နားမကြားသူများ ယေဟောဝါအားချီးမွမ်းကြ
နိုင်ဂျီးရီးယားနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
နားမကြားသူများကို ကျမ်းစာသင်ပေးရန် နိုင်ဂျီးရီးယားရှိယေဟောဝါသက်သေများအတွက် နှစ်ပေါင်းများစွာခက်ခဲခဲ့ပါသည်။ ယင်းသည် လက်ဟန်ပြစကားကိုတတ်သောသက်သေခံ အလွန်နည်းသောကြောင့်ဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲနေသည်။ လက်ဟန်ပြစကားကို တတ်မြောက်သူသက်သေခံများ တိုးများလာပြီဖြစ်ရာ နားမကြားသူများထံရောက်ရှိနေကြသည်။ ဤအဖြစ်အပျက်တွင် ထူးခြားသောတိုးတက်မှုတစ်ခုကား လွန်ခဲ့သည့် တစ်နှစ်ကျော်က နိုင်ဂျီးရီးယား၌ကျင်းပခဲ့သော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးတစ်ခုဖြစ်သည်။
“လေထဲ၌ စိတ်လှုပ်ရှားမှုကို သင်ခံစားနိုင်သည်” ဟုနိုင်ဂျီးရီးယား၊ အိုတီမြို့တွင်ကျင်းပသော ထိုစည်းဝေးကြီးသို့တက်ရောက်သူတစ်ဦးကပြောသည်။ အခြားတစ်ဦးက “အံ့သြမှင်တက်မိစရာပါပဲ” ဟုပြောခဲ့သည်။ အဘယ်ကြောင့် ထိုသို့ခံစားခဲ့ကြရပါသနည်း။ နိုင်ဂျီးရီးယားတွင် စည်းဝေးအစီအစဉ်တစ်ခုလုံးကို လက်ဟန်ပြစကားဖြင့် ပထမဆုံးအကြိမ် ပြန်ဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းသည် တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသော စည်းဝေးကြီး ၉၆ ခုအနက် ဤသို့ပြုလုပ်သည့် တစ်ခုတည်းသောစည်းဝေးကြီးဖြစ်ပါသည်။
တက်ရောက်သူ ထောင်ပေါင်းများစွာကြား၌ စင်မြင့်အရှေ့ဝဲဘက်တွင်ထိုင်ကြသော နားမကြားသည့်ကိုယ်စားလှယ် ၄၃ ယောက်ရှိသည်။ သူတို့အထက်တွင် “လက်ဟန်ပြစကား” ဟုဆိုသော အနီရောင်စာလုံးဖြင့်ရေးသားထားသည့် သင်ပုန်းဖြူကြီးတစ်ချပ်ကို ချိတ်ဆွဲထားသည်။ နားမကြားသည့်ကိုယ်စားလှယ်များသည် ထိုတွင်ရှိနေကြသည့်အတွက် စိတ်အားတက်ကြွနေကြသည်။ သူတို့အထဲမှတစ်ဦးက “ကြီးမားတဲ့ပျော်ရွှင်မှုနဲ့ မျက်ရည်ဝဲပြီး ကျွန်တော်စာရေးလိုက်ပါတယ်။ ‘မကြာသေးခင်ကပဲ’ တခြားနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့နားမကြားတဲ့ ခရစ်ယာန်ချင်းတွေအတွက် ဝိညာဉ်ရေးပြင်ဆင်ပေးချက်တွေအကြောင်း သိရတဲ့အခါ ကျွန်တော်တို့ ဝမ်းနည်းမိခဲ့တယ်။ ဒီမှာလည်း အဲဒီလိုကောင်းချီးကို ခံစားရမယ်ဆိုတာကျွန်တော်တို့ မသိခဲ့ကြဘူး။”
မည်သူများတက်ရောက်ခဲ့ကြသနည်း
နိုင်ဂျီးရီးယားဒေသအားလုံးမှ နားမကြားသူများရောက်လာခဲ့ကြသည်။ နားမကြားသည့်သက်သေခံတစ်ဦးသည် သူမ၏နားမကြားသည့် ကျမ်းစာသင်သားသုံးဦးကို ခေါ်လာခဲ့သည်။ အခြားနားမကြားသည့်အုပ်စုတစ်စုသည်အသွားခရီးတစ်ခုတည်း မိုင်ပေါင်း ၄၃၀ ခရီးထွက်ခဲ့ကြရာ သူတို့၏ခရီးစရိတ်ကို ခုနစ်လတိုင်စုခဲ့ကြရသည်။ သို့သော် ခရီးထွက်ရန်အချိန်ရောက်သောအခါ ပွဲခံရာသီဖြစ်သောကြောင့် ပြည်နယ်ပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်မငှားနိုင်ခဲ့ကြပါ။ သူတို့၏အခက်အခဲကို ပြည်နယ်အစိုးရကသိသွားသည့်အခါ အခြားပို့ဆောင်ရေးနည်းဖြင့်ခရီးသွားနိုင်ကြရန် နိုင်ရာ ၁၃,၀၀၀ ($၁၅၂ U.S.) ပေးခဲ့သည်။
ဤထူးခြားသည့်စည်းဝေးကြီးကိုတက်ရန် နားမကြားသည့်ကလေးများနှင့်အတူ မိသားစုများစွာလာခဲ့ကြသည်။ ကျေးလက်ဒေသမှ အမျိုးသမီးတစ်ဦးသည် ဤစည်းဝေးကြီးအကြောင်းကြားသိပြီး သူမ၏နားမကြားသည့်သားနှင့်အတူ ရောက်လာခဲ့သည်။ သူမကော သူမ၏သားပါ လက်ဟန်ပြစကားကို များစွာမတတ်သိထားပါ။ သူတို့တွေ့မြင်ခဲ့ရာကသူတို့အား မျက်ရည်ကျစေပြီး ယခုသူတို့သည် လက်ဟန်ပြစကားကိုသင်ယူရန် ဆုံးဖြတ်လိုက်ကြသည်။
တက်ရောက်သူထောင်ပေါင်းများစွာထဲမှအချို့က နားမကြားသူများသည် အစီအစဉ်ကိုမည်သို့ “ကြား” နိုင်မည်အကြောင်းတွေ့မြင်ရန် မိုင်ပေါင်းရာနှင့်ချီဝေးသည့်ခရီးမှလာကြသည်။ တနင်္ဂနွေနေ့တွင် တက်ရောက်သူ ၁၃,၉၃၆—နိုင်ဂျီးရီးယား၏ ခရိုင်စည်းဝေးကြီး ၉၆ ခုတွင်အများဆုံး—ရှိပါသည်။ နားမကြားသည့်ကိုယ်စားလှယ်များသည် ထိုများစွာသောလူအုပ်ကြီးတွင်ပါဝင်ရခြင်းကို ဝမ်းမြောက်ကြသည်။
တွေ့မြင်သူများစိတ်စွဲမှတ်
နားမကြားသူများစွာသည် သတင်းကောင်းကို လက်ဟန်ပြစကားဖြင့် ပထမဆုံးအကြိမ် “ကြား” ခဲ့ကြရသည်။ နားကြားသူများသည်လည်း လက်ဟန်ပြစကားကို ပထမဆုံးအကြိမ်တွေ့မြင်ကြရသည်။ ကိုယ်စားလှယ်တစ်ဦးက အစီအစဉ်တစ်ခုလုံး—သီချင်းများ၊ ဆုတောင်းချက်များ၊ ကြေညာချက်များနှင့် ပြဇာတ်ကိုပင်—ဘာသာပြန်ပေးခဲ့ခြင်းကို တွေ့ မြင်ခဲ့ရခြင်းသည် အံ့အားသင့်စရာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အခြားသူတစ်ဦးက “အဲဒါ အံ့ဩစရာကြီးပဲ” ဟုပြောသည်။
နားမကြားသည့်ကိုယ်စားလှယ်များ၏ ရွှင်လန်းမှုကို သူတို့သီချင်းဆိုကြပုံတွင် တွေ့ ရှိရသည်။ စိတ်အားထက်သန်စွာဖြင့် ယေဟောဝါကိုချီးမွမ်းရန် သူတို့၏လက်များကိုအသုံးပြုခဲ့ကြသည်။ နားကြားသူများအတွက်မူ နားမကြားသူများ “သီချင်းဆိုခြင်း” ကိုကြည့်ပြီး ရင်နင့်ခဲ့ကြရသည်။ ယင်းကြောင့်မျက်ရည်ကျသူများစွာရှိခဲ့သည်။ ကိုယ်စားလှယ်တစ်ဦးက အံ့သြလေးမြတ်စိတ်ဖြင့် “အိုယေဟောဝါ!” ဟုဟစ်ကြွေးခဲ့သည်ကို ကြားခဲ့ရသည်။ တစ်ကြိမ်တွင် သီချင်းဆုံးသည်နှင့်တစ်ပြိုင်နက် လက်ဟန်ပြစကားအုပ်စုအနီးတွင်ထိုင်နေကြသူများသည် အလိုအလျောက်လက်ခုပ်သြဘာပေးကြလေသည်။
နှစ်ခြင်းဟောပြောချက်ပြီးနောက် နှစ်ခြင်းခံမည့်သူများမတ်တတ်ရပ်ကြစဉ် လက်ဟန်ပြစကားလူစုမှ လူငယ်တစ်ဦးလည်း မတ်တတ်ရပ်လိုက်သည်။ ဟောပြောသူ၏မေးခွန်းနှစ်ခုကို “ဟုတ်ကဲ့” ဟုလက်ဟန်အမူအရာဖြင့်ဖြေသောအခါ နှစ်ခြိုက်သဘောကျသည့်လေသံများ ပရိသတ်တစ်ခုလုံးတွင်ပျံ့နှံ့သွားပါသည်။
နိုင်ငံ၏အခြားဒေသများမှ မိမိတို့၏ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများနှင့် တွေ့ဆုံရခြင်းသည် နားမကြားသည့်ကိုယ်စားလှယ်များအတွက် မည်မျှပျော်ရွှင်ဖွယ်ပါတကား! နားမကြားသူများအချင်းချင်း တစ်ဦးကိုတစ်ဦးသိရှိလာကြသောအခါ အားရဝမ်းသာစွာဖြင့် လက်မောင်းများနှင့်လက်ချောင်းကလေးများ လှုပ်ရှားပြသခဲ့ကြသည်ကို တွေ့ ရှိခဲ့ရသည်။ လက်ဆွဲနှုတ်ဆက်ခြင်းနှင့် လိပ်စာများလဲလှယ်ယူခြင်းကိုလည်း များစွာတွေ့ ရှိခဲ့ကြရသည်။
စကားပြန် (လက်ဟန်ပြသူများ) ကိုးဦးတို့သည် နိုင်ငံတွင်း ဒေသအသီးသီးမှလာကြသည်။ ဟောပြောချက်များနှင့် သီချင်းအားလုံးကို သူတို့၏လက်များ၊ လက်မောင်းများဖြင့် ပြေပြစ်စွာအချက်ပြခြင်းကို ကြည့်ရှုရသည်မှာ အလွန်လှပပေသည်။ သူတို့၏ကြိုးစားမှုကြောင့် ရလဒ်အနေနှင့် ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ချီးကျူးခြင်း များစွာခံခဲ့ကြရသည်။ မေးခွန်းများစွာလည်း အမေးခံခဲ့ရကြသည်– သင်မည်သို့သင်ယူသနည်း။ ကျွန်ုပ်မည်သို့သင်ယူနိုင်မည်နည်း။ လက်ဟန်ပြစကားသင်သည့်စာအုပ်များ ရှိသလော။
လယ်ကွင်းအသစ်တစ်ခုပွင့်လာ
နားမကြားသူများအတွက် စည်းဝေးကြီး၏ပေါ်လွင်ချက်တစ်ခုမှာ ထာဝရအသက်ရစေသောအသိပညာ စာအုပ်ကို လက်ဟန်ပြစကားဖြင့်ဗီဒီယိုခွေထုတ်ဝေခဲ့ခြင်းဖြစ်သည်။ လက်ဟန်ပြစကားကိုသင်ယူကြရန်နှင့် ဤသွန်သင်နည်းဖြင့် နိုင်ဂျီးရီးယားတစ်ခွင်ရှိနားမကြားသူများထံရောက်ရှိရန် များစွာသောသူတို့ကိုအားပေးခဲ့ပါသည်။ အစည်းအဝေးကြီးက များစွာသောသူတို့အား ထိုအတိုင်းလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချစေခဲ့သည်။
“အရင်တုန်းက နားမကြားသူတစ်ယောက်ကိုတွေ့ရင် ကျွန်မတို့ နောက်တစ်အိမ်ကိုသာဆက်သွားတယ်။ အခုတော့ဘာလုပ်ရမယ်ဆိုတာ ကျွန်မတို့သိပြီ” ဟုညီအစ်မတစ်ဦးကပြောသည်။ ခန့်မှန်းခြေအားဖြင့် နိုင်ဂျီးရီးယားတွင် အကြားအာရုံချို့ယွင်းသူ ငါးသန်းခန့်ရှိရာ တိုးတက်နိုင်စရာအလားအလာ အမှန်ရှိပါသည်။ ညီအစ်ကိုတစ်ဦးက “ဒါဟာအစပဲဖြစ်တယ်။ အခု ဒီထူးခြားတဲ့လယ်ကွင်းအသစ်ကို ကျွန်တော်တို့ပြုစုပျိုးထောင်ဖို့လိုတယ်” ဟုပြောသည်။
စည်းဝေးကြီးပြီးနောက် လအနည်းငယ်အတွင်း ထိုသို့ပင်ပြုလုပ်နေကြပါသည်။ နိုင်ဂျီးရီးယားရှိ အကြားအာရုံချို့ယွင်းသည့်သန်းနှင့်ချီသောသူတို့အား ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကိုသင်ပေးရန် စုပေါင်း၍ကြိုးစားအားထုတ်နေကြပါသည်။ ဤသူတို့လည်း လာလတ္တံ့သော ဘုရားသခင့်နိုင်ငံတော်အောက်ရှိ ကမ္ဘာသစ်တွင် အံ့ဖွယ်ကုသမှုဖြင့် “နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်” ဖြစ်သောကြောင့် ယင်းနှင့်ပတ်သက်သည့်သတင်းကောင်းကို သင်ယူကြဖို့လိုအပ်ပါသည်။—ဟေရှာယ ၃၅:၅။