ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
စကားထစ်သူများအတွက် မျှော်လင့်ချက်
ကလေးဘဝက စကားထစ်ခြင်းကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့ရသော ဩစတြေးလျမိခင်တစ်ဦးက သူမ၏သားသမီးများ ငယ်ငယ်လေးနှင့်စကားထစ်နေကြောင်း သိလိုက်ရသည့်အခါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ သို့နှင့် သူမသည် နယူးဆောက်ဝေးပြည်နယ်ရှိ ဆစ်ဒနီဆေးရုံတစ်ရုံနှင့် ဆစ်ဒနီတက္ကသိုလ်တို့မှ စကားပြောကုထုံးဆရာများ ပူးပေါင်းတည်ထောင်သည့် အစီအစဉ်တစ်ခုတွင်ဝင်ရောက်ခဲ့သည်။ အောင်မြင်မှု၏ လျှို့ဝှက်ချက်မှာ ကလေးများကိုငယ်ငယ်လေးကတည်းက ကုသပေးခြင်းပေါ်တွင် မူတည်သည်မှာထင်ရှားသည်။ အသက်ကြီးလာလျှင် ဤအကျင့်အလိုလိုပျောက်သွားမည်ဟူသော မှားယွင်းသည့်ယူဆချက်ကြောင့် မိဘများစွာတို့က ဤပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် ဆုတ်ဆိုင်းတတ်ကြသည်။ The Sydney Morning Herald သတင်းစာတွင်ရေးသားဖော်ပြသည့်အတိုင်း ၎င်းအစီအစဉ်သည် “အထူးအောင်မြင်ရုံမျှမက စကားထစ်ခြင်းကို ရှင်းရှင်းပျောက်ကင်းအောင်ပင် ကုသပေးနိုင်သည်ဟူသည့် ပထမဦးဆုံးသောမျှော်လင့်ချက်ကိုပါ ကမ်းလှမ်းနေသည်။” ငယ်ရွယ်သောကလေးများကိုကုသရာ၌ ကုထုံးဆရာများအတွက် ဆယ်နာရီမျှသာလိုအပ်သော်လည်း လူကြီးများနှင့်အသက်ကြီးသောကလေးများကို ကုသရန်အတွက်မူ နာရီပေါင်းရာချီမက လိုအပ်သည့်အပြင် အိမ်၌ မိဘများကုန်ကျရသော အချိန်များလည်းရှိသေးသည်။ “အသက်နှစ်နှစ်နှင့်ငါးနှစ်ကြားရှိ ကုသခံခဲ့ရသောကလေး ၄၃ ယောက်အနက် ကုသပြီးနောက် တစ်နှစ်မှခြောက်နှစ်ကြာကာလအတွင်း ပြန်လည်စစ်ဆေးကြည့်သည့်အခါ တစ်ယောက်မျှ စကားထစ်သည့်လက္ခဏာ ပြန်မပေါ်တော့ကြောင်း အဆက်မပြတ်ပြုလုပ်သောလေ့လာမှုအရ တွေ့ရှိရသည်” ဟု၎င်းသတင်းစာကဆိုသည်။
တိုးပွားလျက်ရှိသော စည်းကမ်းမဲ့စားသောက်ခြင်းပြဿနာ
ဆာလောင်ရောဂါ (bulimia) နှင့် ခံတွင်းပျက်ခြင်း (anorexia) ဖြစ်သောစည်းကမ်းမဲ့စားသောက်ခြင်းရောဂါ (eating disorders) စွဲသူဦးရေ အဘယ်ကြောင့်တိုးပွားလာရသနည်း။ “ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းပြီး ထိန်းမနိုင်သိမ်းမရသော” လောကထဲတွင် စိုးရိမ်ကြောင့်ကြမှု ကြီးစွာဖြစ်ပွားစေသည့် စိတ်လှုပ်ရှားမှုပဋိပက္ခများ (emotional conflicts) ကြောင့်ဖြစ်ရသည်ဟု Your Family မဂ္ဂဇင်းကရေးသားဖော်ပြသည်။ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပွားစေသောအကြောင်းရင်းများမှာ ရှုပ်ထွေးများပြားလှသည်။ ဥပမာ သားသမီးများကို မိဘတို့က ထူးချွန်စေလိုသောဆန္ဒ၊ မိဘဖြစ်သူတို့ကွာရှင်းခြင်းနှင့် မတော်မတရားပြုမူခြင်း စသည်တို့ဖြစ်သည်။ ၎င်းပြင် ဖက်ရှင်မဂ္ဂဇင်းများကို စူးစူးစိုက်စိုက်ဖတ်ရှုလေ့လာခြင်း၊ သွယ်လျနွဲ့နှောင်းလိုသောစွဲလမ်းစိတ်ဖြင့် အာဟာရဓာတ်အကြောင်းကို လေ့လာခြင်း၊ သို့မဟုတ် ပရမ်းပတာစားသောက်သည့်အကျင့်မျိုးကို ခံယူခြင်းအားဖြင့် များစွာသောသူတို့သည် ဤရောဂါ၏သားကောင်ဖြစ်သွားကြသည်ဟု အမျိုးသားစည်းကမ်းမဲ့စားသောက်ခြင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဒန်းနီ လာ ဂရန့်ဂ်ျက ရှင်းပြသည်။ အသက် ၈ နှစ်အထိငယ်ရွယ်သောလူမမာများလည်း ပညာရှင်များထံမှ အကူအညီတောင်းခံခြင်းရှိသော်လည်း အသက် ၁၈ နှစ်နှင့် ၂၂ နှစ်အကြားရှိ အမျိုးသမီးများသည် ဤရောဂါကို အများဆုံးရလွယ်ကြသည်။ ဤရောဂါသည် အောင်မြင်စွာ ကုသပျောက်ကင်းနိုင်သောရောဂါ ဖြစ်ပါသည်။ လူမမာကသာ ပျောက်ကင်းလိုသောဆန္ဒရှိမည်ဆိုလျှင် “လုံးလုံးပြန်ကောင်းနိုင်ပါသည်” ဟု ဒေါက်တာ လာ ဂရန့်ဂ်ျကဆိုသည်။ သို့သော်လည်း စည်းကမ်းမဲ့စားသောက်ခြင်းရောဂါ ဖြစ်ပွားသူများအနက် ၁၈ ရာခိုင်နှုန်းမျှသည် ဤရောဂါဖြင့်သေဆုံးကြကြောင်း စာရင်းအင်းကဖော်ပြသည်။
ဒေလီမြို့မှ လူပျောက်မှုများ
အိန္ဒိယနိုင်ငံ၏မြို့တော် ဒေလီမြို့ကြီးတွင် နှစ်စဉ်ပျောက်ဆုံးသူ ၁၀,၀၀၀ ကျော်ရှိသည်ဟု သတင်းရရှိသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံကိုသာ ပြန်လည်ရှာဖွေတွေ့ရှိသည်။ ငါးဆယ်ရာခိုင်နှုန်းမှာ ၁၈ နှစ်အောက်ကလေးများဖြစ်ပြီး အမျိုးသားများသည် အမျိုးသမီးများ၏ နှစ်ဆဖြစ်သည်။ The Times of India သတင်းစာ၌ ရေးသားဖော်ပြချက်အရ ထောင်ပေါင်းများစွာသောမိန်းကလေးများသည် နောက်ဆုံးတွင် ပြည့်တန်ဆာအိမ်များသို့ ရောက်ရှိသွားကြသည်။ ယောက်ျားကလေးများသည် တောင်းရမ်းရန် သို့မဟုတ် စားသောက်ဆိုင်ကလေးများတွင် လုပ်ခနည်းနည်းနှင့် အချိန်ကြာကြာအလုပ်လုပ်ရန် ရာဇဝတ်ဂိုဏ်းများ၏ အဓမ္မခိုင်းစေခြင်းခံရကြသည်။
ကျူးဘားနိုင်ငံမှ ယေဟောဝါသက်သေများ
ကျူဘားနိုင်ငံရှိ ယေဟောဝါသက်သေများသည် ဓမ္မအမှုတော်ထမ်းဆောင်ရန် လွတ်လပ်မှုပို၍ရရှိလာသဖြင့် လူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝေမျှနိုင်ခွင့်ပိုရှိလာသည်။ သူတို့၏လုပ်ငန်းကို အသိအမှတ်ပြုခြင်း၊ ဥပဒေအရ တရားဝင်ဖြစ်အောင် မပြုလုပ်ရသေးသော်လည်း ယခင်ရုံးခန်းများကိုအသုံးပြုခွင့် ပြန်လည်ရရှိလာသည့်ပြင် လွတ်လပ်စွာကိုးကွယ်ဝတ်ပြုခွင့်လည်း ပို၍ရရှိလာသည်။ အရွယ်အစားကြီးမားခြင်းမရှိသော အစည်းအဝေးများကိုပင် ကျင်းပနိုင်ခဲ့သည်။ မဂ္ဂဇင်းများပုံနှိပ်ခွင့်ကိုလည်း သက်ဆိုင်ရာမှခွင့်ပြုလိုက်သည်။ ဤလတ်တလောဖြစ်ပျက်မှုများကြောင့် ဝမ်းမြောက်တက်ကြွမှုအပြည့်နှင့် သက်သေခံများသည် သမ္မာကျမ်းစာမှ မျှော်လင့်ခြင်းသတင်းတရားကိုပြောဆိုရန် ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြသည်။
နွေးထွေး၍ စိမ်းလန်းစိုပြည်ခဲ့သော အန္တာတိက
ဩစတြေးလျနှင့်အမေရိကန် သိပ္ပံပညာရှင်များအစုအဖွဲ့တစ်ခုသည် “တောင်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၅၀၀ [မိုင် ၃၀၀] မျှသာကွာဝေးသောနေရာ၌ သစ်ရွက်၊ သစ်သား၊ ဝတ်မှုန်များနှင့်တကွ ရေညှိနှင့်ပိုးမွှားများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရာ ထိုဒေသသည် ယခုထက် ၂၀-၂၅ စင်တီဂရိတ် [၃၅-၄၅ ဒီဂရီဖာရင်ဟိုက်] ပို၍နွေးထွေးသောရာသီဥတုမျိုး ရှိခဲ့ကြောင်းပြဆိုသည်” ဟု The Australian သတင်းစာက ရေးသားဖော်ပြသည်။ ပိုးတောင်မာဥများကိုတွေ့ရှိခြင်းက ပိုးမွှားများရှင်သန်နိုင်သည်အထိ ရာသီဥတုပူနွေးခဲ့ကြောင်း အတည်ပြုသည်။ ၎င်းပြင် ရေသည် အရည်အဖြစ်ရှိခဲ့ပြီး အပင်ပေါက်ချိန်မှာလည်း အပင်များ အပွင့်ပွင့်၍ အသီးသီးနိုင်လောက်အောင် တာရှည်ခဲ့ရပေမည်။ ယနေ့ တက်စ်မေးနီးယားကျွန်း (ဩစတြေးလျပြည်မ၏တောင်ဘက်ရှိပြည်နယ်) ၏မြောက်ဘက်မိုင် ၁,၀၀၀ ရော့ရော့အကွာရှိ ဗဟိုနယူးဆောက်သ်ဝေးပြည်နယ်၏ တောင်ပိုင်းကိုကျော်လွန်၍ ပေါက်ရောက်ခြင်းမရှိသည့်အပင်များ ထိုကာလအတွင်း ၎င်းကျွန်းပေါ်တွင် ပေါက်ရောက်ခဲ့သည့်အချက်က ထိုဒေသ၌ တစ်ချိန်က နွေးထွေးသောရာသီဥတုရှိခဲ့မည်ကို သွယ်ဝိုက်ထောက်ခံလျက်ရှိသည်ဟု ထိုသတင်းစာက ဖြည့်စွက်ဖော်ပြထားသည်။
ဆုံချက်လွဲမျက်ကြည်လွှာ ခွဲစိတ်ခြင်းဆိုင်ရာ ပြုပြင်မွမ်းမံမှု
မျက်စိအဝေးမှုန်ခြင်း (myopia) ကိုပြုပြင်ပေးသည့် ရေပန်းစားသောခွဲစိတ်ကုသနည်းဖြစ်သည့် ဆုံချက်လွဲမျက်ကြည်လွှာခွဲစိတ်ခြင်း (Radial keratotomy) ကို အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် လူပေါင်းနှစ်သိန်းငါးသောင်းကျော်အား ပြုလုပ်ပေးရသည်။ ဝေဒနာရှင် ၃၀ ရာခိုင်နှုန်းသည် ပထမအကြိမ် ခွဲစိတ်မှု၏ရလဒ်ကိုချိန်ညှိရန် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ကုသရသည်။ “ဤနည်းသည် အသင့်အတင့်စိတ်ချရပြီး ထိရောက်မှုရှိသော်လည်း အနီးမှုန်ခြင်းကို စောစောဖြစ်ပွားစေနိုင်ဖွယ်ရှိသည်” ဟု အမျိုးသားမျက်စိအသင်းမှ ဆယ်နှစ်ကြာပြုလုပ်သည့် လေ့လာမှုကပြဆိုကြောင်း The New York Times သတင်းစာက ရေးသားဖော်ပြသည်။ ခွဲစိတ်မှု၏အကျိုးဆက်ကို အသေးစိတ်လေ့လာရာမှ ယခင်ကမသိရှိသော နောက်ဆက်တွဲအကျိုးကို သိရှိလာသည်။ ၎င်းမှာ အနီးမှုန်ခြင်းကို တစ်စတစ်စဖြစ်ပေါ်စေသော မျက်စိအတွင်း ဖြည်းဖြည်းချင်း ပြောင်းလဲမှုများဖြစ်သည်။ ခွဲစိတ်ကုသမှုခံယူသူ ၄၃ ရာခိုင်နှုန်း၌ အမြင်အာရုံကျဆင်းမှုကို တွေ့ရှိရသည်။ အချို့မှာ သာမန်အားဖြင့် အသက်ကြီး၍ဖြစ်ရသည်ဟု ဆိုနိုင်သော်လည်း အချို့မှာမူ “ဆုံချက်လွဲမျက်ကြည်လွှာခွဲစိတ်ခြင်းကြောင့် ဖြစ်ရပုံပေါက်သည်။ ၎င်းခွဲစိတ်မှုက လူအချို့တွင် ပြောင်းလဲမှုကို အသက်မကြီးမီ ဖြစ်စေပုံရသည်” ဟု ၎င်းဆောင်းပါးကဆိုသည်။ “မဖြေရှင်းရသေးသည့်ပြဿနာများရှိနေကြောင်း လူတို့နားလည်သဘောပေါက်သင့်သည်၊ အမြင်အာရုံ အပြည့်အဝပြန်ရမည်ဟူသော အာမခံချက်မရှိပါ” ဟူ၍ လေ့လာမှုအဖွဲ့၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ပီတာ ဂျေ၊ မက္ကဒေါင်နယ်လ် ကဆိုသည်။
ဓာတ်မတည့်သူများအဖို့ သက်သာရာနည်းလမ်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းသည် ဓာတ်မတည့်မှုတစ်မျိုးမျိုးကို ခံစားနေကြရသည်ဟု ဘရာဇီးမဂ္ဂဇင်း Globo Ciência ကရေးသားဖော်ပြသည်။ “ဓာတ်မတည့်မှုများသည် ယဉ်ကျေးမှုဆိုင်ရာရောဂါများဖြစ်ကြောင်း လက္ခဏာအားလုံးကညွှန်ပြသည်။ လေထဲ၌ ဘေးဖြစ်စေတတ်သော ဒြပ်ဝတ္ထုအမျိုးပေါင်း တစ်သောင်းမကရှိသည်” ဟု ရောဂါပြီးပညာ အထူးလေ့လာသောဆရာဝန် ဇူလျို ကရိုချေ ကဆို၏။ ကမျဉ်းကောင်များနှင့် ညစ်ညမ်းမှုများကဲ့သို့သော သာမန်အကြောင်းတရားများအပြင် ဖိစီးမှုဒဏ်၊ ဆေးဝါးအလွန်အကျွံသုံးစွဲမှုနှင့် အစားအစာ၊ အလှကုန်နှင့် ယမကာတို့တွင်အသုံးပြုသည့် ဓာတုပစ္စည်းများကလည်း ဓာတ်မတည့်မှုကိုဖြစ်စေတတ်သည်။ ကာယလေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းကပင် ပန်းနာရောဂါကိုဖြစ်ပေါ်စေနိုင်သည်၊ သို့မဟုတ် ပန်းနာကိုပိုမိုဆိုးရွားစေနိုင်သည်။ သို့ရာတွင် လူတို့က အသက်မှန်မှန်ရှူတတ်အောင် လေ့ကျင့်မည်ဆိုပါက “လေ့ကျင့်ခန်းသည် ဓာတ်မတည့်မှု၏ပြင်းထန်မှုနှင့် ဖြစ်ပွားသည့်ကြိမ်ရေတို့ကို လျော့နည်းစေရန် အထောက်အကူပြုသည်” ဟုဒေါက်တာ ကရိုချေကဆိုသည်။ ဓာတ်မတည့်သည့်ရောဂါရှိသူတို့အနေဖြင့် ၎င်းတို့၏အိပ်ခန်းကို သန့်သန့်ရှင်းရှင်းနှင့် လေဝင်လေထွက်ကောင်းအောင် ထားသင့်သည့်အပြင် ခွေး၊ ကြောင် သို့မဟုတ် ငှက်အစရှိသော အိမ်မွေးတိရစ္ဆာန်များမှစ၍ ရေမွှေးနှင့်အခြားအနံ့ပြင်းသည့်ပစ္စည်းများကို ထိတွေ့ခြင်းမရှိအောင်ရှောင်သင့်သည်။ ၎င်းပြင် အပူအအေးရုတ်တရက်ပြောင်းလဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်ယမကာသောက်ခြင်းတို့ကိုရှောင်၍ ဆရာဝန်ညွှန်ကြားသည့်ဆေးဝါးများကိုသာ မှီဝဲသင့်သည်။
ဂျပန်နိုင်ငံမှ မသဲကွဲသော ဗြူရိုကရက်တစ်ဝေါဟာရများကို အဓိပ္ပာယ်ဖော်ခြင်း
တိုကျိုမြို့တွင် ဗြူရိုကရက်အရာရှိများက “သင့်ယူဆချက်သည် အဖိုးတန်သောအကြံပြုချက်ဖြစ်သည်၊” သို့မဟုတ် “သင့်အကြံပြုချက်ကို ကျွန်ုပ်တို့အမြော်အမြင်ရှိရှိ လေ့လာသုံးသပ်ပါမည်” ဟုပြောဆိုသည်ရှိသော် အဓိပ္ပာယ်မှာ အရေးယူဆောင်ရွက်မည်မဟုတ် ဟူ၍ဖြစ်သည်။ အလားတူစွာ “ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ပါမည်၊” သို့မဟုတ် “ရှုထောင့်ပေါင်းစုံမှ စဉ်းစားသုံးသပ်ပါမည်” ဟူသောကတိများမှာလည်း ရလဒ်မည်မည်ရရ ထွက်ပေါ်လာဖွယ်မရှိချေ။ “သင့်အဆိုပြုချက်ကို ကျွန်ုပ်တို့လေ့လာပါမည်” ဆိုသည်မှာ ယေဘုယျအားဖြင့် မကြာမြင့်သောအနာဂတ်အတွင်း အပြောင်းအလဲတစ်စုံတစ်ရာ ရှိမည်မဟုတ်ဟုဆိုလိုသည်။ “စဉ်းစားသုံးသပ်ပါမည်” ဟူသောကတိသည် “လေ့လာပါမည်” ဟူသောကတိထက်အနည်းငယ်ပို၍ အပြုသဘောဆောင်ပြီး “စေ့စပ်စွာ စဉ်းစားသုံးသပ်ပါမည်” ဟူသောကတိသည် အကြံပြုချက်အတိုင်း ဆောင်ရွက်ဖွယ်ရှိသည်ဟု ဆိုလိုသည်။ အကြံပြုတင်ပြချက်များကို “အစိုးရဘက်က လက်ခံသည် သို့မဟုတ် ပယ်ချသည်ဟူ၍ သဲသဲကွဲကွဲမသိရှိရ” ဟူသော ပြည်သူတို့၏တိုင်တန်းချက်များကို တုံ့ပြန်ဖြေကြားရာ၌ တိုကျိုမြို့တော် လွှတ်တော်အစည်းအဝေးများအတွင်း ယေဘုယျအားဖြင့်အသုံးပြုကြသည့် ဝေါဟာရများအကြောင်းကို အထက်တန်းဗြူရိုကရက်အရာရှိတစ်ဦးက အထက်ပါအတိုင်းရှင်းပြသွားကြောင်း The Daily Yomiuri သတင်းစာကဆိုသည်။ ဤသို့မသဲမကွဲဖြေကြားရခြင်းအကြောင်းမှာ “လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို တုံးတိတိပယ်ချခြင်းအားဖြင့် သူတို့ကိုမျက်နှာပျက်ခြင်းမဖြစ်စေရန် ဗြူရိုကရက်အရာရှိများက ဂရုပြု၍ ဖြေကြားခြင်းဖြစ်ပါကြောင်း” ထိုသတင်းစာကဖော်ပြသည်။
အမှိုက်ပုံးထဲက ဆေးဝါးများ
ဂျာမနီ ကျန်းမာရေးအာမခံကုမ္ပဏီတစ်ခု၏အဆိုအရ ဂျာမနီနိုင်ငံတွင်ရောင်းချသော၊ သို့မဟုတ် ဆေးညွှန်းပေးသော ဆေးဝါးပမာဏမှာ တစ်နိုင်ငံလုံးရှိ ယောက်ျားမိန်းမကလေးတစ်ဦးစီ တစ်ရက်လျှင်အလုံး ၁,၂၅၀ သောက်နိုင်လောက်အောင်များပြားသည်။ ဤဆေးဝါးများကို လူတို့ဘာလုပ်ပစ်ကြသနည်း။ ဆေးဝါးအများစုကို အသုံးပြုခြင်းမရှိဘဲလွှင့်ပစ်ကြကြောင်း Süddeutsche Zeitung သတင်းစာက ရေးသားဖော်ပြသည်။ “သန်းပေါင်းများစွာအဖိုးတန်သော ဆေးဝါးများကို တစ်နှစ်ပြီးတစ်နှစ် အမှိုက်ပုံးထဲရောက်သွားသည်ကိုခွင့်ပြုရန် ကျွန်ုပ်တို့မတတ်နိုင်တော့ပါ” ဟု ကျန်းမာရေးအာမခံကုမ္ပဏီများအသင်း၏ အကြီးအကဲဖြစ်သူက ညည်းတွားခဲ့သည်။ ဆရာဝန်များနှင့် ဆေးဝါးစက်ရုံတို့အနေဖြင့် လူမမာများအား သူတို့လက်ခံရရှိသည့်ဆေးဝါးများနှင့် ပတ်သက်သည့်အကြောင်းအရာများကို အသေးစိတ်ရှင်းပြရန်၊ နားလည်လွယ်သောအသုံးအနှုန်းများဖြင့် ရှင်းပြရန် ထိုကုမ္ပဏီများက တောင်းဆိုထားသည်။