ဖြေရှင်းနည်းများအတွက် ရှာပုံတော်
“အရိပ်မည်းအကြောင်း အငြင်းအခုံဖြစ်ကြစဉ် အရင်းခံအကြောင်းကို ကျွန်ုပ်တို့ လက်လွတ်သွားကြသည်” ဟုအင်္ဂလိပ်လူမျိုး စာရေးဆရာ ဂျော်န် လိုင်လိုင်က ရေးသားခဲ့သည်။ ထိုအန္တရာယ်ကိုရှောင်ကြဉ်ရန် မိုးသစ်တောပေါ် ယနေ့ကျရောက်နေသော အရိပ်မည်းများသည် သာ၍နက်ရှိုင်းသောပြဿနာများ၏ ပုံရိပ်မျှသာဖြစ်ကြောင်းနှင့် အဆိုပါသစ်တောပျက်စီးရသည့် အရင်းခံအကြောင်းများကို ရင်ဆိုင်မဖြေရှင်းပါက ဆက်လက်ဖြစ်သွားနိုင်ကြောင်းတို့ကို အမှန်ပင် ကျွန်ုပ်တို့စိတ်စွဲထားသင့်သည်။ ယင်းအကြောင်းရင်းတို့ကား အဘယ်နည်း။ “အမေဇုန်ထိန်းသိမ်းစောင့်ရှောက်ရေးကို ထိခိုက်နေသော အခြေခံဖိအားများမှာ ဆင်းရဲနွမ်းပါးမှုနှင့် လူတို့၏မညီမျှမှုပင်ဖြစ်သည်” ဟုယူအဲန်မှ ကမကထပြုသည့်လေ့လာချက်တစ်ရပ်က ဆိုသည်။
ဖျော့တော့တော့ မြစိမ်းရောင်တော်လှန်ရေး
သစ်တောပျက်စီးခြင်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များက ဘရာဇီးတောင်ဘက်နှင့် အလယ်ပိုင်းတွင်စတင်ခဲ့သော လူသိများသည့်မြစိမ်းရောင်တော်လှန်ရေး၏ နောက်ဆက်တွဲအကျိုးဆက်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သုတေသီအချို့က ပြောကြသည်။ ယင်းမတိုင်မီ လယ်ယာအနည်းငယ် ပိုင်ဆိုင်ထားသည့် ထောင်နှင့်ချီသောမိသားစုများသည် အသက်မွေးမှုအတွက် ဆန်စပါး၊ ပြောင်းနှင့် အာလူးတို့ကို စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင်မွေးမြူကြသည်။ ထို့နောက် စက်ဖြင့် ပဲပုပ်ပဲစိုက်ပျိုးရေးစီမံချက်များနှင့် ရေအားလျှပ်စစ်စီမံကိန်းများ အကြီးအကျယ်လုပ်ဆောင်မှုတို့က သူတို့၏မြေယာများကို ဝါးမျိုလိုက်ရာ နွားများနှင့် ဒေသခံကောက်ပဲသီးနှံများနေရာတွင် စက်မှုထွန်းကားသောနိုင်ငံများကို ကျွေးမွေးဖို့အရန်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အစားထိုးလိုက်လေသည်။ ၁၉၆၆ ခုနှစ်နှင့် ၁၉၇၉ ခုနှစ်အတွင်း၌ပင် နိုင်ငံခြားပို့သီးနှံများအတွက် သီးသန့်ထားသည့် ယာမြေမှာ ၁၈၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ရလဒ်အဖြစ် အစဉ်အဆက်ကတည်းက လယ်သမားဖြစ်ခဲ့ကြသူ ၁၂ ယောက်တွင် ၁၁ ယောက်မှာ သူတို့၏လယ်ယာနှင့် အသက်မွေးမှုလုပ်ငန်း ဆုံးရှုံးခဲ့ကြရသည်။ သူတို့အတွက်မူ မြစိမ်းရောင်တော်လှန်ရေးသည် မျှော်လင့်ချက်မဲ့သောတော်လှန်ရေး ဖြစ်သွားခဲ့သည်။
ဤမြေမဲ့ယာမဲ့လယ်သမားများ မည်သည့်နေရာသို့ သွားနိုင်မည်နည်း။ နိုင်ငံရေးသမားများသည် မိမိတို့နေရင်းဒေသတွင်းရှိ မြေခွဲဝေခြင်း၏တရားမမျှတမှုကို ထိပ်တိုက်ရင်မဆိုင်လို၍ အမေဇုန်ဒေသကို “မြေမဲ့ယာမဲ့များအတွက် လူမရှိသောနယ်မြေ” ဟုကြေညာစည်းရုံးလိုက်ခြင်းဖြင့် ဖြေရှင်းလိုက်ကြသည်။ ပထမဦဆုံး အမေဇုန်အဝေးပြေးလမ်းမကြီးကို ဖွင့်လှစ်ပြီးနောက် ဆယ်နှစ်အတွင်း ဘရာဇီးတောင်ဘက်နှင့် မိုးခေါင်၍ဆင်းရဲမှုဒဏ်ကိုခံရသည့် ဘရာဇီးအရှေ့မြောက်ဘက်ရှိ နှစ်သန်းထက်မကသော ဆင်းရဲသားလယ်သမားများသည် လမ်းမကြီးဘေးတစ်လျှောက်တွင် ထောင်နှင့်ချီ၍တဲများထိုးပြီး အခြေချနေထိုင်ခဲ့ကြသည်။ လမ်းမများကို သာ၍ဖောက်လုပ်ခဲ့ကြသောအခါ လယ်သမားဖြစ်လိုသည့် အမေဇုန်သို့သွားသူ သာ၍များလာရာ သစ်တောကို လယ်ယာမြေအဖြစ် ပြောင်းလဲပစ်ရန် အသင့်ဖြစ်ချေပြီ။ ဤနယ်သစ်ထူထောင်ခြင်းအစီအစဉ်ကို ပြန်ပြောင်းသုံးသပ်ရင်း သုတေသီများက “နှစ် ၅၀ နီးပါး နယ်မြေသစ်ထူထောင်ခြင်း၏ အကျိုးအမြတ်လက်ကျန်ရှင်းတမ်းမှာ အနုတ်ပြနေသည်” ဟုပြော၏။ ဆင်းရဲမှုနှင့် တရားမမျှတမှုတို့ကို “အမေဇုန်သို့” တင်သွင်းခဲ့ရာ “အမေဇုန်ဒေသတွင် ပြဿနာအသစ်များကိုလည်း ဖြစ်ပေါ်စေခဲ့သည်။”
ရှေ့သို့ခြေလှမ်းသုံးလှမ်း
သစ်တောပြုန်းတီးမှု ဖြစ်စေသည့်အကြောင်းရင်းများကိုဖြေရှင်းရန်နှင့် အမေဇုန်မိုးသစ်တောတွင်း လူတို့၏နေထိုင်မှုအခြေအနေများကို တိုးတက်၍အထောက်အကူဖြစ်စေဖို့ အမေဇုန်ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာကော်မရှင်က အမေဇုန်မြစ်ဝှမ်းဒေသရှိအစိုးရများအနေဖြင့် ဦးစားပေးလုပ်ဆောင်ရမည့် ခြေလှမ်းသုံးလှမ်းကို အကြံပြုထားသည့် ကြေညာစာတမ်းတစ်ခုကို ထုတ်ပြန်လိုက်သည်။ (၁) အမေဇုန်မိုးသစ်တော အပြင်ဘက်ဒေသများရှိ ဆင်းရဲမှုဒဏ်ခံနေရသူတို့၏ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများကို ဖြေရှင်းပါ။ (၂) တည်ရှိနေသည့် သစ်တောကိုအသုံးပြုကာ တောပြုန်းနှင့်ပြီးသား အရပ်ဒေသများကို ပြန်၍အသုံးပြုပါ။ (၃) လူ့အဖွဲ့အစည်းများ၏ အလွန်အမင်းတရားမမျှတမှု—လူတို့၏ဆင်းရဲမှုနှင့် သစ်တောပျက်စီးခြင်း၏ တကယ့်အကြောင်းရင်းများ—ကို ကိုင်တွယ်ဖြေရှင်းပါ။ ဤသုံးချက်ကို ကျွန်ုပ်တို့ အနီးကပ်ဆန်းစစ်ကြည့်ကြစို့။
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း
လူမှု-စီးပွားရေးအခက်အခဲများကို ဖြေရှင်းပါ။ “သာ၍ကောင်းသောအနာဂတ် ရရှိဖို့အမေဇုန်သို့လူများမဖြစ်မနေပြောင်းရွှေ့ခဲ့ရသည့် အမေဇုန်ဝန်းကျင်နိုင်ငံများရှိ အဆင်းရဲဆုံးဒေသအချို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် သစ်တောပြုန်းတီးခြင်းကို လျော့နည်းစေရန် သာ၍ထိရောက်သော ရွေးရန်အခွင့်အလမ်းတစ်ရပ်ဖြစ်သည်” ဟုကော်မရှင်က ကောက်ချက်ချ၏။ သို့သော် ကော်မရှင်အဖွဲ့ဝင်များက ထပ်ဆင့်၍ “ထိုအခွင့်အလမ်းကို နိုင်ငံဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံချက်တွင်သော်လည်းကောင်း၊ အမေဇုန်တောပြုန်းခြင်းနှုန်း လျော့ကျစေရေးတွင် အင်တိုက်အားတိုက်ထောက်ခံကြသည့် စက်မှုထွန်းကားသောနိုင်ငံများရှိသူတို့ကသော်လည်းကောင်း ထည့်သွင်းစဉ်းစားခဲသည်” ဟုပြောသည်။ သို့တိုင် အစိုးရအရာရှိများနှင့် စိုးရိမ်မကင်းဖြစ်နေကြသောနိုင်ငံခြားအစိုးရများက မိမိတို့၏ကျွမ်းကျင်မှုနှင့် ငွေကြေးအထောက်အပံ့ကို အမေဇုန်ဝန်းကျင်ဒေသများရှိ ချို့တဲ့သောနယ်မြေများတွင် ဖြန့်ဖြူးပေးကာ သို့မဟုတ် မြို့ပြဆင်းရဲနွမ်းပါးမှုကဲ့သို့သော အခက်အခဲများကို ဖြေရှင်းပေးဖို့ ရည်ရွယ်လျှင် အမေဇုန်တောထဲသို့ လယ်သမားများသွားရောက်မှုကို လျော့ပါးအောင်လုပ်ရာကြပြီး သစ်တောကို ကာကွယ်ရာရောက်မည်ဟု အာဏာပိုင်များက ရှင်းပြသည်။
အမေဇုန်တောထဲနေထိုင်လျက်ရှိသော ဆင်းရဲသားလယ်သမားများအတွက်ကော မည်သည့်အရာလုပ်ဆောင်ပေးနိုင်မည်နည်း။ သူတို့၏ နေ့စဉ်အသက်ဆက်ရေးသည် စိုက်ပျိုးရန်မသင့်သောမြေပေါ်တွင် စိုက်ပျိုးခြင်း သီးနှံအပေါ်မှီခိုနေရသည်။
သစ်ပင်များအတွက် သစ်တော
သစ်တောကို အသုံးပြုကာ ပြန်၍အသုံးပြုပါ။ “အပူပိုင်းသစ်တောများကို အသုံးပြုသင့်သလောက်မသုံးဘဲ အလွန်အမင်းဖြုန်းတီးပစ်နေသည်။ ၎င်းတည်ရှိရေးသည် ရှေ့နောက်မညီဟန်ရှိသော ဤမှန်ကန်သည့်အဆိုပေါ်တွင် မူတည်၏” ဟုသစ်တောများပျောက်ကွယ်ခြင်း ယူအဲန်စာပေတစ်စောင်ကဖော်ပြသည်။ သစ်တောကို ခုတ်လှဲပစ်ခြင်းအားဖြင့် ဖြုန်းတီးပစ်မည့်အစား လူတို့သည် ယင်းမှထွက်ရှိသည့် သစ်သီးများ၊ အခွံမာသီးများ၊ ဆီများ၊ ရော်ဘာ၊ အဆီအနှစ်များ၊ ဆေးဖက်ဝင်သောအပင်များနှင့် အခြားသဘာဝထွက်ကုန်များ စသည်တို့ကို ထုတ်ယူခြင်း သို့မဟုတ် စုသိမ်းခြင်းဖြင့် သစ်တောကိုအသုံးပြုသင့်၏ဟု ကျွမ်းကျင်သူများကဆိုသည်။ ထိုသို့သောထွက်ကုန်များသည် “ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းရှိသည့် သစ်တောထွက်စီးပွားရေးတန်ဖိုးကို” ကိုယ်စားပြုသည်ဟု ဆို၏။
နယူးယောက်ရှိ ရုက္ခဗေဒဥယျာဉ်မှ ဒါ့ဂ် ဒီလေးက သစ်တောမှထုတ်ယူခြင်းသည် သစ်တောကိုဖျက်ဆီးခြင်းထက် သာ၍အဓိပ္ပာယ်ရှိသည်ဟု သူအဘယ်ကြောင့်ယူမှတ်ရကြောင်း ရှင်းပြသည်– “အမေဇုန်သစ်တုံးကြီးများကို ဈေးကွက်တွင်းသို့ ယူဆောင်သွားသည်ကို မမြင်ရတော့သည့် အစိုးရအနေဖြင့် နှစ်သိမ့်စရာဖြစ်သည်။ . . . ယင်းက လူတို့၏ အသက်ရှင်ရေးနှင့် ဝမ်းစာရေးကိုထောက်ပံ့နိုင်ပြီး သစ်တောကိုထိန်းသိမ်းပေးသည်။ ယင်းနှင့်ပတ်သက်၍ အဆိုးပြောစရာအကြောင်းမရှိလှပေ။”—သဘာဝတောရိုင်းထိန်းသိမ်းရေး။
သစ်ပင်များကိုအသုံးချဖို့ သစ်တောကိုစောင့်ရှောက်ခြင်းသည် နောက်ဆုံးတွင် သစ်တောအတွင်းနေထိုင်သူတို့၏ ဘဝအခြေအနေကို တိုးတက်သာယာစေသည်။ ဥပမာ၊ ဘရာဇီးမြောက်ဘက်ရှိ ဘီလင်မှ သုတေသီများက မြေနှစ်ဧကခွဲကို စားကျက်မြေသို့ ပြောင်းလဲထားခြင်းက တစ်နှစ်လျှင်အကျိုးအမြတ် ယူ.အက်စ် ၂၅ ဒေါ်လာသာရရှိသည်ဟု တွက်ချက်ခဲ့ကြ၏။ ထိုကြောင့် ဘရာဇီးတွင် လစဉ် အနည်းဆုံးလုပ်ခကြေးငွေမျှသာ ရရှိရန် လူတစ်ဦးသည် စားကျက်မြေ ၁၂၀ ဧကနှင့် နွား ၁၆ ကောင်ကိုပိုင်ဆိုင်ရန် လိုအပ်လိမ့်မည်။ သို့သော် ဗေဇာက စိုက်ပျိုးမွေးမြူမည့်သူတစ်ဦးသည် သစ်တော၏သဘာဝထွက်ကုန်များကို ထုတ်ယူခြင်းအားဖြင့် သာ၍ငွေဝင်လမ်းဖြောင့်နိုင်သည် ဟုဖော်ပြသည်။ ထို့အပြင် စုသိမ်းရမည့် တန်းစီနေသောထွက်ကုန်ပမာဏမှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင်ရှိနေသည်ဟု ဇီဝဗေဒပညာရှင် ချားလ်စ် ကလီမန်ကဆိုသည်။ ဒေါက်တာ ကလီမန်က “ထိုတွင် စီမံ၍ စုသိမ်းနိုင်သည့် ဒါဇင်နှင့်ချီသော ဟင်းသီးဟင်းရွက်အသီးအနှံများ၊ ရာနှင့်ချီသော အသီးအနှံများ၊ သစ်စေးများနှင့် ဆီများရှိသည်” ဟုထပ်ဆင့်၍ဆို၏။ “သို့သော် ပြဿနာမှာ လူတို့အနေဖြင့် သစ်တောသည် ကြွယ်ဝချမ်းသာရေးကို နှောင့်နှေးစေသောအရာမဟုတ်ဘဲ ကြွယ်ဝမှုကိုဖြစ်စေသည့်အရာအဖြစ် သဘောပေါက်ရမည်ဖြစ်သည်။”
ဖြုန်းတီးမြေအတွက် ဒုတိယသက်တမ်း
စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် ဝန်းကျင်ထိန်းသိမ်းမှုကို ဒွန်တွဲ၍ဆောင်ရွက်နိုင်သည်ဟု ဘရာဇီးလူမျိုး သုတေသီတစ်ဦးဖြစ်သူ ဇာဝို ဖာရဇ်ကပြောသည်။ “ပျက်စီးနှင့်ပြီးသာ သစ်တော၏ပမာဏကို စိစစ်သုံးသပ်ကြည့်ပါ။ တောရိုင်းကို ထပ်ခုတ်ဖို့မလိုတော့ပါ။ ယင်းအစား ကျွန်ုပ်တို့သည် တောပြုန်းပြီး မြေညံ့ဖြစ်သွားသည့်ဒေသများကို မြေပြန်ကောင်းလာစေနိုင်ပြီး ထပ်အသုံးပြုနိုင်သည်။” ထို့အပြင် အမေဇုန်အရပ်ဒေသတွင် မြေကောင်းဖြစ်လာနိုင်သည့် ပျက်စီးမြေအများအပြားရှိသည်။
၁၉၆၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှစတင်၍ သစ်တောမှ စားကျက်မြေများသို့ ပြောင်းလဲပစ်ဖို့ အကြီးအကျယ်ရင်းနှီးမြှုပ်နှံသူတို့ကို အားပေးရန် အစိုးရက အမတော်ကြေးအမြောက်အမြားထုတ်ပေးခဲ့သည်။ ထိုအတိုင်း သူတို့ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဒေါက်တာ ဖာရဇ်ရှင်းပြသကဲ့သို့ “ခြောက်နှစ်ကြာပြီးနောက် စားကျက်မြေများသည် ညံ့သွားခဲ့သည်။ နောက်ပိုင်းတွင် ယင်းသို့ပြုခြင်းသည် မဟာအမှားပင်ဖြစ်ကြောင်း လူတိုင်းသတိပြုမိကြရာ မြေယာအမြောက်အမြားပိုင်ဆိုင်သူတို့က ‘ကောင်းပြီ၊ ကျွန်ုပ်တို့သည် အစိုးရဆီမှ ငွေအလုံအလောက် ရရှိခဲ့ကြပြီ’ ဟုဆိုကာ စွန့်ခွာသွားခဲ့ကြသည်။” ရလဒ်ကားအဘယ်နည်း။ “စွန့်ပစ်ခဲ့သော စားကျက်မြေစတုရန်းမိုင်ပေါင်း ၈၀,၀၀၀ ခန့်မှာ ဖြုန်းတီးမြေဖြစ်သွားသည်။”
သို့သော်လည်း ယနေ့ ဖာရဇ်ကဲ့သို့သောသုတေသီများက ဤပျက်စီးမြေများအတွက် အသုံးပြုနည်းအသစ်များကို တွေ့ရှိကြပြီ။ အဘယ်နည်းအားဖြင့်နည်း။ သူတို့သည် ပစ်ထားခဲ့သော နွားမွေးမြူရေးခြံတစ်ခုတွင် အမေဇုန်-အခွံမာအသီးပျိုးပင် ၃၂၀,၀၀၀ ကို များမကြာမီနှစ်များက စိုက်ပျိုးခဲ့ကြသည်။ ယနေ့ ထိုပျိုးပင်များသည် အသီးသီး သီးနေကြပြီ။ အဆိုပါသစ်ပင်များသည် ကြီးထွားနှုန်းမြန်ဆန်ပြီး အဖိုးတန်သစ်များရသောကြောင့် ယခုအခါ အမေဇုန်-အခွံမာအသီးပျိုးပင်များကို အမေဇုန်မြစ်ဝှမ်း၏တောပြုန်းနေသော နေရာဒေသများစွာတွင် စိုက်ပျိုးနေကြသည်။ ထွက်ကုန်များကို ထုတ်ယူခြင်း၊ နှစ်ရှည်ခံသီးနှံများကို စိုက်ပျိုးရန် လယ်သမားများအားပို့ချခြင်း၊ သစ်တောများအား မပျက်စီးစေဘဲ သစ်ခုတ်ယူသည့်နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပျက်စီးမြေကို ပြန်ပြုပြင်ပေးခြင်းတို့သည် သစ်တောကိုဆက်လက်တည်ရှိစေဖို့ ထောက်ကူပေးနိုင်သောနည်းလမ်းများဖြစ်ကြောင်း ကျွမ်းကျင်သူတို့၏အမြင်တွင် သိမြင်လာကြသည်။—“ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ခြင်း” လေးထောင့်ကွက်ကိုရှု။
သို့တိုင် အာဏာပိုင်များက ပျက်စီးမြေကို ပြန်ပြုပြင်ပေးခြင်းတို့ထက် သစ်တောကိုကာကွယ်ခြင်းသည် သာ၍လိုအပ်၏ဟုဆိုသည်။ လူတို့၏သဘောထားကို ပြောင်းလဲပစ်ရန် လိုအပ်နေသည်။
ကောက်သောအရာကို ဖြောင့်စေနိုင်ပုံ
မတရားမှုကို ကိုင်တွယ်ဖြေရှင်းပါ။ အခြားသူတို့၏ အခွင့်အရေးများကို နှောင့်ယှက်သော မျှတမှုမရှိသည့် လူ့အပြုအမူသည် တပ်မက်လုံးကြီးမှုကြောင့် ဖြစ်လေ့ရှိသည်။ သို့ဖြင့် ရှေးအချိန်မှအတွေးအခေါ်ပညာရှင် ဆီနီကာလေ့လာတွေ့ရှိခဲ့သကဲ့သို့ပင် ကြီးမားကျယ်ပြောသော အမေဇုန်မိုးသစ်တောအပါအဝင် “သဘာဝတရားရှိရှိသမျှသည် တပ်မက်လုံးကြီးမှုကိုမီအောင် မဖြည့်ဆည်းပေးနိုင်ပါ။”
အမေဇုန်ရှိ ဆင်းရဲလျက်ရုန်းကန်လှုပ်ရှားနေရသော လယ်သမားများနှင့် ခြားနားစွာပင် စက်မှုလုပ်ငန်းရှင်များနှင့် နယ်မြေအများပိုင်ဆိုင်ကြသော မြေပိုင်ရှင်ကြီးများသည် သူတို့၏ပိုက်ဆံအိတ် ပြည့်လျှံလာစေဖို့ သစ်တောကိုလုံးပါးပါးစေနေကြသည်။ အမေဇုန်အလုပ်ခွင်တွင် ချိန်းလွှများကို အကြီးအကျယ်ထောက်မနေခြင်းအတွက် အနောက်နိုင်ငံများအား အလားတူအပြစ်ဖို့ရန် အာဏာပိုင်တို့က ထောက်ပြကြသည်။ ဂျာမန်သုတေသီများအုပ်စုမှ တစ်စုက “ချမ်းသာကြွယ်ဝသည့် စက်မှုထွန်းကားသောနိုင်ငံများသည် ဝန်းကျင်ပျက်စီးမှုကို အကြီးအကျယ်ဖြစ်စေခဲ့ကြပြီ” ဟုကောက်ချက်ချခဲ့ကြသည်။ အမေဇုန်ထိန်းသိမ်းရေးတွင် အမှန်ပင်လိုအပ်ချက်မှာ “ကမ္ဘာချီဆိုင်ရာ နည်းစနစ်သစ်တစ်ခုဖြစ်၏၊ လူသားတို့တညီတညွတ်တည်းရှိခြင်းနှင့် တရားမျှတခြင်းအပေါ်အခြေပြုသည့် ဖွံ့ဖြိုးမှုပုံစံကို တိုးတက်စေမည့်နည်းစနစ်” ဟုအမေဇုန်ဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာကော်မရှင်က ဖော်ပြလေသည်။
သို့သော် အမေဇုန်တစ်ဝန်းရှိ မီးခိုးတိမ်တိုက်များက ကမ္ဘာတစ်ဝန်းမှ ဝန်းကျင်အတွက်ကြိုးစား အသိစိတ်ရှိကြသောအမျိုးသမီး၊ အမျိုးသားတို့သည် ကြိုးစားလင့်ကစား သိမြင်လာသော အကြံဉာဏ်များကို အကောင်အထည်ဖော်ရေးသည် မီးခိုးကို အမိအရဆုပ်ကိုင်ခြင်းတမျှ ခက်ခဲလှကြောင်း သတိရစေသည်။ အဘယ်ကြောင့်နည်း။
လူ့အဖွဲ့အစည်း၏အသွေးအသားထဲတွင် နက်ရှိုင်းစွာထိုးဝင်နေသည့် တပ်မက်လုံးကြီးခြင်းကဲ့သို့သော အကျင့်ဆိုး၏အမြစ်များသည်အမေဇုန်သစ်တော၏မြေဆီလွှာထဲတွင် ထိုးဝင်လျက်ရှိသောသစ်ပင်၏အမြစ်များထက် သာ၍နက်နေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သစ်တောထိန်းသိမ်းရေးတွင် အတတ်နိုင်ဆုံး ကိုယ်တိုင်ကြိုးစားသင့်သည်မှန်သော်လည်း မည်မျှပင်စိတ်ရင်းမှန်စေကာမူ နက်ရှိုင်းယှက်ဖြာနေသော သစ်တောပျက်စီးခြင်းအကြောင်းရင်းများကို အမြစ်မှနုတ်ပစ်ရာတွင် အောင်မြင်မှုရမည်ဟု အမှန်တကယ် မျှော်လင့်၍မရနိုင်ချေ။ လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်က လူ့သဘောသဘာဝကို လေ့လာသူပညာရှိတစ်ဦးဖြစ်သူ ရှေးခေတ် ဘုရင်ရှောလမုန် သတိပြုမိသောအရာမှာ မှန်ကန်နေဆဲပင်ဖြစ်သည်။ လူသားတို့၏ကြိုးပမ်းမှုတစ်ရပ်တည်းအားဖြင့် “ကောက်သောအရာကိုမဖြောင့်စေနိုင်။” (ဒေသနာ ၁:၁၅) အလားတူပင် ပေါ်တူဂီစကားပုံကလည်း “O pau que nasce torto, morre torto” (အပင်ပေါက်တော့လည်းကောက်ကောက်၊ သေတော့လည်းကောက်ကောက်) ဟုဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ကမ္ဘာတစ်ဝန်းရှိ မိုးသစ်တောများအတွက် အနာဂတ်ရှိပါသည်။ အဘယ်ကြောင့်နည်း။
ရှေ့၌ရှိသောထွန်းလင်းမှု
လွန်ခဲ့သောအနှစ်တစ်ရာခန့်က ဘရာဇီးစာရေးဆရာ အယူကလီဒီစ် ဒါ ကန်ယာက အမေဇုန်တောတွင်းနေ ပေါများသောသက်ရှိပုံစံများကို အလွန်စွဲမှတ်သွားရာ အဆိုပါသစ်တောကို “မထုတ်ဝေရသေးသည့် ကမ္ဘာဦးကျမ်းပြိုင်စာမျက်နှာ” အဖြစ် သူဖော်ပြခဲ့သည်။ ထို့အပြင် လူတို့သည် ထို “စာမျက်နှာ” ကို ညစ်ပေစေပြီး ဆုတ်ပစ်ကြသော်လည်း ဒဏ္ဍာရီမဟုတ်သော အမေဇုန်မှတ်တမ်းက တည်ရှိဆဲအမေဇုန်ကို “ဖန်ဆင်းချိန်ကကဲ့သို့ပင် ကမ္ဘာမြေကြီး၏ လွမ်းဆွတ်စရာအမှတ်အသားတစ်ခု” အဖြစ်ဆိုထား၏။ သို့သော် မည်မျှသက်တမ်းရှည်မည်နည်း။
ဤအချက်ကိုသုံးသပ်ကြည့်ပါ– အမေဇုန်မိုးသစ်တောနှင့် ကမ္ဘာ့အခြားမိုးသစ်တောများသည် ဒါ ကန်ယာဖော်ပြသကဲ့သို့ “ထူးခြားသော ဉာဏ်ရည်မြင့်မားမှု” ၏သက်သေအထောက်အထားကို ညွှန်ပြနေသည်။ သစ်တောရှိသစ်ပင်များသည် အမြစ်များမှ အရွက်များထိတိုင် ၎င်းတို့သည် မဟာဗိသုကာပညာရှင်တစ်ဦး၏ လက်ရာပင်ဖြစ်ကြောင်း ကြေညာနေသည်။ သို့ဖြစ်သောကြောင့် ဤမဟာဗိသုကာပညာရှင်သည် တပ်မက်လုံးကြီးသူတို့က မိုးသစ်တောများကို ဖြိုဖျက်ပစ်ကာ ကမ္ဘာမြေကြီးအားဖျက်လိုဖျက်ဆီးလုပ်နေခြင်းကို ခွင့်ပြုပါမည်လော။ ဤမေးခွန်းကို ကျမ်းစာပရောဖက်ပြုချက်တစ်ခုက ပြတ်ပြတ်သားသားပင် ခွင့်ပြုမည်မဟုတ်ဟု အဖြေပေးထားပြီ! ဤသို့ဖတ်ရသည်– “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ [ဘုရားသခင်၏] အမျက်တော်သည်လည်းရောက်ပါပြီ . . . မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးသောအချိန်ရောက်ပါပြီ။”—ဗျာဒိတ် ၁၁:၁၈။
သို့သော် သတိပြုပါ၊ ဤပရောဖက်ပြုချက်က ဖန်ဆင်းရှင်သည် တပ်မက်လုံးကြီးသူများကို သုတ်သင်ပစ်ခြင်းအားဖြင့် ပြဿနာများကို အမြစ်မှနုတ်ပစ်မည်ဟူ၍သာမဆိုဘဲ ကျွန်ုပ်တို့အချိန်တွင် ဤသို့ပြုမည်ဟု ဖော်ပြထားသည်။ အဘယ်ကြောင့် ကျွန်ုပ်တို့ ဤသို့ဆိုနိုင်သနည်း။ အမှန်မှာ၊ ပရောဖက်ပြုချက်က လူတို့သည် ကမ္ဘာမြေကြီးကို “ဖျက်ဆီး” သောအခါ ဘုရားသခင်သည် အရေးယူတော်မူလိမ့်မည်ဟု ဆိုထားသောကြောင့်ဖြစ်သည်။ ထိုစကားများရေးသားခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးအချိန်က ယင်းသို့ပြုရန် လူဦးရေကော ပြုနိုင်စွမ်းပါမရှိခဲ့ချေ။ သို့သော် အဆိုပါအခြေအနေမှာ ပြောင်းလဲခဲ့ပေပြီ။ အပူပိုင်းဒေသသစ်တောများကို ကာကွယ်ခြင်း—နိုင်ငံတကာထိပ်တန်းဦးစားထားရာ လုပ်ငန်းတစ်ရပ်စာအုပ်က “ယနေ့ လူသားများသည် နေရာဒေသတစ်ခု သို့မဟုတ် တစ်စိတ်တစ်ဒေသကိုသာမဟုတ်ဘဲ ကမ္ဘာချီဆိုင်ရာအတိုင်းအတာဖြင့် မိမိတို့ကိုယ်တိုင်အသက်ဆက်ရေး၏ အခြေခံများကို ဖျက်ဆီးပစ်ရန် သမိုင်းတွင်ဦးဆုံးအကြိမ်အနေအထားသို့ ဆိုက်ရောက်နေပြီ” ဟုဖော်ပြ၏။
ဖန်ဆင်းရှင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို” အရေးယူတော်မူမည့် “အချိန်” နီးနေပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ အမေဇုန်မိုးသစ်တောနှင့် ဝန်းကျင်ကိုအန္တရာယ်ကျရောက်စေသောအခြားအရာတို့အတွက် အနာဂတ်ရှိပါသည်။ ဖန်ဆင်းရှင်သည် ယင်းကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်ပြီး—ဤကား ဒဏ္ဍာရီပုံပြင် တစ်ခုမဟုတ် ဖြစ်ရပ်မှန်ဖြစ်တည်း။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ခြင်း
အမေဇုန်အလယ်ပိုင်း မာနာအပ်စ်မြို့အနီး စတုရန်းပေ ၄,၃၀၀,၀၀၀ အကျယ်အဝန်းနီးပါးရှိသည့် တောပြုန်းပြီးနောက်ပြန်၍ပေါက်လာသော စိမ်းညို့သန်စွမ်းလှသည့်သစ်တောမှာ အမေဇုန်ရှိ ဘရာဇီးအမျိုးသားသုတေသနအဖွဲ့ သို့မဟုတ် INPA ၏ ဌာနအသီးသီးအားထားမှီခိုရသောနေရာဖြစ်သည်။ ၄၂ နှစ်သက်တမ်းရှိပြီး ဂေဟဗေဒမှသည် သစ်တောရေးရာ၊ လူ့ကျန်းမာရေးအထိ ကိစ္စရပ်မျိုးစုံအကျုံးဝင်သည့် ၁၃ ဌာနပါဝင်သော ဤအဖွဲ့အစည်းသည် အဆိုပါအရပ်ဒေသ၏ အကြီးဆုံးသောသုတေသနအဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့သည် အမေဇုန်အပင်များ၊ ငါး၊ တွားသွားသတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊ ငှက်များနှင့် ပိုးမွှားများကို ကမ္ဘာပေါ်တွင် အများအပြားအစုံလင်ဆုံးစုဆောင်းထားရှိသည့် အဖွဲ့တစ်ခုဖြစ်သည်။ သုတေသီ ၂၈၀ ပါဝင်သော အဆိုပါအဖွဲ့၏လုပ်ငန်းမှာ အမေဇုန်၏ရှုပ်ထွေးလှသော အပြန်အလှန်ဆက်သွယ်ချက်များဖြစ်သည့် ဂေဟစနစ်များကို လူတို့ သာ၍နားလည်ဖို့ အကူအညီပေးလျက်ရှိသည်။ အဆိုပါအဖွဲ့အစည်းသို့ လာရောက်လည်ပတ်သူတို့သည် အကောင်းမြင်သဘောဖြင့် ထွက်ခွာသွားတတ်ကြသည်။ ဗြူရိုကရက်တစ်နှင့် နိုင်ငံရေးဆိုင်ရာတားဆီးမှုများရှိငြား ဘရာဇီးလူမျိုးတို့နှင့် နိုင်ငံခြားသိပ္ပံပညာရှင်များသည် ကမ္ဘာ့မိုးသစ်တော၏အထွတ်အထိပ်ရတနာဖြစ်သော အမေဇုန်ကို ထိန်းသိမ်းရေးအတွက် အခိုင်အမာဆုံးဖြတ်ထားကြသည်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သစ်တောကို ဖြတ်ဖောက်ထားသည့် သစ်ထုတ်လုပ်ရေးလမ်း
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
မိုးသစ်တောမှထွက်ကုန်များ– သစ်သီးများ၊ အခွံမာသီးများ၊ ဆီ၊ ရော်ဘာနှင့် ထိုထက်မကရှိ
[Credit Line]
J. van Leeuwen, INPA-CPCA, Manaus, Brazil