ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၆/၈ စာ. ၁၄-၁၈
  • တရားမျှတခြင်း ကျွန်တော်တို့၏ရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားမျှတခြင်း ကျွန်တော်တို့၏ရှာပုံတော်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချာ့ချ်များနှင့်တက်သည့်ပြဿနာများ
  • စစ်နဲ့အိမ်ထောင်သည်ဘဝ
  • ကျွန်တော့်ရဲ့အလျှော့မပေးသောအတိုက်အခံ
  • ကျွန်တော်ရဲ့ တရားမျှတခြင်းရှာဖွေမှု လိုဘပြည့်ခဲ့
  • နောက်ဆုံးကျွန်တော့်နှလုံးထိမိခံခဲ့ရ
  • အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခြင်း
  • တရားမျှတခြင်းကို အပြည့်အဝရရှိချိန်ဝယ်
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နိုးလော့!—၁၉၉၈
န၉၈ ၆/၈ စာ. ၁၄-၁၈

တရားမျှတခြင်း ကျွန်တော်တို့၏ရှာပုံတော်

အာန်တိုန်ယိုး ဗီလ်ယားပြောပြသည်

၁၈၃၆ ခုနှစ်မှာ အာလ်အားမိုရဲ့ တက္ကဆပ်ကာကွယ်ရေးသမားအားလုံးဖြစ်တဲ့ အရေအတွက် ၂၀၀ တောင်မပြည့်သူတွေကို အင်အား ၄,၀၀၀ ခန့်ရှိတဲ့ မက္ကဆီကန်စစ်တပ်တစ်တပ်က သတ်ပစ်ခဲ့ကြတယ်။ အဲဒီနောက် နောက်နှစ်မှာရခဲ့တဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လှုံ့ဆော်ဖို့ “အာလ်အားမိုကို သတိရကြ” ဆိုတဲ့စစ်ကြွေးကြော်သံကို အသုံးပြုခဲ့တယ်။ ၁၈၄၅ ခုနှစ်မှာ တစ်ချိန်က မက္ကဆီကိုအပိုင်းဟာ အမေရိကန်ပြည်ထောင်စုအပိုင်းဖြစ်လာခဲ့တဲ့အတွက် မက္ကဆီကန်လူမျိုးတွေဟာ ရန်သူနယ်မြေထဲရောက်နေကြောင်း သိလိုက်ရတယ်။ လူမျိုးစုပဋိပက္ခတွေကို မှတ်မိနေတုန်းပါပဲ။

ကျွန်တော့်ကို ၁၉၃၇ ခုနှစ်မှာ တက္ကဆက်ပြည်နယ်၊ စဲန်အန်တိုနီယိုမြို့နဲ့မဝေးတဲ့ အာလ်အားမိုမှာမွေးဖွားခဲ့တယ်။ အဲဒီတုန်းက ရေချိုးခန်းတွေ၊ သောက်ရေပန်းတွေနဲ့ တခြားလူထုအသုံးအဆောင်တွေမှာ “လူဖြူများသာ” နဲ့ “အခြားသူများ” လို့အမှတ်အသားလုပ်ထားတယ်။ “အခြားသူများ” မှာမက္ကဆီကန်မျိုးရိုးဖြစ်တဲ့ ကျွန်တော်တို့ပါဝင်ခဲ့တယ်ဆိုတာ ချက်ချင်းသိလိုက်ရတယ်။

ရုပ်ရှင်ကြည့်တဲ့အခါ မက္ကဆီကန်တွေနဲ့ လူမည်းတွေဟာ အထက်တန်းကမကြည့်ရဘဲ ရိုးရိုးတန်းကသာကြည့်ခွင့်ပေးတယ်။ စားသောက်ဆိုင်တွေနဲ့ အရောင်းအဝယ်ဌာနတွေဟာ မက္ကဆီကန်တွေကို ရောင်းချမပေးဘူး။ တစ်ခါတုန်းက ကျွန်တော့်ဇနီးဗဲလ်ယားနဲ့သူ့ညီမတို့ လှရိပ်မြုံဆိုင်တစ်ဆိုင်ထဲဝင်သွားတဲ့အခါ ဆိုင်ရှင်တွေက ချေချေငံငံတောင်မပြောဘဲ “ဒီမှာ မက္ကဆီကန်တွေကို လက်မခံဘူး” လို့ပြောခဲ့တယ်။ ဗဲလ်ယားနဲ့သူ့ညီမ ရှက်ရှက်နဲ့ထွက်သွားတဲ့အထိ သူတို့လှောင်ပြောင်ဟားတိုက်ခဲ့ကြတယ်။

တစ်ခါတလေ မူးနေတဲ့လူဖြူတွေက ပင်ကိုအကျင့်ယိုယွင်းတတ်တယ်လို့ ထင်ရတဲ့မက္ကဆီကန်အမျိုးသမီးတွေကို လိုက်ရှာတတ်ကြတယ်။ ‘သူတို့တွေဟာ ကျွန်တော်တို့နဲ့အတူ ရေချိုးခန်းတစ်ခန်း ဒါမှမဟုတ် သောက်ရေပန်းတစ်ခုကို အတူတူမသုံးကြပေမဲ့ မက္ကဆီကန်အမျိုးသမီးတွေနဲ့အတူ ခုတင်တစ်လုံးထဲအတူတူအိပ်ကြမယ်လို့’ ကျွန်တော်စဉ်းစားမိခဲ့တယ်။ ဒီလိုမတရားမှုတွေကြောင့် အစပိုင်းမှာ စိတ်အားငယ်ခဲ့ပေမဲ့ နောက်ပိုင်းတော့ စိန်ခေါ်ပစ်လိုက်တယ်။

ချာ့ချ်များနှင့်တက်သည့်ပြဿနာများ

ဘာသာရေးအရေခြုံမှုက ကျွန်တော့်ကိုပိုပြီး နာကြည်းစေခဲ့တယ်။ လူဖြူ၊ လူမည်းနဲ့ မက္ကဆီကန်တွေဟာ ကိုယ်ချာ့ချ်နဲ့ကိုယ်ပဲ။ ကက်သလစ် အနေနဲ့ ကျွန်တော်ရဲ့ပထမဆုံးကိုယ်တော်မြတ်ပင့်ပွဲအတွက် ပြင်ဆင်နေချိန်မှာ တရားဟောဆရာက နေ့စွဲကြိုရေးထားတဲ့စာအိတ်အချို့ကို ကျွန်တော့်အဖေဆီ ပေးခိုင်းလိုက်တယ်။ ကျွန်တော်တို့က အလှူငွေထည့်ထားတဲ့ စာအိတ်တစ်အိတ်ကို အပတ်တိုင်းပြန်ပေးခဲ့ရတယ်။ မကြာခင်မှာ တရားဟောဆရာက “ဟိုစာအိတ်တွေရောက်မလာပါလားလို့ မင်းအဖေကို မင်းပြောရင်ကောင်းမယ်” လို့ကျွန်တော့်ကိုပြောခဲ့တယ်။ “သူတို့စိတ်ဝင်စားတာ ငွေပဲ” ဆိုတဲ့ အဖေ့ရဲ့ဒေါသစကားဟာ ကျွန်တော့်ရင်မှာ စွဲကျန်ရစ်ခဲ့တယ်။

တကယ်တော့ တရားဟောဆရာတွေက သူတို့ရဲ့အသင်းတော်မှာရှိတဲ့ အမျိုးသမီးတွေကို ခိုးပြေးသွားတဲ့ အရှုပ်တော်ပုံတွေရှိတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် “ဘာသာတရားမှာ ရည်ရွယ်ချက်နှစ်ချက်ပဲရှိတယ်—သင်တို့ရဲ့ငွေရဖို့ ဒါမှမဟုတ် သင်တို့ရဲ့အမျိုးသမီးကိုယူဖို့ဖြစ်တယ်” လို့ကျွန်တော့်ကို ထပ်ခါတလဲလဲပြောဖို့ဖြစ်စေခဲ့တယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေ လည်ပတ်လာတဲ့အခါ “ကျုပ် ဘာသာတရားလိုချင်ရင် ကျုပ်ဘာသာကျုပ်ရှာမယ်” လို့ဆိုပြီး သူတို့ကိုမောင်းထုတ်ခဲ့တယ်။

စစ်နဲ့အိမ်ထောင်သည်ဘဝ

အလုပ်ကိုထူးချွန်အောင်လုပ်ခြင်းက အပယ်ခံမက္ကဆီကန်လူမျိုးဖြစ်တဲ့ကျွန်တော်ဟာ လေးစားမှုရရှိနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ယူ. အက်စ်. လေတပ်ထဲကို ၁၉၅၅ ခုနှစ်မှာဝင်ခဲ့တယ်။ ဖိကြိုးစားခဲ့တဲ့အတွက် အသိအမှတ်ပြုခြင်းခံရပြီး နောက်ဆုံးမှာ အရည်အသွေးစစ်ဆေးရေးတာဝန်ခံအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီထဲမှာ စစ်ဘက်ဆိုင်ရာ အခြားဌာနတွေကို အကဲဖြတ်ရတဲ့တာဝန်လည်းပါဝင်တယ်။

၁၉၅၉ ခုနှစ်မှာ ဗဲလ်ယားနဲ့လက်ထပ်ခဲ့တယ်။ ဗဲလ်ယားဟာ ဘာသာရေးကို အမြဲကိုင်းရှိုင်းတတ်ပါတယ်။ ဒါပေမဲ့ သူတက်ရောက်ခဲ့တဲ့ ချာ့ချ်အမျိုးမျိုးကြောင့် စိတ်ဓာတ်ကျခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်ရဲ့တစ်နေ့ အရမ်းကိုဝမ်းနည်းနေတဲ့အချိန်မှာ “ဘုရားသခင်၊ တကယ်လို့ ကိုယ်တော်ရှိခဲ့ရင် ကျေးဇူးပြုပြီး ကျွန်မကိုသိခွင့်ပေးပါ။ ကိုယ်တော့်ကို ကျွန်မသိချင်တယ်” လို့သူဆုတောင်းခဲ့တယ်။ အဲဒီနေ့မှာပဲ ကယ်လီဖိုးနီးယားပြည်နယ် ပက်တလူးမားမြို့က ကျွန်တော်တို့ရဲ့အိမ်ကို ယေဟောဝါသက်သေတစ်ဦး ရောက်လာခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက်မကြာခင်မှာပဲ ကျွန်တော့်ရဲ့စစ်ဘက်ဆိုင်ရာတာဝန်အပြောင်းအလဲကြောင့် ဗဲလ်ယားဟာ သက်သေခံတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ကျွန်တော်ဗီယက်နမ်မှာရှိနေစဉ် ၁၉၆၆ ခုနှစ်ကျမှပဲ သူဟာ တက္ကဆက်၊ ဆီမ်နိုလ်မှာ သက်သေခံတွေနဲ့ကျမ်းစာသင်အံမှုပြန်စခဲ့တယ်။ နောက်နှစ်အစောပိုင်း ဗီယက်နမ်ကနေ အိမ်ကိုပြန်ရောက်တဲ့အခါ သူဟာ သက်သေခံတွေနဲ့ကျမ်းစာသင်အံမှုလုပ်နေတာတွေ့ရတော့ ကျွန်တော်စိတ်ညစ်ခဲ့ရတယ်။

ကျွန်တော့်ရဲ့အလျှော့မပေးသောအတိုက်အခံ

ဘာသာရေးက ဗဲလ်ယားကို လှည့်စားပြီး စိတ်ပျက်လက်ပျက်ဖြစ်စေမယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါကြောင့် သင်အံမှုလုပ်နေချိန်မှာ ဝင်ထိုင်ပြီး ဟန်ဆောင်မှုသဲလွန်စလေး ဖော်ထုတ်ဖို့အခွင့်အရေးအတွက် နားထောင်ခဲ့တယ်။ သက်သေခံတွေဟာ နိုင်ငံရေးကြားနေသူတွေဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောတဲ့အခါ “ခင်ဗျား အမျိုးသားဘာလုပ်သလဲ” လို့ကျွန်တော်ကြားဖြတ်ဝင်မေးလိုက်တယ်။

“ဝါစိုက်ပါတယ်” လို့သူပြန်ဖြေခဲ့တယ်။

“ဟာ! စစ်ယူနီဖောင်းတွေကို ဝါကနေရက်လုပ်တာပဲ။ ဒါဆို ခင်ဗျားတို့လည်း စစ်အောင်မြင်ရေးအတွက် ပံ့ပိုးနေတာပဲ!” လို့မောက်မောက်မာမာပြန်ပက်ခဲ့တယ်။ ကျွန်တော်ဟာ အသံကျယ်လာပြီး ရှူးရှူးဒိုင်းဒိုင်းဖြစ်လာတယ်။

၁၉၆၇၊ ဇွန်လမှာ စစ်တာဝန်အသစ်နဲ့ဝေးလံတဲ့ မြောက်ဒါကိုတာ၊ မိုင်းနတ်ကို ကျွန်တော်တို့ပြောင်းသွားကြပေမဲ့ အဲဒီမှာရှိတဲ့သက်သေခံတွေဟာ ဗဲလ်ယားကိုဆက်သွယ်ပြီး ကျမ်းစာသင်အံမှုပြန်စခဲ့ကြတယ်။ ကလေးကလားဆန်တဲ့နည်းတွေနဲ့ ကျွန်တော်အတိုက်အခံလုပ်ခဲ့တယ်။ သင်အံမှုလုပ်နေတဲ့အချိန်မှာ တမင်ဝင်လာပြီး တံခါးတွေကိုဝုန်းခနဲမြည်အောင်ပိတ်၊ လှေကားပေါ်ခြေဆောင့်ပြီးတက်၊ ဖိနပ်တွေကို ကြမ်းပြင်ပေါ်ဝုန်းဝုန်းဒိုင်းဒိုင်းပစ်ပေါက်၊ အကြိမ်ပေါင်းများစွာ အိမ်သာရေဆွဲချနဲ့လုပ်ခဲ့တယ်။

ဗဲလ်ယားဟာ ကျွန်တော့်ခွင့်ပြုချက်မရဘဲ ဘာကိုမှမလုပ်တဲ့ သိပ်မွေ့ ပြီးနာခံတဲ့ဇနီးတစ်ယောက်ဖြစ်တယ်။ ကျမ်းစာသင်အံမှုလုပ်ဖို့ ခွင့်မပြုချင်ပြုချင်နဲ့ခွင့်ပြုလိုက်ရပေမဲ့ သက်သေခံတွေရဲ့စည်းဝေးတွေကို တက်မယ်ဆိုရင် အကြီးအကျယ်ပြဿနာတက်မှာကို သူသိခဲ့တယ်။ စည်းဝေးတက်ဖို့ တိုက်တွန်းခံရတဲ့အခါ “ကျွန်မမတက်ရင်ကောင်းမယ်။ တိုနီစိတ်ညစ်အောင် ကျွန်မမလုပ်ချင်ဘူး” လို့သူအမြဲတမ်းပြန်ပြောပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ ဗဲလ်ယားဟာ သမ္မာကျမ်းစာထဲက “ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်” ဆိုတဲ့အချက်ကို ဖတ်ခဲ့တယ်။ (ဧဖက် ၄:၃၀) “အဲဒါဘာကိုဆိုလိုတာလဲ” လို့သူမေးခဲ့တယ်။ သင်အံမှုကျင်းပပေးတဲ့သက်သေခံက “သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့သန့်ရှင်းသောဝိညာဉ်တော်နဲ့ မှုတ်သွင်းရေးသားထားတာ။ ဒါကြောင့် သမ္မာကျမ်းစာမိန့်မှာချက်တွေကို မလိုက်နာဘူးဆိုရင်တော့ ဘုရားသခင်ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာအောင်လုပ်နေတာပဲ။ ဥပမာ၊ တချို့က ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်က စည်းဝေးတက်ရမယ်လို့ပြောထားတာကို သိလျက်နဲ့မတက်ကြဘူး” လို့ရှင်းပြခဲ့တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) နှိမ့်ချတဲ့နှလုံးသားပိုင်ရှင် ဗဲလ်ယား လိုအပ်ခဲ့တာ ဒါပါပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော်အတိုက်အခံလုပ်နေတဲ့ကြားက စည်းဝေးတိုင်းကို သူသွားတက်ခဲ့တယ်။

“စားပွဲပေါ်မှာ ငါ့ညစာမရှိဘဲနဲ့ အိမ်ကနေ မင်းဘယ်လိုထွက်သွားနိုင်သလဲ” လို့မာဆတ်ဆတ်နဲ့ပြောခဲ့တယ်။ ဗဲလ်ယားဟာ ကျွန်တော်ရဲ့ညစာကို ပူပူနွေးနွေးအဆင်သင့်အမြဲရှိဖို့ ဒက်ခနဲသိလိုက်တယ်။ ဒါကြောင့် “ငါနဲ့ငါတို့ရဲ့ကလေးတွေကို မင်းမချစ်တော့ဘူး။ အဲဒီစည်းဝေးတွေကြောင့် ငါတို့ကို စွန့်ခွာသွားပြီ” လို့နောက်အကြောင်းပြချက်ကို သုံးလိုက်တယ်။ သက်သေခံတွေရဲ့ယုံကြည်ချက်တွေကို ကျွန်တော်အတိုက်အခံလုပ်တဲ့အခါ ဗဲလ်ယားက အေးဆေးစွာကာကွယ်ဖို့ကြိုးစားခဲ့တယ်။ ဒါနဲ့ သူ့ကို လေးစားမှုမရှိ၊ နာခံမှုမရှိတဲ့ ဘိုခိုးနာ—“အာကျယ်မ”—လို့ကျွန်တော်ခေါ်ခဲ့တယ်။

ကျွန်တော်ရဲ့ရန်စကားတွေကြောင့် ဗဲလ်ယားဟာ မျက်ရည်စက်လက်နဲ့ စည်းဝေးတွေကို သွားတက်နေတာပဲ။ ဒါပေမဲ့ ကိုယ်ကျင့်တရားအချို့ကိုတော့ ကျွန်တော်စောင့်စည်းခဲ့တယ်။ သူ့ရဲ့တွေ့ရှိခါစယုံကြည်ချက်ကြောင့် ကျွန်တော့်မိန်းမကို ဘယ်တော့မှမရိုက်ဘူး၊ စွန့်ခွာဖို့တောင် ဘယ်တော့မှမစဉ်းစားဘူး။ ဒါပေမဲ့ အဲဒီစည်းဝေးတွေက ကိုလူချောတချို့ သူ့ကို မျက်စိကျသွားလေမလားလို့တော့ စိုးရိမ်ခဲ့တယ်။ ဘာသာတရားကို စဉ်းစားလိုက်တိုင်း ‘အဲဒါက ငွေမဟုတ်ရင်မိန်းမပဲ’ လို့ကျွန်တော်ထင်မြင်နေတုန်း။ ဗဲလ်ယားဟာ စည်းဝေးသွားဖို့ အဝတ်အစားဝတ်တဲ့အခါ “တခြားတစ်ယောက်အတွက် မင်းအလှပြင်နေတာလား၊ ငါ့အတွက်တော့မဟုတ်နိုင်ဘူး” လို့တစ်ခါတလေ မကျေမနပ်ကျွန်တော်ပြောခဲ့တယ်။ ဒါကြောင့် စည်းဝေးတက်ဖို့ ပထမဆုံးဆုံးဖြတ်လိုက်ပြီး “ငါပါလိုက်မယ်၊ ဒါပေမဲ့ မင်းကိုပဲကြည့်နေမယ်!” လို့ပြောခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်ရဲ့တကယ့်ရည်ရွယ်ချက်က သက်သေခံတွေကိုအတိုက်အခံလုပ်ဖို့ အပြစ်တစ်ခုခုရှာခဲ့တယ်။ ကျွန်တော်တက်ရောက်တဲ့ စည်းဝေးရဲ့ပထမဆုံးတစ်ခုမှာ “သခင်ဘုရား၌သာ” ထိမ်းမြားခြင်းဟောပြောချက်ပေးခဲ့တယ်။ (၁ ကောရိန္သု ၇:၃၉) အိမ်ရောက်တဲ့အခါ “မင်းသိပြီလား! တခြားဘာသာတွေလိုပဲ—သူတို့နဲ့ယုံကြည်ချက်မတူတဲ့ ဘယ်သူ့ကိုမဆို အာဃာတထားတတ်ကြတယ်” လို့နင့်နင့်သီးသီးအပြစ်တင်လိုက်တယ်။ “ဒါပေမဲ့ ဒါတွေက သူတို့ပြောတာမဟုတ်ပါဘူး၊ သမ္မာကျမ်းစာကပြောထားတာပါ” လို့ဗဲလ်ယားက နူးညံ့စွာဖြေခဲ့တယ်။ နံရံကိုလက်သီးနဲ့ထိုးပြီး “မင်းဟာ ဘိုခိုးနာ မှ ဘိုခိုးနာ ပဲ!” လို့အော်ပြီး ချက်ချင်းတုံ့ ပြန်လိုက်တယ်။ တကယ်တော့ သူ့ဘက်ကမှန်နေတာကိုသိတဲ့အတွက် ကျွန်တော့်အကြံအထမမြောက်တော့ဘူး။

ကျွန်တော်စည်းဝေးတွေကို ဆက်တက်ခဲ့ပြီး သက်သေခံတွေရဲ့စာပေတွေကို ဆက်ဖတ်ခဲ့ပေမဲ့ ရည်ရွယ်ချက်ကတော့ အပြစ်ရှာဖို့ဖြစ်တယ်။ စည်းဝေးတွေမှာ အဖြေတောင်ပေးခဲ့သေးတယ်—ကျွန်တော်ဟာ “ထုံအတဲ့မက္ကဆီကန်” တစ်ယောက်မဟုတ်ဘူးဆိုတာ လူတွေကို ပြချင်လို့သာဖြစ်တယ်။

ကျွန်တော်ရဲ့ တရားမျှတခြင်းရှာဖွေမှု လိုဘပြည့်ခဲ့

၁၉၇၁ ခုနှစ်မှာ စစ်တာဝန်နဲ့ အာကဲန်စောကို ပြောင်းခဲ့တယ်။ ၁၉၆၉၊ ဒီဇင်ဘာလမှာ ယေဟောဝါကို ဆက်ကပ်အပ်နှံနှစ်ခြင်းခံခဲ့တဲ့ ဗဲလ်ယားနဲ့အတူ စည်းဝေးတွေကို ကျွန်တော်ဆက်တက်ခဲ့တယ်။ သူ့ကို အတိုက်အခံမလုပ်တော့ပေမဲ့ ကျွန်တော့်ကို ကျမ်းစာသင်အံမှုလုပ်ဖို့ ဘယ်သူ့ကိုမှခွင့်မပြုခဲ့ဘူး။ သမ္မာကျမ်းစာစာပေကို ဖတ်တဲ့အတွက် ကျွန်တော့်ရဲ့အသိပညာဟာ အင်မတန်ကိုတိုးတက်ခဲ့တယ်။ ဒါပေမဲ့ အသိပညာတွေဟာ ခေါင်းထဲမှာပဲရှိတယ်—ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်ရဲ့ဆန္ဒကြောင့် အဲလိုရှိနေခြင်းဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ပေါင်းသင်းလာတဲ့အခါ ကျွန်တော့်ရဲ့နှလုံးသားကို တစ်စတစ်စထိမိရိုက်ခတ်လာပါတယ်။

ဥပမာ၊ လူမည်းတွေက အသင်းတော်စည်းဝေးတွေရဲ့ သွန်သင်ခြင်းမှာပါဝင်ကြတာကို သတိထားမိတယ်။ ပထမတော့ ကိုယ့်ကိုယ်ကို ‘အို၊ သူတို့တွေဟာ တံခါးပိတ်ထားတဲ့ ဒီအထဲမှာပဲလုပ်နေကြတာ’ လို့ပြောခဲ့တယ်။ ဒါပေမဲ့ ဘေ့စ်ဘောအားကစားရုံကြီးမှာကျင်းပတဲ့ စည်းဝေးကြီးကိုတက်ခဲ့တဲ့အခါ အဲဒီအစီအစဉ်ထဲမှာလည်း လူမည်းတွေပါနေတာကိုတွေ့လိုက်တော့ ကျွန်တော်မှင်တက်သွားမိတယ်။ သက်သေခံတွေကြားမှာ ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတာ ကျွန်တော်ဝန်ခံရမယ်။ သူတို့တွေဟာ စစ်မှန်တဲ့တရားမျှတခြင်းကို လက်တွေ့ကျင့်သုံးနေကြတယ်။

ယေဟောဝါသက်သေတွေဆီမှာ အချင်းချင်းချစ်ခြင်းမေတ္တာစစ်ရှိတာကို ကျွန်တော်သဘောပေါက်လာခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ သူတို့နဲ့အတူပါဝင်လုပ်ဆောင်ခဲ့တုန်းက သူတို့တွေဟာလည်း ပုထုဇဉ်လူသားတွေပါပဲဆိုတာ ကျွန်တော်သိမြင်ခဲ့တယ်။ သူတို့ဟာ မောပန်းတတ်တယ်၊ အမှားလုပ်မိတတ်တယ်၊ တစ်ခုခုမှားသွားတဲ့အခါ စကားတောင်များကြသေးတာကို တွေ့ခဲ့ရတယ်။ ဒီလိုမစုံလင်မှုတွေက ကျွန်တော့်ကို သူတို့နဲ့ဝေးသွားစေမယ့်အစား သူတို့ထဲမှာရှိရတာ ပိုပြီးလုံခြုံစိတ်ချရတယ်လို့ ခံစားလာမိတယ်။ ကျွန်တော့်မှာ အားနည်းချက်တွေအများကြီးရှိနေပေမဲ့ ကျွန်တော့်အတွက် မျှော်လင့်ချက်ရှိတန်ကောင်းပါရဲ့လို့ သိရှိလာတယ်။

နောက်ဆုံးကျွန်တော့်နှလုံးထိမိခံခဲ့ရ

ဆေးလိပ်သောက်ခြင်းဟာ “ကိုယ်ခန္ဓာ၏အညစ်အကြေး” ဖြစ်ပြီး အသင်းတော်ကနေ နှင်ထုတ်နိုင်တဲ့အပြစ်ဖြစ်တာကို ၁၉၇၃ ခုနှစ်ထုတ် ကင်းမျှော်စင် က ရှင်းပြခဲ့တဲ့အခါ ကျွန်တော်ဟာ ယေဟောဝါနဲ့ဆက်ဆံရေးတိုးတက်နေပြီဆိုတာ ဦးဆုံးသဘောပေါက်ခဲ့တယ်။ (၂ ကောရိန္သု ၇:၁) အဲဒီတုန်းက တစ်နေ့ကို စီးကရက်တစ်ဘူးနဲ့နှစ်ဘူးကြားထိ သောက်ခဲ့တယ်။ အဲဒီမတိုင်ခင်က ဆေးလိပ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဆေးလိပ်သောက်ချင်လာတဲ့အချိန်တိုင်း အကျင့်ဆိုးကိုစွန့်လွှတ်ဖို့အတွက် ယေဟောဝါရဲ့အကူအညီရဖို့ တိတ်တိတ်လေးဆုတောင်းခဲ့တယ်။ လူတိုင်း အံ့သြယူရလောက်အောင် ဘယ်တော့မှဆေးလိပ်မသောက်တော့ဘူး။

ကျွန်တော့်စစ်ပင်စင်ဟာ ၁၉၇၅၊ ဇူလိုင် ၁ ရက်နေ့မှာရခဲ့တယ်။ သမ္မာကျမ်းစာသွန်သင်ချက်တွေအတိုင်း လိုက်လျှောက်ချင်တယ်ဆိုရင် ကျွန်တော့်ဘဝကိုယေဟောဝါထံ ဆက်ကပ်အပ်နှံရမယ်ဆိုတာကိုသဘောပေါက်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကျမ်းစာမသင်ယူခဲ့တဲ့အတွက် စစ်ကထွက်တာနဲ့ နှစ်ခြင်းခံချင်တယ်လို့ ၁၉၇၅၊ ဇွန်လမှာ အသင်းတော်အကြီးအကဲတွေကို ပြောပြတဲ့အခါ သူတို့အတော့်ကိုအံ့သြသွားကြတယ်။ ဦးဆုံး၊ ယေရှုမိန့်မှာထားတဲ့ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရလိမ့်မယ်လို့ သူတို့ရှင်းပြခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဟောပြောခြင်းလုပ်ငန်းကို ဇူလိုင်ပထမစနေနေ့မှာ ပါဝင်ခဲ့တယ်။ အဲဒီနေ့မှာပဲ အကြီးအကဲတစ်ယောက်နဲ့ဆုံပြီး နှစ်ခြင်းခံမယ့်သူကို တောင်းဆိုထားတဲ့ ကျမ်းစာမေးခွန်းတွေ ဖြေခဲ့တယ်။ သုံးပတ်ကြာပြီးတဲ့နောက်မှာ ကျွန်တော်နှစ်ခြင်းခံခဲ့ပါတယ်။

ကျွန်တော်နှစ်ခြင်းခံတာကို မြင်လိုက်ရတဲ့ ရင်သွေးသုံးယောက်—ဗီးတို၊ ဗီနီလ်ဒတ်နဲ့ ဗရော့န်အီခတ်တို့ဟာ မြန်မြန်ဆန်ဆန်ပဲ ဝိညာဉ်ရေးတိုးတက်ခဲ့တယ်။ နောက်နှစ်နှစ်အတွင်း အကြီးနှစ်ယောက်နှစ်ခြင်းခံခဲ့ပြီး လေးနှစ်အကြာမှာ အငယ်မလေးနှစ်ခြင်းခံခဲ့တယ်။ ကျမ်းစာသမ္မာတရားကိုသိပြီး အဲဒီအတိုင်းမလိုက်လျှောက်တဲ့ သူတွေကိုဟောပြောတဲ့အခါ သမ္မာတရားကျင့်ကြံဖို့ ပျက်ကွက်ခြင်းရဲ့အကျိုးဆက်တွေအကြောင်း ကျွန်တော်ပြောပြတတ်တယ်။ သူတို့ရဲ့ကလေးတွေက နှုတ်ကမပြောပေမဲ့ ‘သမ္မာတရားဟာ အဖေ့အတွက် ဒီလောက်တောင်အရေးမပါဘူးဆိုရင် ငါ့အတွက်လည်း ဘယ်အရေးပါပါ့မလဲ’ လို့သူတို့တွေးကောင်းတွေးနေကြလိမ့်မယ်လို့ သူတို့ကိုပြောပြတယ်။

အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခြင်း

ကျွန်တော်တို့မိသားစုလိုက် အာကဲန်စောပြည်နယ်၊ မာရှယ်မြို့မှာ ရှေ့ဆောင်တွေအဖြစ် အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်ခဲ့ကြတယ်။ ဗဲလ်ယားနဲ့ကျွန်တော်က ၁၉၇၉ ခုနှစ်မှာစတင်လုပ်ခဲ့ကြပြီး ကလေးတွေက အထက်တန်းကျောင်းကနေ အသီးသီးဘွဲ့ရပြီးတာနဲ့ နောက်နှစ်တွေမှာ ကျွန်တော်တို့နဲ့ပူးပေါင်းခဲ့ကြတယ်။

၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းမှာ တောင်အမေရိက၊ အီကွေဒေါကလူတွေဟာ သမ္မာကျမ်းစာအသိပညာငတ်မွတ်နေတဲ့သတင်းကို ကျွန်တော်တို့ ကြားတဲ့အခါမှာ အဲဒီကိုသွားဖို့ ပန်းတိုင်ချမှတ်ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ ကလေးတွေလည်း အရွယ်ရောက်လာကြပြီး သူတို့ဘာသာနေနိုင်ကြပါပြီ။ ဒါကြောင့် အဲဒီနှစ်မှာပဲ “ပြည်ကိုစူးစမ်း” ဖို့အီကွေဒေါကို တစ်ခဏလည်ပတ်ခဲ့ကြတယ်။—တောလည်ရာ ၁၃:၁၊ ၂ နှိုင်းယှဉ်။

၁၉၉၀၊ ဧပြီလမှာ ကျွန်တော်တို့ရဲ့အိမ်အသစ်ဖြစ်တဲ့ အီကွေဒေါကိုရောက်ခဲ့ကြတယ်။ မများလှတဲ့စစ်ပင်စင်လခကြောင့် ချွေတာသုံးစွဲခဲ့ရတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးဆိုင်ရာအသီးသီးတဲ့ဒီနယ်မြေမှာ အချိန်ပြည့်ဓမ္မအမှုထမ်းဆောင်ရတဲ့ ရွှင်လန်းမှုဟာ ဘယ်စွန့်လွှတ်မှုထက်ကိုမဆို သာလွန်ပါတယ်။ ဦးဆုံး၊ ကျွန်တော်တို့တစ်ယောက်ချင်းဆီ အပတ်စဉ်ကျမ်းစာသင်အံမှု ၁၀ ခုကနေ ၁၂ ခုထိကျင်းပနိုင်မယ့် မာန်းတားဆိပ်ကမ်းမြို့မှာ အမှုဆောင်ခဲ့ကြတယ်။ အဲဒီနောက် ၁၉၉၂ ခုနှစ်မှာ ကျွန်တော့်ဇနီးနဲ့အတူ နယ်လှည့်အမှုဆောင်တစ်ယောက်အဖြစ် စပြီးထမ်းဆောင်ခဲ့တယ်။ အပတ်တိုင်း အသင်းတော်အသီးသီးကို ကျွန်တော်တို့လည်ပတ်ကြပါတယ်။

တရားမျှတခြင်းကို အပြည့်အဝရရှိချိန်ဝယ်

ပြန်ပြောင်းစဉ်းစားကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ ကြီးပြင်းလာချိန်မှာ တွေ့ ကြုံခဲ့ရတဲ့မတရားမှုတွေဟာ အခုအမှုဆောင်ခြင်းမှာ အထောက်အကူဖြစ်နေတယ်ဆိုတာ ဗဲလ်ယားရောကျွန်တော်ပါ သိလာတယ်။ ကျွန်တော်တို့ထက် ဆင်းရဲတဲ့သူတွေ၊ ကျွန်တော်တို့လောက် ပညာမရှိတဲ့သူတွေ ဒါမှမဟုတ် ကျွန်တော်တို့နဲ့မတူတဲ့ လူမျိုးစုနောက်ခံရှိတဲ့သူတွေကို ဘယ်တော့မှအထင်မသေးဘဲ အထူးဂရုစိုက်ခဲ့တယ်။ အဲဒီအပြင် ကျွန်တော်တို့တွေ့ ကြုံခဲ့ရတာထက် ပိုဆိုးတဲ့လူမှုရေးမတရားမှုတွေ တွေ့ ကြုံခံစားခဲ့ရတဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေအများကြီးရှိတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူတို့ မညည်းညူပါဘူး။ သူတို့ဟာ ရောက်ရှိတော့မယ့်ဘုရားသခင့်နိုင်ငံတော်ကို မျက်မှောက်ပြုကြတယ်။ ဒါကို ကျွန်တော်တို့မှတ်သားရမှာဖြစ်တယ်။ ဒီစနစ်မှာ တရားမျှတခြင်းကို ရှာဖွေဖို့ကြိုးစားတာကို အချိန်အတော်ကြာကတည်းက ကျွန်တော်တို့ရပ်တန့်လိုက်ပါပြီ; ဆက်ရှာနေမယ့်အစား မတရားမှုကို ဘုရားသခင်ရဲ့နိုင်ငံတော်ကသာ အမှန်တကယ်ဖြေရှင်းပေးမှာဖြစ်တယ်ဆိုတာကို လူတွေကိုပြောပြဖို့ ကျွန်တော်တို့အသက်တာကို မြှုပ်နှံလိုက်ပါပြီ။—မဿဲ ၂၄:၁၄။

မတရားမှုနဲ့ပတ်သက်လာမယ်ဆိုရင် နည်းနည်းလေးမှဆတ်ဆတ်ထိမခံတတ်တဲ့ ကျွန်တော်တို့လိုလူတွေအနေနဲ့ ဘုရားသခင်ရဲ့လူမျိုးတော်ကြားမှာ အပြည့်အဝတရားမျှတမှုရရှိမယ်လို့ မမျှော်လင့်ဖို့သတိထားရမယ်ဆိုတာကိုလည်း သိခဲ့ရတယ်။ ဒါက ကျွန်တော်တို့အားလုံးဟာ မစုံလင်တဲ့အတွက် အကျင့်ဆိုးတွေကိုကျင့်တတ်လေ့ရှိတဲ့အတွက်ဖြစ်တယ်။ (ရောမ ၇:၁၈-၂၀) ဒါပေမဲ့ သူတို့ရဲ့အစွမ်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားကြတဲ့ မေတ္တာရှိပြီး လူမျိုးပေါင်းစုံပါဝင်တဲ့ညီအစ်ကိုအသင်းအပင်းကို ကျွန်တော်တို့တွေ့ရှိပြီလို့ ရိုးရိုးသားသားပြောနိုင်တယ်။ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ ဖြောင့်မတ်ခြင်းတည်နေရာ ဘုရားသခင့်ကမ္ဘာသစ်ထဲကို နေရာတကာမှာရှိတဲ့ ဘုရားသခင်ရဲ့လူမျိုးတော်နဲ့ အတူဝင်ရောက်ကြဖို့ဖြစ်ပါတယ်။—၂ ပေတရု ၃:၁၃။

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

နံရံကိုလက်သီးနဲ့ထိုးခြင်းဖြင့် ကျွန်တော်ချက်ချင်း တုံ့ပြန်ခဲ့တယ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကျွန်တော်လေတပ်မှာလုပ်ခဲ့စဉ်က ဗဲလ်ယားနဲ့အတူ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

၁၉၉၆ ခုနှစ်မှာ ဗဲလ်ယားနဲ့အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ