မယ့် ပထမကမ္ဘာစစ်ကြီးကြောင့် အနာဂတ်နဲ့ပတ်သက်တဲ့ လူတွေရဲ့မျှော်လင့်ချက် ပျက်စီးသွားလိမ့်မယ်။ နည်းပညာတိုးတက်မှုက လူတွေကြုံနေရတဲ့ပြဿနာတွေကို ဖြေ ရှင်းပေးနိုင်မှာမဟုတ်ဘူး။ လာမယ့်နှစ်ဟာ ကျမ်းစာကျောင်းသားတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်။