ကနေရီကျွန်းစု သမသော ရာသီဥတု၊ ညှို့ယူဖမ်းစားနိုင်သော ရှုမျှော်ခင်း
စပိန်နိုင်ငံမှ နိုးလော့! သတင်းထောက် ပေးပို့သည်
ဟာကျူလီ တိုင်လုံးကြီးများ အလွန် ဝေးလံသည့် ပင်လယ်ပြင်တစ်ဖက်၌ အထူးနှစ်လိုဖွယ်ကောင်းသော ကျွန်းအချို့ တည်ရှိသည်ဟု ရှေးအခါက ပြောစမှတ် ရှိခဲ့သည်။ မြေသြဇာ ကြွယ်ဝကောင်းမွန်ပြီး ရာသီဥတု သမသဖြင့် မည်သည့်အရာမဆို ကောင်းစွာ ရှင်သန်ပေါက်ရောက်နိုင်သည်။ ၎င်းကျွန်းတို့မှာ သုခချမ်းသာနှင့် ပြည့်စုံသော ကျွန်းများ ဖြစ်သည်ဟု အဆိုရှိသည်။ ယခုအခါ ၎င်းတို့သည် ကနေရီကျွန်းစု ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရသည်။ “ကနေရီ” ဟူသော ဝေါဟာရမှာ လက်တင်ဘာသာ ကဲင်းနစ္စ မှ ဆင်းသက်၍ ကျွန်းပေါ်တွင် တစ်ချိန်က အမြောက်အမြား ကျက်စားခဲ့သည့် ခွေးဆိုးကြီးများကို ရည်ညွှန်းသည်။
ရောမနှင့် ဂရိ စာရေးဆရာများက အပြောင်မြောက်ဆုံး ရေးသားသီကုံးကြသော အမှန်တစ်ဝက် စိတ်ကူးတစ်ဝက် ရောနှောထားသည့် ဤစိတ်ကူးယဉ် ဇာတ်လမ်းမှာ ခရစ်တော်လက်ထက် မတိုင်မီက အတ္တလန်တိတ် သမုဒ္ဒရာကို လူးလာခေါက်ပြန် ရွက်လွှင့်ခဲ့ကြသည့် သတ္တိပြောင်သော သင်္ဘောသားအချို့ ပြောပြသည့် ဇာတ်လမ်းများပေါ် အခြေပြုထားသည်။ ယခုခေတ်တွင် ကမ္ဘာလှည့် ခရီးသည်များသည် ရှေးခေတ်က သင်္ဘောသားများ၏ ခြေရာများကို ပြန်ကောက်ကြသည်။ ညှို့ယူဖမ်းစားနိုင်သည့် အရာအချို့ နှင့် ဆန်းကြယ်မှု အတော်များများ ကွယ်ပျောက်သွားလင့်ကစား ၎င်းကျွန်းစုမှာ အမှန်ပင် တည်ရှိနေသည်။ ၎င်း၏ ရာသီဥတုမှာ အလွန်ပင် သမသောကြောင့် ဥရောပမြောက်ပိုင်း၏ ကြမ်းတမ်းသော ဆောင်းဥတုဒဏ်မှ သက်သာရာကို ရှာယူကြသည့် သန်းပေါင်းများစွာသော ဧည့်သည်တော်များကို ဆွဲဆောင်နိုင်လောက်အောင် ညှို့ယူဖမ်းစားနိုင်သည်။
နွေးထွေးသမသည့် ရာသီဥတုသာ တစ်ခုတည်းသော ဆွဲဆောင်မှု မဟုတ်ပါ။ ၎င်းကျွန်းစု၌ ပြိုင်စံကင်းသည့် ရှုမျှော်ခင်းနှင့် အပင် မျိုးပေါင်း စုံလင်စွာ ရှိသဖြင့် အဓိက ကျွန်းကြီး ခုနစ်ကျွန်းအနက်မှ လေးကျွန်းတွင် အမျိုးသား ဥယျာဉ်များပင် တည်ထောင်ဖွင့်လှစ်ထားသည်။
တယ်နာရစ်ဖ်ကျွန်း—တိမ်တိုက်ထက်မှ ကျောက်ဆောင် ဥယျာဉ်
အကြီးဆုံးကျွန်း ဖြစ်သည့် တယ်နာရစ်ဖ် (Tenerife) ကျွန်းကို ပီကို ဒဲ တေးဒဲ (Pico de Teide) အမည်ရှိ မီးတောင်မြုံက စိုးမိုးထားသည်။ ယင်းမီးတောင်သည် အတ္တလန်တိတ် သမုဒ္ဒရာမှ တလိပ်လိပ် တက်လာသည့် မိုးတိမ်များ၏ အထက်ပိုင်းအထိ ထိုးထွက်နေသည်။ မီးတောင်ထိပ်ဝ ပတ်ပတ်လည်တွင် ကုန်းပြင်မြင့်ကြီးတစ်ခု တည်ရှိသည်။ ဤကုန်းပြင်မြင့်ကြီးနှင့် ခန့်ညားထည်ဝါသော မီးတောင်တို့ကို ပေါင်းစပ်၍ တေးဒဲ အမျိုးသားဥယျာဉ်ဟု ခေါ်သည်။ ဤဥယျာဉ်အတွင်း၌ နွေဦးရာသီ အနှောင်းပိုင်းနှင့် နွေရာသီ အဦးပိုင်းတွင် ထူးခြားသော သစ်ပင်ပန်းပင်များ ပွင့်လန်းကြသည်။ အကြောင်းမှာ ထိုအချိန်တွင် အပင်များသည်ဆောင်းနှင်းများမှ စုပုံကျရောက်သည့် အစိုဓာတ်၏ ကျေးဇူးကြောင့် အစွမ်းကုန် ဖူးပွင့်ဝေဆာကြခြင်း ဖြစ်သည်။ ပြောင်တလင်း ခါနေသော မီးတောင်နယ်မြေတစ်ဝိုက်သည် အရောင်အသွေး စိုပြည်တောက်ပသည့် ကျောက်ဆောင်ဥယျာဉ်အဖြစ်သို့ တစ်မုဟုတ်ခြင်း အသွင်ပြောင်းသွားလေသည်။
ဥယျာဉ်ထဲတွင် ဖူးပွင့်သည့် အလွန်ရှားပါးသည့် ပန်းနှစ်မျိုးမှာ အခြားမည်သည့်ဒေသ၌မျှ ပေါက်ရောက်ခြင်း မရှိပေ။ ၎င်းတို့မှာ တက်ဂျီနက်စ် (tajinaste) အနီမျိုးနှင့် တေးဒဲ (Teide) ခရမ်းပြာရောင်မျိုးတို့ ဖြစ်ကြသည်။ တက်ဂျီနက်စ် အနီမျိုးသည် ၎င်းကျွန်းစုတွင် ပေါက်ရောက်သည့် အပင်များအနက် စွဲမက်စရာ အကောင်းဆုံး ဖြစ်သည်မှာ စောဒက တက်စရာ မရှိပေ။ ထောင်နှင့်သောင်းနှင့်ချီ၍ အဆုပ်လိုက် ပွင့်သည့် ပန်းနီနီလေးများသည် ခြောက်ပေကျော် အမြင့်ရှိသော ရိုးတံထီးထီးတွင် ရစ်ပတ်၍ ပွင့်ကြသည်။ ဤသို့မြင့်မြင့်မားမား ပွင့်ကြသည့် ပန်းများသည် အပြာရင့်ရောင် မိုးကောင်းကင်အား အလေးပြုနေကြသော အနီရောင် ပန်းခေါင်းတိုင်များနှင့် အလားသဏ္ဌာန် တူကြသည်။
မီးတောင်ကြီး၏ လည်တိုင်ကို ပန်းခရမ်းဖျော့အရောင် ရှိသော ပန်းကုံးဖြင့် အလှဆင်ပေးသည့် တေးဒဲ ခရမ်းပြာရောင်ပန်းသည် ဇွဲနပဲကြီးသည့်နေရာတွင် စံတင်လောက်ပေသည်။ ၎င်းသည် ပေပေါင်း ၁၂,၀၀၀ အမြင့်ရှိသောမီးတောင်ထိပ်မှ ပေအနည်းငယ်အကွာလောက်တွင် ပေါက်ရောက်ကြသည်။ ဤအမြင့်တွင် အခြားမည်သည့်အပင်မျိုးမှ ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိပေ။
လာပါလ်မာကျွန်း—စိမ်းလန်းစိုပြည်သော မီးတောင်ဇောက်နက်အိုးကြီး
လာပါလ်မာ ကျွန်းပေါ်ရှိ မီးတောင်ဝသည် ကမ္ဘာပေါ်တွင် အကြီးဆုံး မီးတောင်ဝများအနက် တစ်ခုဖြစ်သည်။ ယင်း၏ နှုတ်ခမ်းဝသည် အချင်း ၁၇ မိုင်ခန့် ရှိပြီး ပေပေါင်း ၈,၀၀၀ နီးပါး မြင့်သည်။ ကျွန်း၏ အလယ်ဗဟိုကို နေရာယူထားသည့် အောက်ပိုင်းရှိ ကြီးမားသော ချိုင့်ဝှမ်းသည် ပြိုကျသွားသည့် မီးတောင်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ မိုးဒဏ်လေဒဏ်ကြောင့် ယခုကဲ့သို့ ကြီးမားသော ဇောက်နက်အိုးကြီးပုံစံ ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် စပိန်အမည် ကားလ်ဒဲရာ (caldera စပိန်ဘာသာဖြင့် ဇောက်နက်အိုးကြီး) ဖြင့် ကမ္ဘာတစ်ဝန်းရှိ အလားတူ မီးတောင်ဝမျိုးကို တင်စားခေါ်ဝေါ်ကြသည်။a
ယခုအခါ အမျိုးသားဥယျာဉ် ဖြစ်နေသည့် ဤဇောက်နက်အိုးကြီး တစ်ခုလုံးနီးပါးကို လှပတင့်တယ်သော ထင်းရှူးတောကြီးက ဖုံးလွှမ်းထားသည်။ ကနေရီထင်းရှူးပင်မျိုးမှာ အဓိက ကျသောအပင် ဖြစ်ပြီး အလွန်မတ်စောက်သည့် ကုန်းစောင်းများမှလွဲ၍ တစ်တောင်လုံးကို ဖုံးလွှမ်းထားသောကြောင့် မီးတောင်ဝ၏ ကမ်းပါးယံများ ထပ်၍ ပြိုကျခြင်း မရှိရလေအောင် ကာကွယ်ပေးထားသည်။ အသွားအလာ ခက်ခဲမှုကြောင့် ပြင်ပကမ္ဘာနှင့် လုံးဝနီးပါး အဆက်ပြတ်နေသည့်အတွက် လူတို့၏ ဖျက်ဆီးခြင်း မခံရသော ဤမီးတောင်ဝမှာ အတွင်းပိုင်းသို့ဝံ့ဝံ့စားစား ဝင်ရောက်စူးစမ်းကြသည့် သဘာဝတရား မြတ်နိုးသူတို့အဖို့ အလှတရားနှင့် ငြိမ်းချမ်းမှုများ စုဝေးသည့် ခိုနားရာနေရာ ဖြစ်ပေသည်။
ဂိုမာရာကျွန်း—အမေရိကတိုက်သို့ သွားရာခုတုံး
မထင်မရှားသော ဤကျွန်းကလေးမှတစ်ဆင့် ကိုလမ်ဘတ်စ်သည် သူမသိသောအရပ်သို့ ရွက်လွှင့်၍ စွန့်စားထွက်ခွာခဲ့သည်။ ၎င်းကျွန်းကို စပိန်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးခါစသာ ရှိသေးသည်။ ကိုလမ်ဘတ်စ်သည် ဆန် ဆက်ဘက်စတီးယန်း ဆိပ်ကမ်းလေးတွင် ဆိုက်ကပ်၍ ရေနှင့် ရိက္ခာများ တင်ဆောင်ခဲ့သည်။
ကိုလမ်ဘတ်စ်လက်ထက်၌ ၎င်းကျွန်းသားများ ဖြစ်ကြသော ဂွန်ချဲစ်တို့၏ နေထိုင်မှုမှာ အလွန်ရှေးကျသေးသော်လည်း ၎င်းတို့သည် အလိုက်အထိုက် ပြုပြင်ပြောင်းလဲတတ်သူများ ဖြစ်ကြသည်။ ၎င်းဒေသ၏ တောင်ကုန်းထူထပ်သည့် သဘာဝ အနေအထားကြောင့် ၎င်းတို့သည် လေချွန်သံဖြင့် ဆက်သွယ်သည့် ထူးခြားသော ဘာသာစကားတစ်မျိုးကို တီထွင်လိုက်ကြသည်။ ယင်းဘာသာစကားဖြင့် သူတို့သည် မိုင်ပေါင်း အတော်အတန် ကွာဝေးသည့် ခင်တန်း တစ်ခုမှတစ်ခုသို့ အချင်းချင်း စကားပြောနိုင်ကြသည်။ “လေချွန်သံဖြင့်” ဆက်သွယ်သည့် ဤဘာသာစကားကို လူအများက မေ့လျော့ခဲ့ကြပြီ ဖြစ်သော်လည်း အသက်ကြီးပိုင်းအချို့ကမူ သတင်းတစ်ခုကို မြန်မြန်ဆန်ဆန် ပို့လိုသည့်အခါမျိုး၌ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိသေးသည်။ တသီးတခြား ဖြစ်နေသည့် ကျေးရွာများတွင် ဟောပြောနေကြသည့် ယေဟောဝါသက်သေများသည် တောင်ကုန်းထိပ်မှ လေချွန်၍ “သက်သေခံများ ရောက်နေတယ်” ဟူသည့် သတင်းပေးပို့ချက်ကို တစ်ကြိမ်မက ကြားဖူးကြသည်။
ကျွန်း၏ တောင်စောင်းခပ်မြင့်မြင့်၌ သဘာဝ သစ်တောတစ်ခုကို ထိန်းသိမ်းကာကွယ်ထားသည့် အမျိုးသားဥယျာဉ်တစ်ခု တည်ရှိသည်။ သစ်တောအတွင်း၌ မှောင်မိုက်၍ အမြဲတမ်းလိုလို မြူနှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသည့်အပြင် ငှက်မွေးနှင့်တူသော လိုက်ကင်အပင်လေးများ ပေါက်နေသည့် သစ်ကိုင်း ကောက်ကောက်ကွေးကွေးများကို နေရာတကာ၌ တွေ့ရသဖြင့် နှစ်ရှည်လများ မေ့မေ့လျော့လျော့ ဖြစ်နေသည့် နတ်သမီးပုံပြင်များကို အမှတ်မထင် ပြန်လည် သတိရစေသည်။ ဤနေရာ၍ ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုမှာ သစ်ပင်များ၏ အောက်ပိုင်း တွင် အများအားဖြင့် မိုးရွာတတ်ခြင်းပင် ဖြစ်သည်။ တိုက်မြဲလေ ဖြစ်သည့် မြောက်လေနှင့် ပါလာသော မိုးတိမ်များသည် ၎င်းသစ်တောပေါ်မှ ဖြတ်သန်းသွားသည့်အခါ သစ်ပင်များက ရေငွေ့များကို နို့ညှစ်သကဲ့သို့ “ညှစ်” ယူလိုက်သည်။ ဤသို့ဖြင့် သစ်ပင်များ၏ အထက်ပိုင်း၌ လုံးဝ မိုးမရွာသော်လည်း အောက်ပိုင်း၌ အမြဲတမ်းလိုလို မိုးဖွဲဖွဲ ရွာနေတတ်သည်။
၎င်းလောရယ်လ်သစ်တော (laurisilva ဟု ခေါ်သည်) မျိုးသည် တစ်ချိန်က မြေထဲပင်လယ်ဒေသအနှံ့ ရှင်သန်ပေါက်ရောက်ခဲ့ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများက ပြဆိုကြသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် ရာသီဥတု ပြောင်းလဲမှုကြောင့် ယင်းသစ်တော၏ နယ်ပယ်အပိုင်းအခြားသည် ကနေရီကျွန်းစုရှိ တောင်ထိပ်အနည်းငယ်အထိ တစ်မုဟုတ်ချင်း ကျုံ့သွားခဲ့သည်။
လန်ဇာရိုတဲကျွန်း—တစ်မူထူးခြားသော သဲကန္တာရကျွန်း
လန်ဇာရိုတဲကျွန်းသည် သဲကန္တာရကျွန်း ဖြစ်သည်။ လူသူကင်းမဲ့သောကျွန်း မဟုတ်သော်လည်း ပတ်ဝန်းကျင် အခြေအနေမှာ သဲကန္တာရနှင့် ဆင်တူလှသည်။ မိုးရွာသွန်းမှု မရှိသလောက်ပင် ဖြစ်သည်။ ဒေသခံ လူဦးရေ အနည်းစုအဖို့ အသက်ရှင် ရပ်တည်ရေးသည် အစဉ်သဖြင့် ခက်ထန်ကြမ်းတမ်းခဲ့သည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာမတိုင်မီက မီးတောင် အကြီးအကျယ် ဆက်တိုက် ပေါက်ကွဲခဲ့ရာမှ ကျွန်း၏ မြေမျက်နှာပြင် ပြောင်းလဲသွားခဲ့သည်။ မီးတောင်သည် လူတို့အတွက် သေခြင်းနှင့် ရှင်ခြင်းကို ဆောင်ကြဉ်းပေးခဲ့သည်။ သေခြင်းဆိုရာ၌ ကျွန်း၏ လေးပုံတစ်ပုံကို ချော်ရည်စီးကြောင်းများ ဖုံးလွှမ်းသွားသဖြင့် ကျေးရွာနှင့် အိမ်ခြံ အမြောက်အမြား ရုတ်ခြည်းကွယ်ပျောက်သွားခြင်း ဖြစ်သည်။ ရှင်ခြင်းဆိုရာ၌ မီးတောင်များမှ ချော်ပြာများဖြင့် ကျွန်းသားများ အသက်မွေးဝမ်းကြောင်း ပြုလာနိုင်ကြခြင်း ဖြစ်သည်။
မီးတောင်ပေါက်ကွဲမှုက တင်ကျန်စေခဲ့သည့် ရေစိမ့်နိုင်သော ကျောက်စရစ်ခဲများ၏ ကျေးဇူးကြောင့် ကျွန်းသားများသည် လနှင့်ချီ၍ မိုးမရွာသည့်တိုင်အောင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ကြသည်။ စိုက်ကွက်များကို လေးလက်မထု ရှိသော ကျောက်စရစ်ခဲအလွှာဖြင့် ဖုံးအုပ်ကြသည်။ ၎င်းအလွှာသည် အောက်ဘက်ရှိ မြေကြီးမှ အစိုဓာတ်ကို ထိန်းပေးသည့်အပြင် ညဘက် စိုထိုင်းသော လေထဲမှ အစိုဓာတ်ကို စုပ်ယူ၍ အောက်ဘက်ရှိ မြေလွှာသို့ ပို့ပေးသည်။ စပျစ်ခြံများ၊ သဖန်းပင်များ၊ ခရမ်းချဉ်သီး၊ ပြောင်းနှင့် အခြားကောက်ပဲသီးနှံများလည်း မည်းနက်သော ကျောက်စရစ်ခဲများမှ မမျှော်လင့်ဘဲနှင့် ပေါက်လာကြသည်။
တီမန်ဖားယား အမျိုးသား ဥယျာဉ်၌မူ ရင်သပ်ရှုမောဖွယ်ကောင်းသော မီးတောင်ဝများနှင့် ၎င်းတို့၏ ပတ်လည်ရှိ ချော်ရည်များ ဝိုင်းပတ်ထားသည့် ကျယ်ပြောသော ဒေသများပါ အကျုံးဝင်သည်။ သဲကန္တာရဆန်သော ရာသီဥတုက ခဲနေသည့် ချော်ရည်များကို နဂိုပကတိအတိုင်း ထိန်းသိမ်းပေးထားသဖြင့် ၎င်းဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုသူတို့အနေဖြင့် မနေ့တစ်နေ့ကမှ မီးတောင်ပေါက်ကွဲပြီးသွားသည်ဟု ထင်မှတ်စရာ ဖြစ်စေသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သည့် ထင်ရှားသော ပတ်ဝန်းကျင်မြင်ကွင်းနှင့်အတူ ပန်းချီကားတမျှ ရှုချင်စဖွယ် ဖြစ်သော အဖြူရောင်ရှိ ကျေးရွာများသည် ဤကျွန်း၏ တစ်မူထူးခြားသည့် စိတ်ကူးယဉ်အလှတရားပင် ဖြစ်တော့သည်။
ရှုမောမဆုံးသော ဤမီးတောင်ကျွန်းများသည် ကျွန်းသူကျွန်းသားနှင့် ယင်းကျွန်းတို့၌ ပေါက်ရောက်သည့် အပင်များ၏ အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်သော အစွမ်းကို မှတ်တမ်းတင်လိုက်သော ရလဒ်ဖြစ်သည်မှာ ယုံမှားဖွယ် မရှိပေ။ ထိုမျှမက ယင်းတို့၏ သဘာဝအလှတရားသည် ကြည်ညိုလေးစားစိတ် ရှိသော လာရောက်လည်ပတ်သူတို့ကို အမျိုးအမည် စုံလင်စွာ ဖန်ဆင်းတော်မူသောအရှင်အား ချီးမွမ်းဂုဏ်ပြုလိုစိတ် တဖွားဖွား ပေါ်ပေါက်စေပေသည်။
[အောက်ခြေမှတ်ချက်များ]
a အမေရိကန် ပြည်ထောင်စု အော်ရီဂွန် ပြည်နယ်ရှိ မီးတောင်ဝရေအိုင်မှာ နောက်ပိုင်းတွင် ရေပြည့်သွားသည့် ထင်ရှားကျော်ကြားသော ဇောက်နက်အိုးကြီးတစ်ခု ဖြစ်သည်။
[စာမျက်နှာ ၂၀ လေးထောင့်ကွက်/ရုပ်ပုံ]
ကနေရီကျွန်းစု၏ သစ်ပင်ပန်းပင်များနှင့် တိရစ္ဆာန်များ
ကနေရီစာငှက်။ (၁) ဤကျွန်းစုကို အစွဲပြု၍ ပေးထားသောအမည် ဖြစ်သည်။ ဤငှက်မျိုးသည် အရိုင်းဓလေ့အတိုင်း အမြောက်အမြား ရှိနေသေးသော်လည်း လှောင်ချိုင့်နှင့် မွေးသည့် လူကြိုက်များသော ကနေရီ စာငှက်လောက် အရောင်အသွေး လှပခြင်း မရှိပေ။ လှောင်ချိုင့်နှင့် မွေးသည့် စာငှက်များမှာ လွန်ခဲ့သော ရာစုနှစ် လေးခုအတွင်း လူတို့ စနစ်တကျ ရွေးချယ်မွေးမြူလာခြင်း၏ ရလဒ်သာ ဖြစ်သည်။
အီအိုးနီးယမ်း မျိုးစိတ်များ။ (၂) ကျွန်းစုပေါ်တွင် အမျိုးပေါင်းနှစ်ဒါဇင် တွေ့ ရှိထားသည့်အနက် အများစုမှာ ကျောက်ဆောင်နံရံ အက်ကြောင်းများတွင် ပေါက်ကြသည်။ အီအိုနီးယမ်း လဲန်ဆာရော့တဲင်းစစ္စ (Aeonium lancerottensis) ကဲ့သို့သော (၃) မျိုးစိတ်အချို့မှာ ကျောက်ဖြစ်သွားသည့် ချော်ရည်ခဲပေါ်၌ပင် ပေါက်ရောက်ကြသည်။
တေးဒဲ ခရမ်းပြာရောင်ပန်း။ (၄) နုနယ်လှသော ဤပန်းများသည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၁၂,၀၀၀ ခန့် အမြင့်ရှိ ခက်ထန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကောင်းစွာ ရှင်သန်ပေါက်ရောက်ကြသည်။
ငှက်ပျောပင်။ (၅) ငှက်ပျောကို ကနေရီကျွန်းစုတွင် ရာစုနှစ်နှင့်ချီ၍ စိုက်ပျိုးခဲ့ကြသည်။ အမေရိကတိုက်ကို တွေ့ ရှိပြီးနောက် မကြာမီ စပိန် ကိုလိုနီထူထောင်သူတို့က ငှက်ပျောပင်ကို ကရေဘီယံဒေသသို့ ယူဆောင်စိုက်ပျိုးကြသည်။
တာဂျင်နက်စ် အနီမျိုး။ (၆) အဆုပ်လိုက် ပွင့်သည့် ပန်းနီနီကလေးများသည် များသောအားဖြင့် ခြောက်ပေကျော် မြင့်သော ရိုးတံထီးထီးကို ရစ်ပတ်၍ ပွင့်ကြသည်။
နဂါးပင်။ (၇) ကျွန်းပေါ်တွင် အလွန် ရှားပါးသည့် အဖိုးတန် သစ်ပင်မျိုး ဖြစ်သည်။ ပုံပါအပင်သည် သက်တမ်း နှစ်ပေါင်း သုံးထောင် ရှိပြီဟု ဆိုသည်။ ဤသစ်ပင်ကဲ့သို့သော ရှေးကျ၍ ထူးဆန်းသော အပင်များကို မြူနီစီပါယ် ဥယျာဉ်အတွင်း ဂရုတစိုက် ပြုစုပျိုးထောင်ထားသည်။
[စာမျက်နှာ ၁၈ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင် ကြည့်ပါ)
လာပါးလ်မာ
တဲနာရစ်ဖ်
ဂိုမာရာ
ဟီအာရို
လန်ဇရိုတီ
ဖြူအာတဲဗင်တူရာ
ဂရဲန်း ကနေရီ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံများ]
၁။ ကနေရီစာငှက်
၂။ အီအိုးနီးယမ်း မျိုးစိတ်များ
၃။ Aeonium lancerottensis
၄။ တေးဒဲ ခရမ်းပြာရောင်ပန်း
၅။ ငှက်ပျောပင်။
၆။ တာဂျင်နက်စ် အနီမျိုး
၇။ နဂါးပင်
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံများ]
တဲနာရစ်ဖ်ကျွန်းကို မီးတောင်မြုံ ပီကို ဒဲ တေးဒဲ က လွှမ်းမိုးထားသည်
၁။ ဂရန္နာဒီလ်လို
၂။ တာဘိုင်ဘာ မာယိုရယ်ရာ
၃။ ဗဲရိုလ်ဒူလ်စ်
၄။ အယ်စီလာ
၅။ ဟီအာဘာ ဘလန်ကာ
၆။ တေးဒဲ ခရမ်းပြာရောင်ပန်း