သမ္မာကျမ်းစာ ရှုထောင့်
ဖောက်ပြန်ပြီးနောက်အိမ်ထောင်ကို ကယ်တင်၍ရနိုင်မည်လော
“ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှား . . . ၏။”—မဿဲ ၁၉:၉။
ယေရှု၏ထိုစကားများသည် သစ္စာမဲ့အိမ်ထောင်ဖက်ကိုကွာရှင်းရန် ခရစ်ယာန်တစ်ဦးအား ရွေးချယ်ခွင့်ရှိစေသည်။a သို့ရာတွင် အပြစ်မဲ့အိမ်ထောင်ဖက်က ဆက်ပေါင်းသင်းလိုပြီး မောင်နှံစုံသည် မိမိတို့၏ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေလိုလျှင် အသို့နည်း။ ယင်းမောင်နှံစုံအတွက် ရှေ့တွင်အဘယ်စိန်ခေါ်ချက်များရှိနေပြီး ၎င်းတို့ကို မည်သို့အောင်မြင်စွာ ရင်ဆိုင်နိုင်မည်နည်း။ သမ္မာကျမ်းစာသည် ဤမေးခွန်းများကိုဖြေဆိုရန် မည်သို့အကူအညီပေးကြောင်း ကြည့်ကြစို့။
ပြိုကွဲသွားသောမိသားစု
ဖောက်ပြန်ခြင်းဖြင့် ဖြစ်ပေါ်သည့် ကြီးကျယ်သောထိခိုက်မှုအကြောင်းကို ဦးဆုံးနားလည်ထားရမည်။ ယေရှုခရစ်ရှင်းပြခဲ့သကဲ့သို့ပင် လင်နှင့်မယားသည် “နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်” ဖို့အိမ်ထောင်ကိုအစပြုသူက ရည်ရွယ်တော်မူခဲ့သည်။ ကိုယ်တော်က ဤသို့ထပ်ဆင့်တော်မူသည်– “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲမခွာစေနှင့်။” မှန်ပါသည်၊ လူသားအချင်းချင်း ခွဲခွာ၍မရနိုင်အောင် အိမ်ထောင်ရေးကို တီထွင်ထားပါသည်။ လူတစ်ဦးသည် သူ့သားအိမ်ရာပြစ်မှားခြင်းဖြင့် အိမ်ထောင်ရေးသစ္စာကတိဝတ်ကိုဖျက်သောအခါ ဆိုးကျိုးများသက်ရောက်လာစေသည်။—မဿဲ ၁၉:၆; ဂလာတိ ၆:၇။
ယင်းကို အပြစ်မဲ့အိမ်ထောင်ဖက်ခံစားရသည့် ပူပင်သောကသည် သက်သေသာဓကဖြစ်သည်။ သူ့သားအိမ်ရာပြစ်မှားခြင်း၏အကျိုးဆက်များကို ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးသွားသောအိမ်များနှင့် နှိုင်းယှဉ်နိုင်သည်။ ဒေါက်တာရှယ်လီပီ.ဂလပ်စ်က ဤသို့ဆိုသည်– “ကျွန်မကုသပေးခဲ့ရသောလူနာတချို့က သူတို့၏လင်ယောက်ျားများသေဆုံးသွားခဲ့လျှင် သူတို့အတွက်ပို၍စိတ်ချမ်းသာမည်ဟု ပြောပြကြသည်။” အိမ်ထောင်ဖက်သေဆုံးသွားသောသူအချို့မှာမူ သဘောတူနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် သူ့သားအိမ်ရာပြစ်မှားခြင်းသည် နာကျင်မှုမချိမဆံ့ခံရစေသည်မှာ ရှင်းနေပါသည်။ အချို့ဆိုလျှင် သစ္စာဖောက်မှုခံစားရခြင်းမှ ဘယ်တော့မျှနာလန်မထူကြတော့ချေ။
ဤမျှပူပင်သောကရောက်ကြရသောကြောင့် တစ်ဦးတစ်ယောက်က ‘သူ့သားအိမ်ရာပြစ်မှားခြင်းကြောင့် အိမ်ထောင်ကွဲရမည်လော’ ဟုမေးပေမည်။ မလိုပါ။ သူ့သားအိမ်ရာပြစ်မှားခြင်းနှင့်ပတ်သက်၍ ယေရှုမိန့်တော်မူရာတွင် သစ္စာရှိအိမ်ထောင်ဖက်သည် ကျမ်းစာမူအရ ကွာရှင်းရန် ရွေးချယ်ခွင့်ရှိသော်လည်း ထိုသို့လုပ်ရန်မလိုပါ။ သူ့သားအိမ်ရာပြစ်မှားခြင်းကို ခွင့်လွှတ်စရာမရှိသော်လည်း ဇနီးမောင်နှံအချို့သည် လိုအပ်သောပြုပြင်မှုများလုပ်ခြင်းဖြင့် ပြိုကွဲမှုကိုပြန်ထူထောင်ပြီး ခိုင်မြဲစေရန် ဆုံးဖြတ်ကြသည်။
အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် အချင်းချင်းတစ်ဦးကိုတစ်ဦးသစ္စာရှိလျှင် အိမ်ထောင်ရေးတွင် လိုအပ်သောပြုပြင်မှုများပြုလုပ်ခြင်းသည် ပို၍ကောင်းပါသည်။ သို့ရာတွင် ဖောက်ပြန်မှုကြုံရသောအခါ၌ပင် အပြစ်မဲ့အိမ်ထောင်ဖက်တချို့သည် အိမ်ထောင်ရေးကိုဆက်မြဲစေလိုကြသည်။ ဖြစ်စေချင်ရာအတိုင်းဆုံးဖြတ်ပြုလုပ်မည့်အစား အပြစ်မဲ့အိမ်ထောင်ဖက်သည် ယင်း၏အကျိုးဆက်များကို ချင့်ချိန်စဉ်းစားသင့်သည်။ သူမသည် သားသမီးများ၏လိုအပ်ရာနှင့်အတူ မိမိ၏ဝိညာဉ်ရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ကာယရေးနှင့် ငွေရေးကြေးရေးလိုအပ်ရာများကိုပါ ထည့်စဉ်းစားရပေမည်။b သူမ၏အိမ်ထောင်ရေးသည် အဖတ်ဆယ်နိုင်မဆယ်နိုင်ကိုလည်း သုံးသပ်ဆင်ခြင်တတ်ရပေမည်။
အိမ်ထောင်ရေးကို အဖတ်ဆယ်နိုင်မည်လော
ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးသွားသောအိမ်ကို ပြန်ဆောက်ရန်မကြိုးပမ်းမီ ဆောက်မည့်သူသည် ပြန်ဆောက်နိုင်မဆောက်နိုင်သုံးသပ်ရမည်။ ထိုနည်းတူ ဖောက်ပြန်ခြင်းကြောင့် ဖရိုဖရဲဖြစ်သွားသောဆက်ဆံရေးကို ပြန်တည်ထောင်ရန်မကြိုးစားမီ မောင်နှံတစ်စုံ—အထူးသဖြင့် သစ္စာရှိအိမ်ထောင်ဖက်—သည် အိမ်ထောင်ရေးတွင် ရင်းနှီးမှုနှင့် ယုံကြည်အားထားမှုပြန်ရဖို့အလားအလာနှင့်ပတ်သက်၍ အရှိအတိုင်းဆုံးဖြတ်ရန်လိုပေမည်။
သုံးသပ်ရမည့်အချက်တစ်ချက်မှာ အပြစ်ရှိအိမ်ထောင်ဖက်သည် စစ်မှန်သောနောင်တပြမပြ၊ သို့မဟုတ် ယင်းအစား “စိတ်နှလုံးထဲ၌” မတရားမေထုန်ပြုနေဆဲလော ဖြစ်သည်။ (မဿဲ ၅:၂၇၊ ၂၈) ပြောင်းလဲရန်ကတိပေးသော်လည်း သူ၏အကျင့်ပျက်ပြားမှုကို ချက်ချင်းဖြတ်ပစ်ဖို့ တုံ့ဆိုင်းနေသလော။ (ထွက်မြောက်ရာ ၂၀:၁၄; ဝတ်ပြုရာ ၂၀:၁၀; တရားဟောရာ ၅:၁၈) သူသည် မျက်စိကစားနေဆဲလော။ သူ့သားအိမ်ရာပြစ်မှားမှုအတွက် မိမိဇနီးကို အပြစ်တင်သလော။ သို့ဖြစ်လျှင် ယုံကြည်အားထားမှုပြန်ရရန်ကြိုးပမ်းသည့် အိမ်ထောင်ရေးသည် အောင်မြင်နိုင်ဖွယ်မရှိပေ။ အခြားတစ်ဖက်တွင် သူ၏အမှားကိုဝန်ခံပြီး ဖောက်ပြားမှုကို လုံးဝရပ်စဲပြီး အိမ်ထောင်ရေးကိုပြန်ထူထောင်ဖို့ အပြည့်အဝကြိုးစားမည်ဆိုလျှင် သူ့ဇနီးသည် စစ်မှန်သောယုံကြည်အားထားမှုပြန်ရနိုင်ရန် မျှော်လင့်စရာအကြောင်းရှိသည်။—မဿဲ ၅:၂၉။
ထို့အပြင် သစ္စာရှိအိမ်ထောင်ဖက်ကိုယ်နှိုက်က ခွင့်လွှတ်နိုင်မည်လော။ ယင်းက သူမသည် ဖြစ်ပျက်ခဲ့သောအမှုကြောင့် ခံစားရသည့်စိတ်ဆင်းရဲမှုများကိုမပြောဆိုရတော့ချေ၊ သို့မဟုတ် ပြောင်းလဲမှုမရှိခဲ့သယောင်ဟန်ဆောင်နေဖို့ ဆိုလိုနေခြင်းမဟုတ်ပါ။ သို့သော် သူမသည် မကျေနပ်မှုများကို ဆက်၍ကိန်းအောင်းမနေစေဘဲ အချိန်ဖြင့်ကြိုးစားကုသဖို့ ဆိုလိုနေခြင်းဖြစ်သည်။ ထိုသို့ခွင့်လွှတ်နိုင်ရန် အချိန်ယူရမည်ဖြစ်သော်လည်း အိမ်ထောင်ပြန်ထူထောင်ရေးအတွက် ခိုင်မာသောအုတ်မြစ်ချဖို့ ယင်းသည် အကူအညီဖြစ်စေနိုင်သည်။
“အပျက်အစီးများ” ကိုရှင်းထုတ်ပစ်ခြင်း
သစ္စာရှိအိမ်ထောင်ဖက်သည် သူတို့အိမ်ထောင်ရေးကိုအဖတ်ဆယ်ဖို့ဆုံးဖြတ်ပြီးနောက် မောင်နှံစုံသည် နောက်အဘယ်ခြေလှမ်းဆက်လှမ်းရမည်နည်း။ ဟာရီကိန်းမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးသွားသောအိမ်ပတ်လည်ရှိ အပျက်အစီးများကို ရှင်းလင်းရသကဲ့သို့ပင် အိမ်ထောင်ရေးဝန်းကျင်ရှိ “အပျက်အစီးများ” ကိုရှင်းပစ်ရမည်ဖြစ်သည်။ မောင်နှံစုံသည် ၎င်းတို့၏ခံစားချက်များကို တစ်ဦးကိုတစ်ဦးဖော်ပြပြောဆိုကြမည်ဆိုလျှင် အောင်မြင်မှုရရှိနိုင်မည်။ နယပုံပြင်ကျမ်း ၁၅:၂၂ [ကဘ] တွင်– ‘အတွင်းကျကျတိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏’ ဟုဆိုထားသည်။ ‘အတွင်းကျကျတိုင်ပင်ခြင်း’ ဟုဘာသာပြန်ထားသောဟေဗြဲစကားလုံးသည် ရင်းနှီးကျွမ်းဝင်မှုဟူသည့်သဘောသက်ရောက်ပြီး ဆာလံ ၈၉:၇ [ကဘ] တွင် ‘ရင်းနှီးကျွမ်းဝင်သောအုပ်စု’ ဟုပြန်ဆိုထားသည်။ ထို့ကြောင့် ယင်းသည်အပေါ်ယံပြောဆိုရုံမျှမဟုတ်ဘဲ မိမိတို့၏အနက်ရှိုင်းဆုံးခံစားချက်များကို အချင်းချင်း ရိုးသားပွင့်လင်းစွာနှင့် စိတ်ထက်သန်စွာဆက်သွယ်ဖို့လိုအပ်ပေသည်။—သု. ၁၃:၂၀။
သာဓကအနေဖြင့် အချို့ကိစ္စများတွင် သစ္စာရှိအိမ်ထောင်ဖက်သည် မိမိခင်ပွန်းကို ထပ်၍မေးစရာမေးခွန်းများ ရှိနေပေမည်။ ၎င်းကိစ္စ မည်သို့စဖြစ်သနည်း။ မည်မျှကြာခဲ့ပြီနည်း။ ယင်းကို အခြားမည်သူသိသနည်း။ ဤအချက်အလက်များကိုဆွေးနွေးဖို့ မောင်နှံစုံအတွက် နာကျင်မှုဖြစ်မည်မှာအမှန်။ သို့ရာတွင် သစ္စာရှိအိမ်ထောင်ဖက်သည် ယုံကြည်အားထားမှုပြန်ရရှိနိုင်ဖို့ ယင်းတို့ကိုသိထားရန်လိုပေမည်။ သို့ဖြစ်သောကြောင့် သစ္စာမဲ့အိမ်ထောင်ဖက်သည် ရိုးသားပွင့်လင်းစွာ စာနာမှုရှိရှိဖြေဆိုဖို့ ကောင်းသည်။ သူသည် မေတ္တာပါပါကြင်နာစွာရှင်းပြသင့်ပြီး ပြောဆိုတိုင်ပင်သည့်ရည်ရွယ်ချက်သည် နာကျင်စေဖို့မဟုတ်ဘဲ ပျောက်ကင်းစေဖို့ဖြစ်ကြောင်း စိတ်စွဲနေသင့်သည်။ (သု. ၁၂:၁၈; ဧဖက် ၄:၂၅၊ ၂၆) နှစ်ဦးစလုံးသည် ဖြစ်ပျက်ခဲ့သောအရာနှင့်ပတ်သက်၍ မိမိတို့၏ခံစားချက်များကိုဖော်ပြကြစဉ် လိမ္မာပါးနပ်မှု၊ ချုပ်တည်းမှုနှင့် ကိုယ်ချင်းစာမှုတို့ပြ၍နားထောင်ပေးဖို့လိုပေမည်။c—သု. ၁၈:၁၃; ၁ ကောရိန္သု ၉:၂၅; ၂ ပေတရု ၁:၆။
ယေဟောဝါသက်သေများသည် အသင်းတော်အကြီးအကဲများထံမှ အကူအညီတောင်းခံလိုပေမည်။ ခရစ်ယာန်များဖြစ်လျှင် သူ့သားအိမ်ရာပြစ်မှားခြင်းကဲ့သို့သော ကြီးလေးသည့်အပြစ်များကို အကြီးအကဲများအား ချက်ချင်းဖော်ပြဝန်ခံရမည်ဖြစ်သည်။ သူတို့သည် ထိုမောင်နှံစုံနှင့်အသင်းတော်၏ဝိညာဉ်ရေးကောင်းကျိုးကို စိုးရိမ်ပူပန်ကြသည်။ သူ့သားအိမ်ရာပြစ်မှားသူသည် အကြီးအကဲများနှင့်တွေ့ဆုံသောအခါ စစ်မှန်သောနောင်တကိုပြသောကြောင့် အသင်းတော်တွင်ဆက်နေခွင့်ရနိုင်ပေသည်။ ဤကိစ္စမျိုးတွင် အကြီးအကဲများသည် အိမ်ထောင်ဖက်နှစ်ဦးစလုံးကို အကူအညီဆက်ပေးနိုင်ပါသည်။—ယာကုပ် ၅:၁၄၊ ၁၅။
ပြန်လည်ထူထောင်ခြင်း
မောင်နှံစုံသည် ဖြစ်နိုင်သည့်အတိုင်းအတာအထိ မိမိတို့၏ခံစားချက်များကို တည်ငြိမ်စေခဲ့ပြီးနောက် သူတို့အိမ်ထောင်ရေး၏အရေးပါသောကဏ္ဍများကို ပြန်ထူထောင်ပေးဖို့ ကောင်းသောအနေအထားတွင်ရှိနေကြသည်။ ဆက်၍စိတ်အားထက်သန်စွာဆက်သွယ်ဖို့လိုသည်။ အားနည်းချက်များတွေ့ရှိသောအခါ သင့်လျော်သောပြောင်းလဲမှုများကိုပြုလုပ်ရမည်။
လိုအပ်သောပြုပြင်မှုများလုပ်ရန် အပြစ်ရှိအိမ်ထောင်ဖက်အပေါ်အဓိကကျရောက်ပေမည်။ သို့ရာတွင် သစ္စာရှိအိမ်ထောင်ဖက်သည် အိမ်ထောင်ရေးတွင် အားနည်းနေသောနေရာများ၌ ခိုင်မြဲစေဖို့သူမ၏ဘက်မှလုပ်ဆောင်ရမည်။ ယင်းက သူ့သားအိမ်ရာပြစ်မှားခြင်းသည် သူမ၏အမှား သို့မဟုတ် ယင်းကိုဥပေက္ခာပြုနိုင်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ—ယင်းအမှားကျူးလွန်မှုအတွက် ဆင်ခြေပေးစရာ ခိုင်လုံသောအကြောင်းမရှိပါ။ (ကမ္ဘာဦး ၃:၁၂; ၁ ယောဟန် ၅:၃ နှိုင်းယှဉ်။) အိမ်ထောင်ရေးတွင် ဖြေရှင်းဖို့လိုသည့် ပြဿနာများရှိနေနိုင်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ ပြန်တည်ဆောက်ခြင်းသည် တွဲဖက်စီမံကိန်းတစ်ခုဖြစ်သည်။ နှစ်ဦးစလုံး၏ တန်ဖိုးထားသင့်ရာများနှင့် ပန်းတိုင်များကို ခိုင်မြဲစေရန် လိုနေပါသလော။ ဝိညာဉ်ရေးလုပ်ငန်းဆောင်တာများကို လျစ်လျူရှုခဲ့ပါသလော။ ဤသို့ သိသာထင်ရှားသောအားနည်းချက်များကိုတွေ့ရှိပြီး လိုအပ်သောပြုပြင်မှုများကိုပြုလုပ်ခြင်းသည် ဆိုးရွားစွာပျက်စီးသွားသောအိမ်ထောင်ရေးကို ပြန်ထူထောင်ရေးအတွက် အလွန်အရေးပါပေသည်။
ထိန်းသိမ်းမှု
ကောင်းစွာဆောက်ထားသောအိမ်တစ်လုံးသည်ပင် ထိန်းသိမ်းမှုမှန်မှန်လိုအပ်သည်။ သို့ဖြစ်လျှင် ပြန်ထူထောင်၍ရထားသောဆက်ဆံရေးကိုထိန်းသိမ်းဖို့ကား ပိုအရေးကြီးလှသည်။ မောင်နှံစုံသည် သူတို့၏ဆုံးဖြတ်ချက်အသစ်များအတိုင်းပြုလုပ်ကြရန် စိတ်ပြဋ္ဌာန်းချက်ကို အတန်ကြာလေသော် တိုက်စားခံခွင့်မပြုသင့်ပေ။ ဆက်သွယ်ရေးညံ့ဖျင်းမှုကဲ့သို့သော သေးမွှားသည့်ဆုတ်ယုတ်မှုများပြန်ဖြစ်လျှင် စိတ်ဓာတ်ကျမည့်အစား မလွဲမချော်ဖို့ ချက်ချင်းပြုလုပ်ကာ ရှေ့သို့ဆက်တိုးတက်နေသင့်သည်။—သု. ၂၄:၁၆; ဂလာတိ ၆:၉။
ထိုထက်ကား မောင်နှံစုံသည် မိမိတို့၏ဝိညာဉ်ရေးအစီအစဉ်ကို အဓိကထားသင့်သည်။ ယင်းအစီအစဉ် သို့မဟုတ် မိမိတို့၏အိမ်ထောင်ရေးထက် အခြားတစ်ခုကို ပိုအရေးမပေးသင့်ပေ။ ဆာလံ ၁၂၇:၁ တွင်ဤသို့ဆိုထားသည်– “ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။” ယေရှုကလည်း ဤသို့သတိပေးသည်– “အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည်သဲပေါ်မှာအိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ၊ ကြီးစွာသောပြိုလဲခြင်းသို့ရောက်လေ၏။”—မဿဲ ၇:၂၄-၂၇။
မှန်ပါသည်၊ လိုက်လျှောက်ဖို့ခက်ခဲသောကြောင့် ကျမ်းစာမူများကိုလျစ်လျူရှုလိုက်မည်ဆိုလျှင် အိမ်ထောင်ရေးသည် ဖောက်ပြန်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်ပြင်းထန်စွာစမ်းသပ်ခံရသောအခါ အကာအကွယ်မဲ့ဖြစ်သွားပေမည်။ သို့ရာတွင် ခင်ပွန်းသည်နှင့်ဇနီးသည်နှစ်ဦးစလုံးသည် ကိစ္စအားလုံးတွင် ကျမ်းစာမူများကိုကိုင်စွဲထားပါက သူတို့၏အိမ်ထောင်ရေးသည် ဘုရားသခင့်ကောင်းချီးရမည်ဖြစ်သည်။ ထို့ပြင် အိမ်ထောင်ရေးကိုအစပြုသူ ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်တွေ့လိုခြင်းဖြစ်သည့် အိမ်ထောင်ရေးတွင်သစ္စာရှိရန် တန်ခိုးအပါဆုံးလှုံ့ဆော်မှုကို ရရှိမည်ဖြစ်သည်။—မဿဲ ၂၂:၃၆-၄၀; ဒေသနာ ၄:၁၂။
[အောက်ခြေမှတ်ချက်များ]
a လူတစ်ဦးသည် သူ့သားအိမ်ရာပြစ်မှားသည့်အိမ်ထောင်ဖက်အား ကွာရှင်းမည်ကိုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းများရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးထားသည့် ၁၉၉၅၊ ဩဂုတ် ၈ ထုတ်နိုးလော့! [လိပ်] “သမ္မာကျမ်းစာရှုထောင့်– သူ့သားအိမ်ရာပြစ်မှားခြင်း—ခွင့်လွှတ်ရန်လော၊ ခွင့်မလွှတ်ရန်လော” ရှု။
b ဤတွင် သစ္စာမဲ့အိမ်ထောင်ဖက်ကို ယောက်ျားဖြစ်သည်ဟုရည်မှတ်ထားသည်။ ခန့်မှန်းခြေစာရင်းတစ်ခုအရ ယောက်ျားများသည် အမျိုးသမီးများထက် နှစ်ဆဖောက်ပြန်ကြသည်။ သို့ရာတွင် အပြစ်မဲ့အိမ်ထောင်ဖက်သည် ခရစ်ယာန်အမျိုးသားဖြစ်လျှင် ဆွေးနွေးခဲ့သောမူများသည် ထပ်တူသက်ဆိုင်မှုရှိသည်။
c ကောင်းစွာနားထောင်ခြင်းနှင့်ပတ်သက်၍ ၁၉၉၄၊ ဇန်နဝါရီ ၂၂၊ စာမျက်နှာ ၆-၉ [လိပ်] နှင့် ၁၉၉၆၊ ဧပြီ-ဇွန်၊ စာမျက်နှာ ၁၀-၁၃ နိုးလော့!ရှု။