မိကျောင်းကို အနီးကပ်လေ့လာခြင်း
ကင်ညာနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
အမေရိကန် ကမ္ဘာလှည့်ခရီးသည်တစ်ဦးသည် မာရာမြစ်ကမ်းပါးတွင် ရေမြင်းများကို အငမ်းမရဓာတ်ပုံရိုက်နေစဉ် ကျောက်တုံးများပေါ်မှခြေချော်၍ ရေထဲသို့ကျသွားလေသည်။ ဤအဖြစ်က နေပူစာလှုံနေသော အရေထူသတ္တဝါတစ်ကောင်ဖြစ်သည့် မိကျောင်း၏အာရုံကို ဖမ်းစားလိုက်သည်။ ဤတွားသွားသတ္တဝါမျိုးသည် ငါးကိုစားနေကျဖြစ်သဖြင့် မြိန်ရှက်သော၎င်းစားစရာကို တွေ့လိုက်သည့်အခါ မနေနိုင်တော့ဘဲ ချက်ချင်းပင် ရေထဲသို့ဆင်း၍စူးစမ်းလေ၏။ တော်ပါသေးရဲ့၊ ထိုကမ္ဘာလှည့်ခရီးသည်သည် သူ့ထံသို့ မိကျောင်းရှေ့ ရှုလာနေသည်ကို တွေ့လိုက်သည်နှင့် ကမ်းပေါ်သို့လျင်မြန်စွာပြေးတက်လိုက်သည်။ မည်မျှလျင်မြန်သနည်းဟူမူ ရေပေါ်၌လမ်းလျှောက်သည့်အလား ထင်မှတ်ရသည်!
အာဖရိကတိုက်မှ မြစ်ချောင်းအင်းအိုင်များနှင့် နွံတောစိမ့်မြေများသို့ရောက်လာကြသည့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မိကျောင်းများကို မကြာခဏတွေ့ မြင်နိုင်ကြသော်လည်း အထက်ဖော်ပြပါ အထိတ်တလန့်ဖြစ်သွားရသော ကမ္ဘာလှည့်ခရီးသည်အဖို့ဆိုလျှင် မိကျောင်းနှင့်တွေ့ဆုံရခြင်းသည် အလွန်နီးကပ်လှသည်ဟုဆိုနိုင်သည်။ ကင်ညာနိုင်ငံသည် နိုင်းလ်မြစ်မှမိကျောင်းများ၏ ဇာတိမြေဖြစ်သည်။ တိုင်းရင်းဆွာဟီလီဘာသာစကား၌ မိကျောင်းကို မမ်ဘာ ဟုခေါ်သည်။ မိကျောင်းများသည် အလျား ၂၃ ပေအထိရှည်ပြီး တွားသွားသတ္တဝါဖြစ်သည့်ပြင် ကုန်းရေနှစ်တန်စလုံးတွင် လျင်မြန်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်သည်။ ၎င်းတို့၏အမြီးသည် ပြား၍လှော်တက်သဏ္ဌာန်ရှိသောကြောင့် ရေထဲတွင်လျင်မြန်စွာသွားလာနိုင်သည်။ တစ်နာရီလျှင် ၂၅ မိုင်နှုန်းအထိကူးခပ်နိုင်သည်။ ၎င်းပြင် ရေအောက်တွင် နှစ်နာရီ၊ သုံးနာရီကြာသည်အထိပင် နေနိုင်ကြသည်။ ကုန်းပေါ်တွင် အလွန်လျင်မြန်သည့်အဟုန်ဖြင့် တဒင်္ဂမျှပြေးလွှားနိုင်သည်။
ထို့ကြောင့် သမ္မာကျမ်းစာက မိကျောင်းကိုရည်ညွှန်းပုံရသော လဝိသန်ကို ဘုရားသခင်ဖန်ဆင်းတော်မူရာ ကြောက်မက်ဖွယ်သတ္တဝါအဖြစ် ပုံဖော်ထားသည်မှာ အံ့ဩစရာမဟုတ်ပါ။ “[လဝိသန်] အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ တိုက်ခိုက်မှုကိုသတိရ၍ နောက်တစ်ဖန်မပြုချေ။ . . . ရက်စက်ကြမ်းကြုတ်သည်ဖြစ်၍ အဘယ်သူနှိုးဆော်ဝံ့မည်နည်း” ဟူ၍ယောဘ ၄၁:၈၊ ၁၀ (သမ္မာ) ကဆို၏။ အလွန်အမြော်အမြင်ကြီးမားသောသတိပေးချက်ပါတကား! မောရစ္စ ရစ်ချဒ်ဆန်ရေးသားသည့် The Fascination of Reptiles စာအုပ်အရ မိကျောင်းများသည် ပဲ့ချိတ်စက်လှေများကိုပင် တိုက်ခိုက်တတ်ကြသည်။ “သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ဖြစ်ကြ၏” ဟူ၍ယောဘ ၄၁:၂၅ ကလျောက်ပတ်စွာဆို၏။
လူတို့သည် အကြေးခွံမာများရှိသော ဤသတ္တဝါကိုတွေ့လိုက်သည်နှင့် အဘယ်ကြောင့် ကြောက်လန့်ထွက်ပြေးကြသနည်း။ အခန်းငယ် ၁၄ ၌ အကြောင်းရင်းတစ်ရပ်ကို ဤသို့ရှင်းပြထားသည်– “သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏သွားတန်းတို့သည် ကြောက်မက်ဖွယ်ဖြစ်ကြ၏။” မိကျောင်းတို့၏ အထက်အောက်မေးရိုးတစ်ခုစီ၌ အရွယ်အစားမတူသောသွား ၂၄ ချောင်းအထိရှိပြီး တစ်သက်တာအတွင်း အဆက်မပြတ်အသစ်လဲလျက်ရှိသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ မိကျောင်း၏အောက်မေးရိုးမှထွက်သော စတုတ္ထမြောက်သွားသည် ပါးစပ်ပိတ်ထားသည့်အခါ၌ အပေါ်မေးရိုးရှိအဟိုက်တွင် အံဝင်ခွင်ကျဖြစ်နေပြီး ၎င်းကိုကောင်းစွာတွေ့ မြင်နိုင်သည်။ ဤအချက်က ၎င်းတို့နှင့်အမျိုးတော်စပ်သော မိကျောင်းခေါင်းတို (alligator) နှင့်ကွဲပြားစေသည်။ ပြဿနာမှာ သင့်အနေဖြင့် မိကျောင်းသွားအားလုံးကို အလွန်နီးကပ်စွာ စစ်ဆေးကြည့်ရှုမည်ဆိုပါက သင်သည် မိကျောင်းစာဖြစ်သွားလိမ့်မည်!
ထို့ကြောင့် သင့်အနေဖြင့် မိကျောင်းကို စိတ်ချလုံခြုံမှုရှိသော အပေါ်စီးနေရာမှ အနီးကပ်လေ့လာလိုပေမည်။ ကင်ညာနိုင်ငံရှိ နေရာအတော်များများတွင် ထိုသို့ပြုနိုင်သည်။ ဥပမာ၊ မွမ်ဘာဆာရှိ မမ်ဘာရွာသည် မိကျောင်းများကိုလှောင်၍ မွေးမြူသည့်နေရာဖြစ်ပေသည်။
‘မိကျောင်းကို လူတွေဘာကြောင့် မွေးမြူကြသလဲ’ ဟူ၍သင်မေးပေမည်။ တစ်ချက်အနေနှင့် ၎င်းတို့ မျိုးမသုဉ်းအောင် ကာကွယ်ထိန်းသိမ်းခြင်းဖြစ်သည်။ အရိုင်းဓလေ့အတိုင်း မိကျောင်းတို့သည် ပထမနှစ်သက်တမ်းအတွင်း သေဆုံးသည့်နှုန်း ၉၉-ရာခိုင်နှုန်းရှိသည်။ မိကျောင်းဥနှင့် မိကျောင်းပေါက်ကလေးများကို ဖွတ်၊ ငှက်ကျားကြီးမျိုးနှင့် အချို့သောလူတို့က ခံတွင်းတွေ့ ကြသည့်ပုံရသည်။ သို့သော် မိကျောင်းမွေးမြူရေးခြံအတွင်း စနစ်တကျမွေးမြူထားသည့်မိကျောင်းတို့၏ သေဆုံးမှုနှုန်းသည် ၁၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားသည်။ တစ်နှစ်အတွင်း မိကျောင်းကလေးများသည် အလျားငါးပေအထိရှိလာသည်။ အန္တရာယ်ရန်စွယ် တော်တော်များများကို တွန်းလှန်နိုင်လောက်အောင် ကြီးထွားလာသည်။ မိကျောင်းပေါက်ကလေးများသည် အရိုင်းဓလေ့အတိုင်းဆိုလျှင် ဤအလျားရောက်ရှိရန် သုံးနှစ်အချိန်ယူရသည်။
မိကျောင်းမွေးမြူရေးခြံများသည် စီးပွားရေးရည်ရွယ်ချက်ဖြင့်လည်း ဤသတ္တဝါများကိုမွေးမြူကြသည်။ နိုင်ငံတကာဈေးကွက်တွင် မိကျောင်းဝမ်းဗိုက်သားရေဖြင့်ပြုလုပ်သော ဖိနပ်၊ ခါးပတ်၊ လက်ဆွဲအိတ်နှင့် အခြားအခြားသော ဖက်ရှင်ပစ္စည်းများကိုတွေ့နိုင်သည်။ မမ်ဘာရွာသည် သားရေနယ်ရန်အတွက် အီတလီနှင့်ပြင်သစ်ကဲ့သို့သော နိုင်ငံများသို့ နှစ်စဉ်မိကျောင်းသားရေ ၂,၀၀၀ ခန့်တင်ပို့လျက်ရှိသည်။ ကျန်သည့်အပိုင်းများကို ဘာပြုလုပ်ကြသနည်း။ ကင်ညာနိုင်ငံတွင် မိကျောင်းအသားကို ဆန်းပြားသောပြုစုမှုတစ်မျိုးအဖြစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အသုံးပြုကြသည်။
အောက်တိုဘာလမှ ဧပြီလအတွင်းသည် မိကျောင်းများသားပေါက်သည့်ရာသီဖြစ်သည်။ အရိုင်းဘာသာဓလေ့တွင် အမတစ်ကောင်သည် နေရာမရွေး ဥအလုံး ၂၀ မှ ၈၀ အထိအုသည်။ ထိုကာလအတွင်း မွေးမြူထားသည့်မိကျောင်းအမများသည် မွေးမြူရေးခြံရှိရေအိုင်အသီးသီး၏ ပတ်ဝန်းကျင်ဒေသများတွင် ဥအလုံး ၃၆ လုံးခန့်အုချသည်။ ထိုဥများကိုစုသိမ်း၍ အကောင်ဖောက်ရန် ဖောက်စက်များသို့ပြောင်းရွှေ့ပေးသည်။ ဖောက်စက်တွင် သားပေါက်လာရန် သုံးလအထိအချိန်ကြာသည်။
မမ်ဘာရွာသည် စိတ်ဝင်စားစရာကောင်းသည့် ဤသတ္တဝါများကို စိတ်ချလက်ချကြည့်ရှုနိုင်သော အလွန်ကောင်းသည့်အခွင့်အရေး ရရှိစေသည်။ မမ်ဘာရွာသည် မိကျောင်းမွေးမြူရေးခြံ၊ ရုက္ခဗေဒဥယျာဉ်၊ ပင်လယ်ငါးပြတိုက်နှင့် ဖျော်ဖြေမှုများပါဝင်သည့်နေရာအဖြစ် ပုံစံထုတ်ပြောင်းလဲထားသည့် ဧက ၂၀ ကျယ်ဝန်းသောကျောက်တွင်းတစ်ခု၌ တည်ရှိသည်။ ထိုနေရာတွင် ဤတွားသွားသတ္တဝါပေါင်း အကောင် ၁၀,၀၀၀ ကျော်ရှိသည်။ ၎င်းတို့အားလုံးကို သင်တွေ့ မြင်ရမည်ကားမဟုတ်ပါ။ သို့သော် မျိုးခြံနှစ်ခုတွင် အကောင်ကြီးတစ်ရာကျော်ကို တွေ့ မြင်ရမည့်အပြင် အခြားနေရာတွင်လည်း အရွယ်အမျိုးမျိုးရှိသော မိကျောင်းကလေးများကို တွေ့ မြင်နိုင်သည်။
မိကျောင်းများအစာကျွေးချိန်သည် အလွန်ကြည့်ကောင်းသော ပွဲကြီးပွဲကောင်းဖြစ်သည်။ အချို့မိကျောင်းတို့သည် ရေကန်ပေါ်တွင် ချိတ်ဆွဲထားသည့်အသားတုံးကိုလှမ်းဟပ်ရန် ရေပေါ်သို့ပင်ခုန်တက်ကြသည်။ ဤနေရာ၌ ဘစ်ဒက်ဒီအမည်ရှိ နာမည်ကြီးမိကျောင်းတစ်ကောင်ကိုလည်း သင်တွေ့ မြင်နိုင်သည်။ ၎င်းမိကျောင်းသည် တာနာမြစ်ဝှမ်းဒေသတွင် လူတို့ကိုအထိတ်တလန့်ဖြစ်အောင် ဒုက္ခပေးခဲ့သည့်ပြင် ဤခြံသို့ဖမ်းဆီးခေါ်ဆောင်လာခြင်းမခံရမီက အနည်းဆုံးလူငါးဦးကို ကိုက်သတ်ခဲ့သည်။ မိကျောင်းများကို ယခုကဲ့သို့မျက်နှာချင်းဆိုင် ကြည့်ရသည်ကိုကြောက်လျှင် ဗီဒီယိုရုံသို့သွား၍ ၎င်းတို့ကိုစေ့စေ့စပ်စပ် လေ့လာကြည့်ရှုနိုင်သည်။
မိကျောင်းများကို အနီးကပ်လေ့လာခြင်းသည် အလွန်စိတ်ဝင်စားစရာကောင်းသကဲ့သို့ ကြက်သီးမွေးညင်းထစရာလည်း ဖြစ်စေနိုင်သည်။ သို့ပါသော်လည်း မိကျောင်းသည် “သားရဲတကာတို့၏ဘုရင်ဖြစ်သတည်း” ဟူ၍ ယောဘ ၄၁:၃၄ (သမ) ၌ သမ္မာကျမ်းစာက အဘယ်ကြောင့်ဆိုသည်ကို သင်ပို၍ကောင်းစွာသိမြင်လာပေမည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယာ– မမ်ဘာရွာ၏ အထက်စီးမြင်ကွင်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယာစွန်း– အစာကျွေးချိန်တွင် မိကျောင်းတစ်ကောင်က အသားတုံးကို လှမ်းဟပ်ရန် ရေပေါ်သို့ခုန်တက်စဉ်