ဤကူဒူး မှတ်မိသည်
တောင်အာဖရိကမှ နိုးလော့! သတင်းထောက် ပေးပို့သည်
စွဲမက်ဖွယ်ကောင်းသော ချိုလိမ်များနှင့် သိသာထင်ရှားသည့်နားရွက်များရှိ ကျော့ရှင်းသောအင်တီလုပ် ကူဒူးအဖိုသည် အရွယ်ရောက်သည့်အခါ ပခုံးအထိငါးပေနီးပါးမြင့်သည်။ အမများမူ ချိုပါလေ့မရှိကြသော်လည်း ယင်း၏ကြီးမားသောနားရွက်များဖြင့် ခွဲခြားသိမြင်နိုင်သည်။ ကူဒူးသည် ရှက်တတ်သောတိရစ္ဆာန်တစ်မျိုးဖြစ်၍ နိုးကြားဖျတ်လတ်ကာ အကာအကွယ်အတွက်ပြေးရန် အစဉ်အသင့်ရှိသည်။ ထို့ကြောင့် ဇင်ဘာဘွေနိုင်ငံမှ ကာရင်ကြုံကြိုက်ရသည့်အတွေ့အကြုံမှာ တစ်မူထူးခြားပေသည်။
အာဖရိက တောရိုင်းတိရစ္ဆာန်များ မဂ္ဂဇင်း၌ဖော်ပြထားချက်အရ သံဆူးကြိုးစည်းရိုးနှင့်ငြိနေသော ကူဒူးသားပေါက်မလေးတစ်ကောင်ကို ဖြုတ်ပေးပြီး ကာရင်ကိုပေးလိုက်သည်၊ သူမသည် ယင်းကို ရက်သတ္တပတ်အနည်းငယ်ကြာ နို့ဘူးတိုက်ကျွေးခဲ့သည်။ ယင်းသည် ကြီးထွားလာပြီး ကာရင်နှင့် သူမ၏မိသားစုနေထိုင်သော နွားမွေးမြူရေးခြံအနီးပတ်ဝန်းကျင်၌နေကာ ကလေးငယ်များ၊ ခွေးများနှင့်ဆော့ကစားလေ့ရှိသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် တောစိတ်ပြန်ဝင်သွားပြီး အရွယ်ရောက်ခါနီးအချိန်၌ မွေးမြူရေးခြံအနီးတွင် ယင်းကို မတွေ့ရတော့ပါ။
နှစ်နှစ်ခန့်ကြာပြီးသည်နောက် ကာရင်သည် မွေးမြူရေးခြံလမ်းပေါ် ကားမောင်းသွားနေစဉ် ဇီးရှိသောကူဒူးတစ်ကောင်၏အနီး သူမ၏ကား ကပ်သွားသော်လည်း လန့်ဖျပ်၍ပြေးထွက်မသွားသည်ကို သူမအံ့အားသင့်မိသည်။ ၎င်းထံသို့ သူမလျှောက်သွားသောအခါ၌လည်း ထွက်မပြေးပေ။ ဤအချိန်တွင် ယင်းသည် သူမပုလင်းနှင့်နို့တိုက်ကျွေးခဲ့သော တိရစ္ဆာန်ပင်ဖြစ်ရမည်ဟု သိလိုက်သည်နှင့် ၎င်းအနီးသို့ တဖြည်းဖြည်းတိုးကပ်သွားရင်း ညင်သာစွာစကားပြောဆိုလေသည်။ ကူဒူးမကလည်း သူမကိုမှတ်မိသည်၊ အဘယ့်ကြောင့်ဆိုသော် သူမဖက်လိုက်သောအခါတွင် ဦးခေါင်းကိုငုံ့၍ နှာခေါင်းနှင့် သူမကိုပွတ်သပ်နမ်းရှုပ်သောကြောင့်ပင်ဖြစ်သည်!
လအနည်းငယ်ကြာပြီးသည့်နောက် လမ်းဘေးနားသို့ တစ်ခေါက်ရောက်လာပြန်သည်၊ ဤတစ်ကြိမ်တွင် ကူဒူးသားပေါက်ငယ်လေးတစ်ကောင်နှင့်အတူဖြစ်သည်။ နောက်တစ်ကြိမ်အယုအယခံယူပြန်သည့် ကူဒူးသားပေါက်လေး၏မိခင်သည် ၎င်း၏သားကို ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးခြင်းဖြစ်သည်ဟု ကာရင်ယူဆသည်။ နောက်အပတ်အနည်းငယ်ကြာသည့်အခါ၌လည်း ယင်းသို့ထပ်ဖြစ်ပြန်သည်၊ ကူဒူးမက ကာရင်ကိုစောင့်နေသည့်ဟန်ရှိသည်။
နောက်လအနည်းငယ်လွန်သော် မွေးမြူရေးခြံအလုပ်သမားအချို့က ထိုကူဒူးနွားမလည်ပင်း၌ ကြိုးကွင်းတပ်ထားသည်ကိုမြင်ခဲ့ကြောင်း ပြန်ပြောပြကြသည်။ ကြိုးကွင်းကိုဖြုတ်ပေးဖို့ သူတို့ကြိုးစားကြသော်လည်း နွားမမှာထွက်ပြေးသွားလေသည်။ ထို့ကြောင့် ကာရင်သည် ယင်း၏အမည်ကိုခေါ်ရင်း ခြုံတောထဲ၌ လိုက်ရှာလေသည်။ မကြာမီ နွားမသည် သူမရှေ့သို့ရောက်လာသည်။ ကာရင်သည် အမြော်အမြင်ရှိရှိနှင့် နွားမကြိုက်တတ်သည့် ပေါင်မုန့်အနည်းငယ်ယူလာသည်၊ အဆိုပါထူးကဲသောစားဖွယ်ကိုကျွေးနေစဉ် ကာရင်၏ခင်ပွန်းက အနှောင့်အယှက်ဖြစ်စေသည့်ကြိုးကွင်းကို ဖြတ်ပစ်လိုက်သည်။
လူနှင့် တိရစ္ဆာန်ကြား ဤမျှကြာရှည်စွာ ခိုင်မြဲသောသံယောဇဉ်နှောင်ကြိုးက ထိုမိသားစုကို ပျော်ရွှင်မှုများစွာရရှိစေခဲ့သည်။