ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၄/၈ စာ. ၂၀-၂၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သုံးပါးတစ်ဆူဝါဒီများ လိင်တူအိမ်ထောင်ပြုခြင်းကိုထောက်ခံ
  • ကလေးငယ်၏လိင်အမျိုးအစားကို ကြိုတင်ဆုံးဖြတ်ခြင်း
  • ထိခိုက်နစ်နာစေသော ကလေးအပြော
  • တရုတ်ပြည်သည် ရေထုညစ်ညမ်းမှု လျော့နည်းစေရန် ခြေလှမ်းနေ
  • “သန့်ရှင်းသော” အကြမ်းဖက်သမားများ
  • နို့တိုက်သတ္တဝါများသည် ငှက်များထက် ဘေးကြုံနေကြရ
  • စာဖတ်ရှုခြင်းအစီအစဉ်က ရာဇဝတ်မှုလျော့နည်းရန် ထောက်ကူပေး
  • အိုလံပစ်များနှင့် ချို့တဲ့မှု
  • ပိုမိုကြာရှည်လာသော ကော်ဖီသောက်ချိန်
  • အပူထုတ်လုပ်သည့်အပင်များ
  • ဧဝံဂေလိအသင်းများက ချွတ်ယွင်းချက်များကိုဝန်ခံကြ
  • ကမ္ဘာပတ်ခဲ့သော အစေ့တစ်စေ့
    နိုးလော့!—၂၀၀၆
  • ကွယ်ပျောက်နေသော ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၄/၈ စာ. ၂၀-၂၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

သုံးပါးတစ်ဆူဝါဒီများ လိင်တူအိမ်ထောင်ပြုခြင်းကိုထောက်ခံ

ယူနီတဲရီယာန်ချာ့ချ်သည် အမေရိကန်ပြည်ထောင်စုတွင် လိင်တူအိမ်ထောင်ပြုခြင်းများကို တရားဝင်အတည်ပြုသော ဦးဆုံးအသင်းအဖွဲ့ဖြစ်သည်ဟု ခရစ်ယာန်ရာစု မဂ္ဂဇင်းက သတင်းပေးပို့သည်။ ထိုဘာသာရေးအုပ်စု၏ နှစ်ပတ်လည်ညီလာခံကို တက်ရောက်နေကြသော ကိုယ်စားလှယ်များက “တစ်ဦးကိုတစ်ဦး သစ္စာကတိပြုထားသူ မည်သူမဆိုသည် အိမ်ထောင်ပြုနိုင်ကြောင်းကိုကြွေးကြော်” ရန်အပြတ်အသတ်ဆန္ဒမဲပေးခဲ့ကြပါသည်။ ထိုဘာသာရေးမဂ္ဂဇင်းက “ချာ့ချ်၏စည်းမျဉ်းအရ ၁,၀၄၀ သောချာ့ချ်အသင်းတော်တစ်ခုစီသည် လိင်တူနှင့် အမျိုးသမီးလိင်တူမေထုန်စုံတွဲများ အိမ်ထောင်ပြုခြင်းကိစ္စကို အတည်ပြုမပြု၊ မင်္ဂလာဧည့်ခံပွဲများပြုလုပ်ပေးမပေးတို့ကို ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်” ဟုဆိုသည်။

ကလေးငယ်၏လိင်အမျိုးအစားကို ကြိုတင်ဆုံးဖြတ်ခြင်း

ပေါ်ပြူလာဆိုင်းယင့်စ် မဂ္ဂဇင်း၏အဆိုအရ “သုက်အမျိုးအစားက လိင်ကိုအဆုံးအဖြတ်ပေးသောကြောင့် ဖခင်ဖြစ်သူ၏သုက်ပိုးကိုအမျိုးအစားခွဲခြင်းဖြင့် ကလေးငယ်၏လိင်အမျိုးအစားကို ယခုတွင် ကြိုတင်ဆုံးဖြတ်နိုင်ပြီ” ဖြစ်သည်။ ဦးဆုံး၊ သုက်ပိုးကို ရောင်တောက်ဆိုးဆေး၌ ဆေးစိမ်ပါသည်။ ထို့နောက် X (အမ) သုက်ပိုးနှင့် Y (အဖို) သုက်ပိုးကို ခွဲခြားသိရှိရန် လေဆာရောင်ခြည်ကိုအသုံးပြုသည်။ ကွန်ပျူတာဖြင့် ခြားနားမှုကို သတိပြုမှတ်သားပြီး များသောအားဖြင့် ‘သွေးစစ်ရာတွင် အသုံးပြုသော’ ဓာတ်ခွဲခန်းသုံးကိရိယာတစ်ခုဖြင့် ‘X သုက်ပိုးအား လျှပ်စစ်အဖိုဓာတ်၊ Y သုက်ပိုးအား လျှပ်စစ်အမဓာတ်ကိုပေးပါသည်။ သုက်ပိုးကို ဆွဲငင်ရန် လျှပ်စစ်ဓာတ်အစွန်းနှစ်ဖက်ကိုအသုံးပြုလျက် ယင်းကိုခွဲထုတ်သည်။’ မွေးမြူရေးလုပ်ငန်းအတွက် ဤနည်းစနစ်ကို စတင်ပြုစုခဲ့သော သိပ္ပံပညာရှင်၏အဆိုအရ ဤခွဲထုတ်မှုသည် ၉၀ ရာခိုင်နှုန်းခန့်မှန်ကန်သည်ဟူ၏။ ထိုနောက် ရွေးချယ်ထားသောသုက်ပိုးကို မမျိုးဥသန္ဓေအောင်စေရန်အသုံးပြုကာ “အလိုရှိသောလိင်အမျိုးအစားသန္ဓေသားလောင်းများကို သားအိမ်တွင်းသို့ ထည့်သွင်းလိုက်သည်။” သို့ရာတွင် ယနေ့အထိ ဤနည်းဖြင့် မွေးဖွားလာခဲ့သူ တစ်ဦးတည်းသာရှိသေးသည်။

ထိခိုက်နစ်နာစေသော ကလေးအပြော

ကလေးသူငယ်များ စတင်ကြိုးစားစကားပြောဆိုခြင်းကို ချစ်စရာကောင်းသည်ဟု ယူဆလေ့ရှိကြပြီး မိဘများစွာသည် ကလေးငယ်များနှင့် သူတို့ကိုယ်တိုင် ကလေးအပြောမျိုးဖြင့် ချစ်စနိုး တုံ့ပြန်ကြသည်။ သို့ရာတွင် ယင်းသည် ကလေးသူငယ်များ၏စကားတတ်မြောက်ခြင်းကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဗဇာ မဂ္ဂဇင်းတွင် ဘရာဇီးနိုင်ငံသားဖြစ်သည့် ဘာသာစကားကျွမ်းကျင်သူပညာရှင် အီလီအဲနီရာဂျီးနာ ကာရပ်စ်ကူးကရေးသားသည်။ မိဘများသည် ကလေးငယ်၏မှားယွင်းသော အသံထွက်များကို ပြန်ပြောဆိုသောအခါ ယင်းကား “အမှားကိုအားပေးရာရောက်သည်” ဟုကာရပ်စ်ကူးကဆို၏။ ၎င်းသည် စကားပြောဆိုမှုပြဿနာများကိုဖြစ်ပေါ်စေနိုင်သည်ဟု သူမကဆိုသည်။ ကလေးငယ်၏လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု သူမက ထပ်ဆင့်သည်။ “ထိုသို့သောကလေးများသည် မကြာခဏပင် တစ်ကိုယ်တည်းနေခြင်း၊ ရှက်ကြောက်တတ်ခြင်းနှင့် မလုံမခြုံဖြစ်ကာ ပြောင်လှောင်ခံရမည့် အခြေအနေများကို ရှောင်ကြဉ်တတ်ကြသည်။” ငယ်ရွယ်သောကလေးများအနေဖြင့် စကားလုံးအသံထွက်မှားခြင်းသည် သာမန်ကိစ္စဖြစ်ပြီး သူတို့ကို အဆက်မပြတ်ပြင်ပေးရန်မလိုပါဟု ကာရပ်စ်ကူးက ထောက်ပြသည်။ သို့သော် သူတို့အား မှန်ကန်စွာစကားပြောဆိုရန်နှင့် “သူတို့သည် အသိဉာဏ်ရှိသော သင်ယူနိုင်စွမ်းရှိသူများဖြစ်ကြ” ကြောင်းသတိရရန် အရေးကြီးပါသည်။

တရုတ်ပြည်သည် ရေထုညစ်ညမ်းမှု လျော့နည်းစေရန် ခြေလှမ်းနေ

“ရေထုညစ်ညမ်းမှုသည် တရုတ်ပြည်တွင် အလွန်ကြီးမားသောပြဿနာဖြစ်ပြီး ရေထုညစ်ညမ်းမှုကို လျော့နည်းစေခြင်းသည် အရေးတကြီးပြုလုပ်ရမည့်လုပ်ငန်းတစ်ခုဖြစ်သည်” ဟုတရုတ်အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆို၏။ ထို့ကြောင့် တရုတ်ပြည်ရှိ အညစ်ညမ်းဆုံးသောမြစ်များနှင့် ရေကန်များကို ညစ်ညမ်းမှုလျော့နည်းစေရန် တရုတ်အစိုးရက စတင်ပြုလုပ်နေခြင်းဖြစ်သည်ဟု ချိုင်းနားထူဒေး မဂ္ဂဇင်းကသတင်းပေးပို့သည်။ ဥပမာအနေဖြင့် တိုင်းပြည်၏အညစ်ညမ်းဆုံးဖြစ်သော ဟွေမြစ်ထဲ စွန့်ပစ်ပစ္စည်းများဝင်ရောက်မှုကိုထိန်းချုပ်ရန် အစိုးရသည် “ဟွေမြစ်ဝှမ်းဒေသရှိ စက္ကူထုတ်လုပ်သည့် စက်ရုံငယ် ၉၉၉ ရုံကိုပိတ်လိုက်သည်။” တရုတ်ပြည်၏ ဂျုံနှင့်စွမ်းအင်ထုတ်လုပ်သည့်ဒေသများအနက် အဓိကဒေသတစ်ခုဖြစ်သော ဟွေမြစ်ဝှမ်းဒေသတွင် ခန့်မှန်းခြေအားဖြင့် ၁၅၄ သန်းမျှသောလူများနေထိုင်ကြသည်။

“သန့်ရှင်းသော” အကြမ်းဖက်သမားများ

ဝီလီဖိုထရာရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် “အမျိုးသားချာ့ချ်အဖြစ် ပြန်လည်တည်ထောင်” ရန်ကြိုးပမ်းရာ၌ ရိုမေးနီးယားသြသဒေါက်စ်ချာ့ချ်သည် “အခြားအသင်းအဖွဲ့များအပေါ် သိက္ခာချဆန့်ကျင်သည့် ကလိန်ဉာဏ်သုံးသော ကင်ပိန်းတစ်ခုကို လုပ်ဆောင်ခဲ့သည်” ဟုကောမ်းပါစ် ဒါရိုက် ဂျာနယ်ကသတင်းပေးပို့သည်။ ဖိုထရာက ဤသို့ထပ်ဆင့်သည်– “ရိုမေးနီးယားရှိ ဩသဒေါက်စ်ချာ့ချ်၏ ထိပ်သီးခေါင်းဆောင်များနှင့် ဒေသခံဓမ္မဆရာများသည် လူနည်းစုဘာသာရေးအုပ်စုများကို အကြမ်းဖက်ရန်နှင့် ဘာသာရေးအခြေခံအခွင့်အရေးကို သူတို့အားမပေး” ကြရန် အုပ်စုအတော်များများကို ဖွဲ့စည်းခဲ့ကြပြီ။ ဧဝံဂေလိရေဒီယိုအသံလွှင့်သူများသည် “ကျွန်ုပ်တို့ဘိုးဘေးများ၏ယုံကြည်ခြင်းကို ညစ်ညမ်းစေသူများဖြစ်သည်” ဟုခေါ်ဆိုကာ စူချာဗာနှင့် ရာဒိုသီမြို့များ၏ဂိုဏ်းချုပ်သည် ရိုမေးနီးယားရှိ ရေဒီယိုနှင့်ရုပ်မြင်သံကြားအသံလွှင့်ဌာနကိုကြီးကြပ်သော အဖွဲ့ ဥက္ကဋ္ဌထံ ဤသို့စာရေး၏– “သူတို့ကို ရပ်ဆိုင်းပေးဖို့၊ သို့မဟုတ် ကန့်သတ်ပေးဖို့ တောင်းပန်ပါသည်။ အကြောင်းမှာ သူတို့သည် လုံးဝအရှက်မရှိသူများဖြစ်ကြပြီး ကျွန်တော်တို့၏မွေးရပ်ဌာနေတွင် ဘာသာဝင်မည့်သူများကို ပွင့်ပွင့်လင်းလင်းလိုက်လံရှာဖွေနေကြသည်။”

နို့တိုက်သတ္တဝါများသည် ငှက်များထက် ဘေးကြုံနေကြရ

“နို့တိုက်သတ္တဝါများသည် ငှက်များထက် မျိုးသုဉ်းမည့်အန္တရာယ်ကို သာ၍ပင်ကြုံတွေ့နေကြရသည်” ဟုနယူးဆိုင်းယင့်တစ် မဂ္ဂဇင်းကသတင်းပေးပို့သည်။ အန္တရာယ်စာရင်းဝင် ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂမှထုတ်ဝေသော ကိန်းဂဏန်းများအပေါ်အခြေပြုသည့် ၎င်းတွေ့ရှိချက်သည် ကမ္ဘာတစ်ခွင်မျိုးသုဉ်းမည့်အန္တရာယ်ရင်ဆိုင်နေရသော ငှက်မျိုးစိတ်များမှာ ၁၁ ရာခိုင်နှုန်းရှိသော်လည်း ယခုနို့တိုက်သတ္တဝါမျိုးစိတ်အားလုံးမှ ၂၅ ရာခိုင်နှုန်းအတွက် စိုးရိမ်စရာအကြောင်းရှိကြောင်း ဖော်ပြပါသည်။ အဆင့်မြင့်နို့တိုက်သတ္တဝါများသည် အန္တရာယ်အကျရောက်နေဆုံးဖြစ်ကာ ယင်းမျိုးစိတ်များ၏ ၄၆ ရာခိုင်နှုန်းသည် မျိုးသုဉ်းမည့်အန္တရာယ်ဆိုက်နေသည်။ ဒုတိယလိုက်သောအုပ်စုမှာ အင်းဆက်ပိုးစားကောင်မျိုးစိတ်၏ ၃၆ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းနောက် တောဝက်များနှင့် သမင်မျိုးစိတ် ၃၃ ရာခိုင်နှုန်းဖြစ်သည်။ ငှက်များတွင် ဘေးသင့်အခံရဆုံးအုပ်စုသည် ကြိုးကြာငှက်များဖြစ်ပြီး ယင်းမျိုးစိတ်၏ ၂၆ ရာခိုင်နှုန်း မျိုးသုဉ်းစရာအကြောင်းရှိသည်။ နို့တိုက်သတ္တဝါများ မျိုးသုဉ်းရန်အကြောင်း ပိုများရခြင်းမှာ ယင်းတို့သည် ၎င်းတို့၏သဘာဝဇာတိမြေပျောက်ကွယ်သွားသောအခါ ငှက်များကဲ့သို့ အခြားဒေသသို့ အလွယ်တကူ မပြောင်းရွှေ့နိုင်ခြင်းဖြစ်သည်။

စာဖတ်ရှုခြင်းအစီအစဉ်က ရာဇဝတ်မှုလျော့နည်းရန် ထောက်ကူပေး

အင်္ဂလန်ပြည်၊ ဘရက်ဖို့ဒ်မြို့တွင် ကျောင်းနေကလေးသူငယ်များ၏ စာဖတ်ခြင်းစွမ်းရည်ကို တိုးတက်စေရန် အစိုးရစရိတ်ခံသောအစီအစဉ်တစ်ခုသည် သိသာထင်ရှားစွာ အကျိုးဖြစ်ထွန်းနေကြောင်း ဗြိတိန်သတင်းစာ သည်အင်ဒီပဲန်ဒင့် ကသတင်းပေးပို့သည်။ ဖတ်ရှုခြင်းအစီအစဉ်သည် စာဖတ်ကျွမ်းကျင်မှုကို တိုးတက်စေရုံသာမက ယင်းကြောင့် ရာဇဝတ်မှုလည်း လျော့နည်းသွားကြောင်း တွေ့ရှိရသည်! “အိမ်များကိုဖောက်ထွင်းသည့် လူငယ်များ၏အရေအတွက်သည် ကျောင်းပြေးသည့်ကျောင်းသားအရေအတွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်” ဟုသာ၍ကောင်းစွာဖတ်ရှုခြင်းတွဲဖက်အစီအစဉ်၏ဦးစီး ဂျွန်ဝါ့တ်ဆန်က ပြောဆို၏။ “ကလေးများသည် စာဖတ်နိုင်ကြပါက ကျောင်းတွင်ဖြစ်ပျက်နေသောအရာများကို ပိုစိတ်ဝင်စားကြ၍ ကျောင်းပြေးစရာအကြောင်းနည်းမည်ဖြစ်သည်။ လမ်းပေါ်တွင်မရှိကြခြင်းကြောင့် အိမ်များကိုဖောက်ထွင်းရန်အကြောင်း နည်းမည်ဖြစ်သည်။”

အိုလံပစ်များနှင့် ချို့တဲ့မှု

“အိုလံပစ်များတွင် နိုင်ငံအချို့မှ ဆုရတံဆိပ်များ၏အရေအတွက်၊ အားကစားပွဲအဆောက်အဦများနှင့် ယင်းကိုကမကထပြုလုပ်သည့်အဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏတို့ကလည်းကောင်း ချို့တဲ့မှုကို အဆုံးတိုင်စေမည်ဟူသော ကမ္ဘာ့ကတိကဝတ်အပေါ် သံသယဝင်စေသည်” ဟုဆွစ်ဇလန်နိုင်ငံထုတ် အဲန်နီဘူလက်တင် စာစောင်က သတင်းပေးပို့သည်။ “ယင်းကား သာလွန်ထူးကဲမှုကိုမချီးကျူးရ သို့မဟုတ် လူတို့၏ ထူးခြားသောတတ်ကျွမ်းမှုနှင့် ခံနိုင်ရည်ကို ဂုဏ်ပြုချီးမွမ်းမှုများမပြုသင့်ဟု ကျွန်ုပ်တို့ပြောဆိုနေခြင်းမဟုတ်” ကြောင်း ဩစတြေးလျနိုင်ငံ၏ ကမ္ဘာ့ရုပ်ပုံလွှာအေဂျင်စီမှ ဂရက်ဖွတ်ကဆို၏။ “သို့သော်” သူက ဤသို့ထပ်ဆင့်၏—“အားကစားသမားအကျော်အမော်များ၏အစာကို အထူးကောင်းမွန်စေရန် ကျွန်ုပ်တို့များစွာအကုန်အကျခံနေကြစဉ် ကျွန်ုပ်တို့၏အိမ်နီးချင်း သန်းပေါင်းများစွာသည် လမ်းလျှောက်နိုင်ရန် စားသုံးစရာပင်အလုံအလောက်မရှိကြသည့်အတွက် ကျွန်ုပ်တို့သည် မျှတမှုရှိမရှိ မေးစရာလိုနေပါသည်။” အိုလံပစ်ပွဲတော် ကျင်းပနေသည့်နှစ်ပတ်အတွင်း ဆာလောင်မွတ်သိပ်မှုနှင့် ကာကွယ်ထိန်းသိမ်းနိုင်သော ရောဂါများကြောင့် ကလေးသူငယ်ပေါင်း ၄၉၀,၀၀၀ ကမ္ဘာတစ်ဝန်းတွင် သေဆုံးကြောင်း ခန့်မှန်းခဲ့သည်။

ပိုမိုကြာရှည်လာသော ကော်ဖီသောက်ချိန်

အလုပ်သမားအချို့သည် နံနက်အလယ်ပိုင်းချိန်တွင် တကူးတကကော်ဖီသွားသောက်တတ်ကြသည်။ အမှန်တွင် လူများစွာတို့သည် အလုပ်ခွင်ကိုလုံးလုံးထားခဲ့ပြီး သွားသောက်ကြသည်။ ကော်ဖီဘားများက စိတ်ကြိုက်ထိပ်တန်းကော်ဖီများကို ကြော်ငြာထားကြရာ လုပ်သားများသည် သူတို့ ကြိုက်နှစ်သက်ရာအမျိုးအစားကိုသောက်ဖို့ ရုံးခန်းမှ အပြေးအလွှားသွားကြသည်။ ယင်းကြောင့် “ရပ်နားကော်ဖီသောက်ချိန်သည် ကော်ဖီထွက်သောက်ချိန်ဖြစ်လာနေပြီ” ဟုသည်ဝေါလ်စထရိဂျာနယ် ကဆို၏။ သို့သော် ဒေသခံကော်ဖီဆိုင်များသို့ ထွက်သွားကြချိန်များ၏ အချိန်ကြာညောင်းမှုက အလုပ်ရှင်များစိတ်ပူစရာဖြစ်နေပါသည်။ အလုပ်ခွင်မှကော်ဖီသရဲများ ပျောက်လေ့ရှိခြင်းကိုလျော့နည်းစေရန် အလုပ်ခွင်အချို့တွင် သူတို့ကိုယ်ပိုင်ကော်ဖီဖျော်စက်များကို တပ်ဆင်ပေးခြင်းဖြင့် တန်ပြန်နေကြကြောင်း ထိုဂျာနယ် ကဆို၏။

အပူထုတ်လုပ်သည့်အပင်များ

ဩစတြေးလျနိုင်ငံသား သုတေသီနှစ်ဦးသည် ပဒုမ္မာကြာပန်းများတွင် မိမိတို့၏အပူချိန်ကို ၎င်းဘာသာ အံ့သြဖွယ်ကောင်းစွာ ထိန်းညှိပေးနိုင်စွမ်းရှိကြောင်းကို တွေ့ရှိခဲ့ကြသည်။ ယခင်က သွေးနွေးသတ္တဝါများတွင်သာ ဤအစွမ်းသတ္တိရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။ အဲဒလေးဒ်ရုက္ခဗေဒဥယျာဉ်တွင် သုတေသနပြုလုပ်ခဲ့ကြသည့် ဒေါက်တာ ရော်ဂျာဆေမော်နှင့် ဒေါက်တာ ပေါလ်ဆခွတ်လ်ဇ်-မိုတဲလ်တို့သည် ပွင့်နေသည့် ပဒုမ္မာကြာပန်းများ၏ အပူချိန်နှင့် အခြားအင်္ဂါလက္ခဏာများကိုမှတ်တမ်းတင်ရန် ၎င်းတို့တွင် အာရုံခံကိရိယာများကို တပ်ဆင်ခဲ့ကြသည်။ အဘယ်အရာတွေ့ရှိခဲ့ကြသနည်း။ လေထုအပူချိန် ၅၀ ဒီဂရီအထိကျဆင်းသည့်တိုင် ပဒုမ္မာကြာပွင့်များ၏ အပူချိန်သည် ၈၆ နှင့် ၉၅ ဒီဂရီဖာရင်ဟိုက်စပ်ကြားတွင် ဆက်ရှိနေခဲ့သည်။ သုတေသီများသည် ဤအံ့ဖွယ်ဖြစ်ရပ်အတွက် ရှင်းပြချက်ကို ယခုထိတိုင်မတွေ့ရှိကြသေးချေ။ သို့ရာတွင် သည်နယူးယောက်တိုင်းမ်စ် ၏အဆိုအရ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တက္ကသိုလ်မှ အပင်နှင့်ပတ်သက်သော ဇီဝဓာတုပညာရှင် ဒေါက်တာ ဟဲနာစကူဘတ်ဇ်က ဤသို့ဆိုသည်—“အမှန်ဆိုရလျှင် [အပင်များတွင်] အပူထုတ်လုပ်ခြင်းသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နိုင်သော်လည်း ထောက်လှမ်းတွေ့ရှိရန် ခက်ခဲခြင်းမျှသာဖြစ်မည်။”

ဧဝံဂေလိအသင်းများက ချွတ်ယွင်းချက်များကိုဝန်ခံကြ

“ယနေ့ ဧဝံဂေလိအသင်းသားများလောကသည် ကျမ်းစာအပေါ် သစ္စာရှိမှု၊ အကျင့်ဆိုင်ရာလမ်းညွှန်ချက်နှင့် သာသနာပြုဇွဲများကင်းမဲ့နေပြီ” ဟု “သဘောတူဝန်ခံသည့် ဧဝံဂေလိအသင်းများ၏ ကဲင်းဘရိတ်ချ်ကြေညာစာတမ်း” ကဖော်ပြသည်။ မည်သည့်နေရာမှ ဤကြမ်းတမ်းသော ပြစ်တင်ဝေဖန်ချက် ထွက်ပေါ်လာသနည်း။ ပြိုင်ဘက်အုပ်စုတစ်ခုထံမှလော။ မဟုတ်ပါ၊ ဧဝံဂေလိအသင်းသားများကိုယ်နှိုက်ထံမှဖြစ်သည်။ ထိုစာတမ်းကို မကြာသေးခင်က ကဲင်း​ဘရိတ်ချ်၊ မက်ဆာချူးဆက်ပြည်နယ်တွင် တွေ့ဆုံစည်းဝေးခဲ့သည့် ဧဝံဂေလိအသင်းခေါင်းဆောင် ၁၀၀ ကျော်တို့က ထုတ်ဆင့်ခဲ့သည်။ စာတမ်းကိုပြုစုရေးသားသူများက သူတို့နှင့်ဘာသာရေးခေါင်းဆောင်များသည် “ထင်ပေါ်ကျော်ကြားသည့် ယဉ်ကျေးမှုစံနှုန်းများအောက် လိုလိုလားလားအထိန်းချုပ်ခံခြင်းအတွက် နောင်တယူ” ရန်လိုကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ “ချာ့ချ်အလိုရှိသည့်အရာ၊ ၎င်း၏လည်ပတ်လှုပ်ရှားပုံနှင့် ၎င်းကမ်းလှမ်းသည့်အရာအပေါ် ဘုရားသခင်၏စကားတော်ထက် ဆေးအတတ်ဆိုင်ရာများ၊ ဈေးကွက်နည်းဗျူဟာများနှင့် ဖျော်ဖြေမှုလောက၏စေ့ဆော်သောတွန်းအားက ပို၍လွှမ်းမိုးလေ့ရှိ” ကြောင်းဖြင့်လည်း ထိုစာတမ်းကဝန်ခံခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ