တိရစ္ဆာန်ဥယျာဉ် တောရိုင်းတိရစ္ဆာန်များ၏ နောက်ဆုံးမျှော်လင့်ရာလော
မကြာသေးမီအချိန်များ၌ တိုးတက်သည်ထက်တိုးတက်နေသော ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များတွင် တိတ်တဆိတ်တော်လှန်ရေးဖြစ်ပျက်သွားခဲ့သည်။ အပြင်ပန်းလက္ခဏာအရ ပိုပြီးကြင်နာရာကျသော “တောသဘာဝဓလေ့ထဲ ဝင်ခြင်း” စိတ်ကူး—တိရစ္ဆာန်များ၏သဘာဝပတ်ဝန်းကျင်ကို အပင်များ၊ ကျောက်ဆောင်များ၊ နွယ်ပင်များ၊ မြူများ၊ အသံဗလံများအပြင် တိရစ္ဆာန်များနှင့်ငှက်များအတွက် အခြားလိုက်ဖက်ရာများစုံစုံလင်လင်ဖြင့် ဖန်တီးမှု—ကို အကောင်အထည်ဖော်ရာတွင် သူတို့သည် မိမိတို့ပြသထားသည့်အရာများကို ပုံစံပြောင်းခဲ့ကြသည်။ ငွေကုန်ကြေးကျများသော်လည်း—အမေရိကန်တစ်နိုင်ငံတည်း၌ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြခန်းများမွမ်းမံရန် ဒေါ်လာ ၁.၂ ဘီလီယံခန့် နှစ်စဉ်သုံးစွဲသည်—တိရစ္ဆာန်ဥယျာဉ်များ၏ရည်မှန်းချက်ကြီးမားသော အသွင်အပြင်သစ်ကြောင့် ပြောင်းလဲမှုများလုပ်ရန် ထည့်စဉ်းစားဖို့ လိုအပ်ခဲ့သည်။
နောက်ရာစုအတွက် လုပ်ငန်းတာဝန်
ဇီဝရှားပါးမှုက ကမ္ဘာဂြိုဟ်ကိုခြိမ်းခြောက်နေ၍ ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များသည် ၂၁ ရာစုအတွက် ၎င်းတို့၏လုပ်ငန်းတာဝန်အဖြစ် ထိန်းသိမ်းခြင်း၊ ပညာပေးခြင်းနှင့် သိပ္ပံဆိုင်ရာသုတေသနပြုခြင်းတို့ကို လုပ်ဆောင်လာသည်။ စိန်ခေါ်မှုပေါ်ပေါက်ကာ ယင်း၏လောဆော်မှုတို့ကြောင့် တိရစ္ဆာန်ဥယျာဉ်တချို့အား တိရစ္ဆာန်ဥယျာဉ်ဟူသောအမည်ကို လုံးဝဖယ်ရှားလိုက်ကြပြီး ယင်းအစား “တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” သို့မဟုတ် “ထိန်းသိမ်းရေးခြံ” စသည့်ဝေါဟာရများအစားထိုးလာကြသည်။
ဦးတည်ချက်အသစ်ကို မီးထွန်းလမ်းပြပေးသည့်အရာမှာ ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးနည်းဗျူဟာ စာအုပ်ဖြစ်သည်။ နည်းဗျူဟာ စာအုပ်ကို “တိရစ္ဆာန်ဥယျာဉ်အသိုင်းအဝိုင်းက ထုတ်ဝေခဲ့သမျှထဲတွင် အရေးအကြီးဆုံးမှတ်တမ်း” အဖြစ်ဖော်ပြခဲ့ပြီး အနှစ်သာရအားဖြင့် သတ္တဗေဒဆိုင်ရာအထူးပြန်တမ်းတစ်ရပ်ဖြစ်၏။ ယင်းသည် “ကမ္ဘာချီတောရိုင်းတိရစ္ဆာန်အမျိုးမျိုးကိုထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များ၊ ငါးပြတိုက်တို့၏တာဝန်ဝတ္တရားများနှင့် အခွင့်အလမ်းများကို သတ်မှတ်ပေးသည်။” အယူအဆသစ်နှင့်ပတ်သက်၍ သံသယမရှိရန် နည်းဗျူဟာ စာအုပ်က ထပ်၍ဖော်ပြသည်မှာ– “တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ငါးပြတိုက်ဆက်တည်ရှိနေသင့်ခြင်းမှာ ထိန်းသိမ်းမှုကို အထောက်အကူပြုရန်အတွက်ဖြစ်သည်။”
အထူးသဖြင့် လှောင်ထားသောတိရစ္ဆာန်များကိုမွေးမြူရန် လူထုပညာပေးခြင်းနှင့် သိပ္ပံဆိုင်ရာသုတေသနပြုခြင်းတို့သည် ဤကဏ္ဍသစ်အတွက်အရေးပါသည်။ ယနေ့လူငယ်များသည် အနာဂတ်တိရစ္ဆာန်ဥယျာဉ်မှူးများဖြစ်ကြရာ သူတို့သည် တောတွင်း၌ အကြီးအကျယ်မျိုးသုဉ်းနေသည့်မျိုးစိတ်များမှ ကယ်တင်ခံထားရသောအကြွင်းအကျန်များကို မပျောက်ပျက်အောင်ထိန်းသိမ်းရန်တာဝန်ယူကြမည်။ သူတို့သည် ဤတာဝန်ကို ပညာရှိရှိ၊ ကိုယ်ကျိုးစွန့် လုပ်ဆောင်ကြပါမည်လော။ ထို့အပြင် သာမန်လူသားထုသည် သဘာဝနှင့်ပတ်သက်၍ ဉာဏ်အလင်းပိုရရှိပါမည်လော။ ထိုသို့ဖြစ်စေရန် တိရစ္ဆာန်ဥယျာဉ်တစ်ခုစီသည် ပညာပေးသည့်အရာဖြစ်လာရန်နှင့် “ကမ္ဘာတစ်ဝန်းအသိစိတ်ရှိသောကွန်ရက်တစ်ခု” ၏အဝင်ဖြစ်နေစေရန် နည်းဗျူဟာ စာအုပ်က တိုက်တွန်းထားသည်။
ကမ္ဘာချီကွန်ရက်တစ်ခု၌ ပေါင်းစည်းထားသည့်တိရစ္ဆာန်ဥယျာဉ်များ
သူတို့၏များပြားလှသောတာဝန်များကြောင့် တိရစ္ဆာန်ဥယျာဉ်များစွာသည် ယခုပင် တိရစ္ဆာန်ဥယျာဉ် ၁,၀၀၀ ခန့်ပါဝင်သော ကမ္ဘာချီကွန်ရက်တစ်ခုဖွဲ့စည်းရန် စုစည်းနေ၏။ ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်အဖွဲ့နှင့် သဘာဝနှင့်သဘာဝသယံဇာတများထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာယူနီယံတို့ကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့များသည် ယင်းတိရစ္ဆာန်ဥယျာဉ်များကို ပေါင်းစည်းပေးကာ ညှိနှိုင်းမှုနှင့်လမ်းညွှန်မှုများပေးသည်။
ထိုသို့ မဖြစ်မနေပူးပေါင်းလုပ်ဆောင်ရသည့် အကြောင်းတစ်ရပ်ကို ထောက်ပြရာတွင် တိရစ္ဆာန်ဥယျာဉ်—ခေတ်သစ်နောဧသင်္ဘော စာအုပ်က ဤသို့ဆိုသည်– “သာဓကအနေဖြင့် ဆိုက်ဘေးရီးယားကျားများကို မသိမသာမျိုးသုဉ်းစေသည့် သွေးနီးချင်းသားစပ်ခြင်းကို တားဆီးလိုလျှင် တိရစ္ဆာန်ဥယျာဉ်တစ်ခုသည် မိမိ၏ကျားအုပ်စုငယ်လေးကို ကြီးကြပ်ထိန်းသိမ်းခြင်းဖြင့် ကျေနပ်နေ၍မရတော့ပေ။” ယင်းအစား တိုက်ကြီးတစ်ခု—သို့မဟုတ် ကမ္ဘာတစ်ဝန်း—မှတိရစ္ဆာန်ဥယျာဉ်အားလုံး၌ လှောင်ထားသောဆိုက်ဘေးရီးယားကျားအားလုံးကို တစ်အုပ်စုတည်းအဖြစ် သဘောထားရမည်။ မျိုးသုဉ်းခြင်းနှင့် မျိုးမပွားနိုင်ခြင်းတို့၏ ရှေ့ပြေးနိမိတ်ဖြစ်သော သွေးနီးချင်းသားစပ်ခြင်းကို လျှော့ချရန် သို့မဟုတ် အဆုံးသတ်ရန်မျိုးစိတ်တစ်ခုစီ ရာနှင့်ချီ၍လိုအပ်ပြီး ယင်းကို တိရစ္ဆာန်ဥယျာဉ်တစ်ခုချင်းက မစွမ်းဆောင်နိုင်ကြောင်းရှင်းနေပါသည်။ နည်းဗျူဟာ စာအုပ်ကဤသို့ဆိုသည်– “ကျွန်ုပ်တို့၏ကမ္ဘာ့သက်ရှိလောက . . . ဆက်လက်တည်တံ့စေရန် အကောင်းဆုံးလုပ်ဆောင်ရာတွင် ဤရနိုင်သမျှသော စွမ်းအားရင်းမြစ်များကိုစုစည်းခြင်းလိုအပ်သည်။ ကျွန်ုပ်တို့သည် အခြားမျိုးစိတ်များကိုမထိန်းသိမ်းလျှင် ကျွန်ုပ်တို့ကိုယ်ကိုမကယ်တင်ရာရောက်မည်ဟု ယူဆသူများစွာရှိကြသည်။” ဤသို့အဆိုးမြင်ခြင်းသည် မြေကြီးပရဒိသုပြန်လည်တည်ထောင်မည်ဟူသော သမ္မာကျမ်းစာကတိတော်ကို ထည့်မတွက်ခြင်းဖြစ်သည်။—ဗျာဒိတ် ၁၁:၁၈; ၂၁:၁-၄။
တိရစ္ဆာန်ဥယျာဉ်များအတွက် အောင်မြင်မှုရရန်နည်းလမ်းများ
မျိုးသုဉ်းခြင်းအန္တရာယ်သည် လှောင်ထားသောတိရစ္ဆာန်များကိုမျိုးပွားခြင်းဆိုင်ရာ နိုင်ငံတကာကရရှိနိုင်သည့် အထောက်အကူပြု အဆင့်မြင့်နည်းပညာအချို့– မျိုးရင်းမျိုးသန့်စာရင်းစာအုပ်များ၊ နိုင်ငံတကာတိရစ္ဆာန်ဥယျာဉ်နှစ်ချုပ်စာအုပ် (IZY) နှင့်ကွန်ပျူတာအခြေပြု အပြည်ပြည်ဆိုင်ရာမျိုးစိတ်အချက်အလက်စနစ် (ISIS) တို့ကိုပေါ်ထွက်လာစေသည်။
သတ္တဗေဒဆိုင်ရာ မျိုးရင်းမျိုးသန့်စာရင်းစာအုပ်တစ်ခုစီသည် မည်သည့်ကမ္ဘာ့ဒေသ၌မဆို ရှိနိုင်သည့် မျိုးစိတ်တစ်ခုမှဆင်းသက်လာသော တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်အားလုံး၏ အသေးစိတ်အချက်အလက်များကိုပြုစုထားသည်။ နိုင်ငံတကာမှတ်တမ်းတစ်ခုအနေနှင့် ယင်းသည် မျိုးရိုးမတိမ်ကောရန်စောင့်ရှောက်ခြင်းနှင့် သွေးနီးချင်းမျိုးစပ်ခြင်းဖြင့် ‘မသိမသာမျိုးသုဉ်းစေခြင်း’ ကိုတားဆီးခြင်းတို့၏ သော့ချက်ဖြစ်သည်။ ဘာလင်တိရစ္ဆာန်ဥယျာဉ်သည် ပထမကမ္ဘာစစ်ကြောင့် မျိုးသုဉ်းလုနီးပါးဖြစ်နေသော နွားရိုင်း သို့မဟုတ် ဥရောပပြောင်ကို စတင်မွေးထုတ်ပေးနိုင်သည့် ၁၉၂၃ ခုနှစ်တွင် ပထမဆုံးတိရစ္ဆာန်မျိုးရင်းမျိုးသန့်စာရင်းကို ဖွင့်လှစ်ခဲ့သည်။
မျိုးရင်းမျိုးသန့်စာရင်းစာအုပ်၊ IZY နှင့် ဖွား၊ နာ၊ သေစာရင်းတို့ကဲ့သို့သော နည်းပညာဆိုင်ရာအချက်အလက်များကို ကမ္ဘာချီဖြန့်ဖြူးရာတွင် လွယ်ကူစေရန် ၁၉၇၄ ခုနှစ်၌ အမေရိကန်ပြည်ထောင်စုတွင် ISIS သည် ကွန်ပျူတာစနစ်ထဲသို့ရောက်ရှိလာသည်။ ယင်းတိုးချဲ့နေသော အီလက်ထရွန်းနစ်ကွန်ရက်နှင့် ယင်း၏ကျယ်ပြန့်စွာတိုးပွားနေသော အချက်အလက်အခြေစု (data base) တို့သည် တိရစ္ဆာန်ဥယျာဉ်များအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ပေါ်ရန် ဝိုင်းဝန်းလုပ်ဆောင်နေကြသည့် တိရစ္ဆာန်ဥယျာဉ်များကို အကူအညီပေးနေသည်။
တိရစ္ဆာန်ဥယျာဉ်များလက်ခံသော ဇီဝဗေဒဆိုင်ရာအထောက်အကူများမှာ DNA လက်ဗွေယူခြင်း၊ သန္ဓေသားလောင်းပြောင်းရွှေ့ပေးခြင်း၊ စမ်းသပ်ပြွန်အတွင်းသားစပ်ခြင်းနှင့် ခရိုင်ယိုဂျဲနစ်ဂ် (သုက်ကောင်နှင့် သန္ဓေသားလောင်းတို့ကို အအေးခံခြင်း) တို့ဖြစ်သည်။ DNA လက်ဗွေယူခြင်းသည် ၁၀၀ ရာခိုင်နှုန်းတိကျမှုဖြင့် မျိုးရိုးကိုဖော်ပြပေးသည်။ ယင်းသည် မျိုးရိုးကိုပိုင်းခြားသတ်မှတ်ရန်ခက်ခဲသော အုပ်စုဖွဲ့နေတတ်သည့်တိရစ္ဆာန်များကဲ့သို့သော မျိုးစိတ်များကြား၌ သွေးနီးခြင်းမျိုးစပ်ခြင်းကိုထိန်းချုပ်ရာတွင်အရေးပါသည်။ တစ်ချိန်တည်းတွင် သန္ဓေသားလောင်းပြောင်းရွှေ့ပေးခြင်းနှင့် စမ်းသပ်ပြွန်အတွင်းသားစပ်ခြင်းတို့သည် ပေါက်ပွားမှုနှုန်းမြန်စေသည်။ တစ်နည်းမှာ အန္တရာယ်ကြုံနေသောမျိုးစိတ်၏မျိုးရိုးကို တိုးချဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏သန္ဓေသားလောင်းကို အနီးစပ်ဆုံးတိရစ္ဆာန်များသို့—အိမ်မွေးတိရစ္ဆာန်များသို့ပင်—ထည့်သွင်းပေးကာ အငှားမိခင်အဖြစ်လုပ်ဆောင်ပေးနိုင်သည်။ ဤနည်းပညာအားဖြင့် ဟိုးလ်စတိန်းနွားတစ်ကောင်က ပြောင် (နွားရိုင်း) တစ်ကောင်ကိုလည်းကောင်း၊ အိမ်မွေးကြောင်တစ်ကောင်က မျိုးသုဉ်းမည့်အန္တရာယ်ကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရသော အင်ဒီးယန်းကန္တာရကြောင်တစ်ကောင်ကိုလည်းကောင်း မွေးထုတ်ပေးစေနိုင်ခဲ့သည်။ ၎င်းသည် မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေရသောတိရစ္ဆာန်ကို ပြောင်းရွှေ့ရာတွင် စရိတ်စက၊ ဘေးအန္တရာယ်နှင့် ထိခိုက်မှုတို့လည်း လျော့နည်းစေသည်။ ပြောင်းရွှေ့ရန်လိုသည့်အရာမှာထုတ်ထားသောသန္ဓေသားလောင်း သို့မဟုတ် အအေးခံထားသောသုက်ကောင်သာဖြစ်သည်။
ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် မျိုးစိတ်တချို့နှင့်ပတ်သက်၍ တိရစ္ဆာန်ဥယျာဉ်တချို့သည် ခရိုင်ယိုဂျဲနစ်ဂ်—ကြာရှည်သိုလှောင်ထားရန် သုက်ကောင်နှင့် သန္ဓေသားလောင်းတို့ကိုအအေးခံခြင်း—နည်းပညာကိုပင် စတင်အသုံးပြုလာကြပြီဖြစ်သည်။ ယင်းအအေးခံသက်ရှိများသည် မျိုးသုဉ်းပြီးနောက် ဆယ်စုနှစ်များစွာ၊ ရာစုနှစ်ချီ၍ပင်ကြာသည့်အချိန်အထိ သားပေါက်များပေါက်ပွားစေနိုင်မည်ဟူသည့် မျှော်လင့်ချက်ကိုပေးသည်! မသေချာမှုများရှိနေသော်လည်း ယင်းသည် “နောက်ဆုံးအားထားရာအာမခံ” ဟုခေါ်စမှတ်ပြုကြသည်။
တောတွင်းလေ့လာမှုများ တိရစ္ဆာန်ဥယျာဉ်များအား သားပေါက်ကလေးများပို၍မွေးထုတ်ပေးရန်ထောက်ကူ
သဘာဝအရပ်ဒေသတွင် ၎င်းတို့ပြုမူကျင့်ကြံပုံအပါအဝင် တိရစ္ဆာန်များကို သိပ္ပံနည်းကျလေ့လာမှုသည် လှောင်ထား၍မွေးမြူသောတိရစ္ဆာန်များအတွက် အလွန်အရေးကြီးပြီး ယင်းသည် တိရစ္ဆာန်များ “အာရုံနစ်မြုပ်စေသည့်” အရပ်ဒေသကိုဖန်တီးပေးရန်အတွက် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်။ တိရစ္ဆာန်များကျန်းမာစွာနေထိုင်နိုင်ပြီး ပေါက်ပွားနိုင်ရန် တိရစ္ဆာန်ဥယျာဉ်များသည် သူတို့၏ပင်ကိုသဘာဝကို ထည့်စဉ်းစားကာ သူတို့ကို “ပျော်ရွှင်စွာ” ထားရမည်ဖြစ်သည်။
သာဓကအနေဖြင့် တောထဲတွင် သီးခြားနေကြသော ကျားသစ်အထီးနှင့်အမတို့သည် ၎င်းတို့စွန့်သော ကျင်ကြီးကျင်ငယ်တို့ ၏အနံ့ဖြင့်သာဆက်သွယ်ကြသည်။ အမသည် မိတ်ဖက်ရန်အသင့်ဖြစ်ကြောင်းကို အထီးသည်အနံ့ဖြင့်သိရှိကာ သူသည် တစ်ရက်နှစ်ရက်မျှ သူမနှင့်အတူနေထိုင်သည်။ ဤအမူအကျင့်ကို တိရစ္ဆာန်ဥယျာဉ်များသိရှိသောအခါ သူတို့သည် မိတ်ဖက်သည့်ကာလတို့မှလွဲ၍ ကျန်အချိန်တိုင်းတွင် အထီးအမချင်းမမြင်တွေ့နိုင်ရန် ဝင်းခြံများကိုပြုပြင်မွမ်းမံလိုက်ရာ အောင်မြင်စွာဖြင့် သားငယ်များပေါက်ဖွားလာသည်ကို တွေ့ရကြသည်။
ကျားသစ်သည် ဝေးတသက်သက်ဖြစ်သော်လည်း ကြိုးကြာငှက်အတွက်မူကား ထိုသို့မဟုတ်ပါ။ ယင်းသည် တိရစ္ဆာန်ဥယျာဉ်အများစုအတွက် ကိုင်တွယ်ရန်ခက်ခဲသည်အထိ အလွန်ကြီးမားသည့်အုပ်စုဖွဲ့မိသောအခါ၌သာ မိတ်လိုက်သည်။ ထို့ကြောင့် အင်္ဂလန်ရှိတိရစ္ဆာန်ဥယျာဉ်တစ်ခုက ဤသို့စမ်းသပ်သည်—မှန်ကြီးတစ်ခုကိုအသုံးပြု၍ ငှက်အုပ်ကြီးကို “နှစ်ဆ” ဖြစ်စေသည်။ ပထမဆုံးအကြိမ်အနေနှင့် ငှက်များသည် မိတ်ဖက်ရန်စပိုးပန်းကြသည်။ ဤသာဓကများသည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်လောကကို ရှုပ်ထွေးသည်ဟူသောအတွေးဝင်စေပါသလော။ တိရစ္ဆာန်ဥယျာဉ်များသည် အမှန်ပင်ထူးကဲသောစိန်ခေါ်မှုရှိနေသည်။
တိရစ္ဆာန်များကိုကယ်တင်ရန် ပန်းတိုင်သည် မည်မျှလက်တွေ့ကျသနည်း
အစီအစဉ်သစ်၏အလားအလာကို ညွှန်ပြသည့်အနေနှင့် သားစပ်မွေးထုတ်ပေးသောမျိုးစိတ်တချို့ကို ၎င်းတို့၏ဇာတိဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ယင်းတို့ထဲတွင် ကာလီဖိုးနီးယားလင်းတကြီး၊ ဥရောပပြောင်၊ အမေရိကန်ပြောင်၊ အာရေးဘီးယန်းသမင်ဒရယ်မျိုး၊ ရွှေရောင်တာမာရင်းခြင်္သေ့နှင့် ပရာဇီဝေါစကီးမြင်းတို့ပါဝင်သည်။ သို့သော်ငြားလည်း ရေရှည်အလားအလာသည် မကောင်းပါ။
“လူ့အဖွဲ့အစည်းသည် အလွန်ရှုပ်ထွေးကာ ကမ္ဘာ့ပြဿနာအလွန်များပြားနေသောကြောင့် သဘာဝပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ တာဝန်သိမှုနှင့် စိုးရိမ်မကင်းဖြစ်မှုများတိုးပွားနေသည့်ကြားမှ ပျက်စီးမှုဖြစ်စေသောအရာများစွာကို တားဆီးရန်မဖြစ်နိုင်ပါ။” ရလဒ်အနေဖြင့် “ထိန်းသိမ်းရေးသမားများသည် ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်းကာလကို ရင်ဆိုင်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေထားရမည်” ဟုနည်းဗျူဟာ စာအုပ်ကဆိုသည်။ ပုံမှန်အားဖြင့် လူတန်းစားအားလုံးပူးပေါင်းလုပ်ဆောင်ရန်လို၏။ သိပ္ပံပညာစာရေးဆရာတစ်ဦး၏အဆိုအရ လက်ရှိပူးပေါင်းဆောင်ရွက်မှုသည် “လိုအပ်သည့်အတိုင်းအတာနှင့်စာလျှင် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် လျော့နည်းနေသည်။” မျိုးသုဉ်းခြင်းကိုဖြစ်ပေါ်စေသည့် ဖိအားများသည် လျော့နည်းရုံသာလျော့နည်းပြီး ပပျောက်မသွားလျှင်မူ အကောင်းဆုံးကြိုးစားမှုများသည်ပင် အချည်းနှီးဖြစ်နိုင်သည်။ သွေးနီးချင်းမျိုးစပ်ခြင်းကိုဖြစ်စေသော သီးခြားနေရာငယ်များကိုသာမဟုတ်ဘဲ ခြေမြစ်သော ပြည့်စုံသည့်သဘာဝဝန်းကျင်ကို ဖန်တီးပေးရမည်။ သို့မှသာ တိရစ္ဆာန်ဥယျာဉ်များသည် တိရစ္ဆာန်များကိုတောတွင်းသို့ ယုံကြည်စိတ်ချစွာ ပြန်လွှတ်နိုင်မည်ဖြစ်သည်။ သို့သော် ၎င်းသည် လက်တွေ့ကျသည့် မျှော်လင့်ချက်လော သို့တည်းမဟုတ် ဖြစ်စေချင်သည့် စိတ်ကူးလော။
ကမ္ဘာချီဧရာမဥယျာဉ်ကြီးတစ်ခုသည်ပင် ပြဿနာကိုဖြေရှင်းနိုင်သောအရာဖြစ်သည်ဟု ယုံကြည်ရန်ခက်နေသည်။ “တုန်လှုပ်ဖွယ်အမှန်တရားတစ်ရပ်မှာ ယနေ့ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်အားလုံးသည် နို့တိုက်သတ္တဝါ၊ ငှက်၊ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါတို့၏မျိုးစိတ်ပေါင်း ၂,၀၀၀ ကိုသာ ထောက်ပံ့ထားနိုင်ရာ” ပေါလောပေါ်နေသောရေခဲတောင်ကြီး၏ မြင်သာသည့်ထိပ်ပိုင်းမျှသောအတိုင်းအတာသာဖြစ်၍ အမှန်စိတ်ပျက်ဖွယ်ရာကောင်းသည်ဟု ပရောဖက်ဆာအက်ဒဝပ်ဝီလ်ဆင်ကဆိုသည်။ ထို့ကြောင့် တိရစ္ဆာန်ဥယျာဉ်များသည် တိရစ္ဆာန်မျိုးစိတ်မြောက်မြားစွာတို့ မျိုးသုဉ်းခြင်းသို့ဦးတည်နေစဉ် မည်သည့်မျိုးစိတ်များကိုထိန်းသိမ်းစောင့်ရှောက်ရန် ရွေးချယ်ဆုံးဖြတ်ရမည့် မနှစ်မြို့ဖွယ်တာဝန်ရှိနေသည်။
သက်ရှိအားလုံးသည် အပြန်အလှန်မှီခိုနေကြရာ လူသားအပါအဝင် မြေကြီးပေါ်တွင်ကျန်ရှိနေသေးသည့်အသက်များစွာကို ပျက်စီးစေနိုင်သော အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းစတင်မည့် ဇီဝမျိုးကွဲများအတွက် အခြေအနေဆိုးမည်သည့်အခါရောက်ရှိလာမည်နည်းဟူသော နိမိတ်ဆိုးပြသည့်မေးခွန်းသည် ဤပညာရပ်နယ်ပယ်တွင်ကျွမ်းကျင်သူများအတွက်ပေါ်လာသည်။ သိပ္ပံပညာရှင်များသည် မှန်းရုံသာမှန်းနိုင်ကြသည်။ “မျိုးစိတ်တစ်မျိုးနှစ်မျိုး သို့မဟုတ် ငါးဆယ်ကွယ်ပျောက်ခြင်းသည် ကျွန်ုပ်တို့ကြိုမပြောနိုင်သည့်အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်” ဟုတိရစ္ဆာန်ဥယျာဉ်စာအုပ် ၌ လင်ဒါကိုဘနာကဆိုသည်။ “မျိုးသုဉ်းခြင်းသည် ယင်း၏အကျိုးဆက်များကို ကျွန်ုပ်တို့နားမလည်မီကပင် ပြောင်းလဲမှုကိုဖန်တီးပေးလျက်ရှိသည်။” ထိုအတောအတွင်း “တိရစ္ဆာန်များကို ကမ္ဘာချီသတ်ဖြတ်နေသည့်ကြားတွင် တိရစ္ဆာန်ဥယျာဉ်များသည် အလိုအပ်ဆုံးသောခိုလှုံရာဖြစ်နေပြီး မျိုးသုဉ်းသတ်ဖြတ်မှု မည်မျှအတိုင်းအတာအထိဖြစ်မည်ကို ကြိုမပြောနိုင်သော်လည်း အနာဂတ်မျိုးဆက်များသည် ကျွန်ုပ်တို့ကိုလုံးလုံးအပြစ်တင်ပေမည်” ဟုတိရစ္ဆာန်ဥယျာဉ်—ခေတ်သစ်ခိုလှုံရာ အမည်ရှိစာအုပ်ကဆိုသည်။
သို့ဆိုလျှင် မျှော်လင့်ချက်တစ်စုံတစ်ရာရှိသလော။ သို့မဟုတ် အနာဂတ်မျိုးဆက်များသည် သူတို့အား ဝါးမျိုမည့်တွင်းကြီးရှိရာ ထပ်တလဲလဲဖြစ်နေသည့်ဇီဝလောကသို့ ပျက်စီးရန်ကိန်းဆိုက်နေသလော။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူသည် သူတို့၏ အဆိုးရွားဆုံးရန်သူဖြစ်သည်
[Credit Line]
ကျားနှင့်ဆင်များ– Zoological Parks Board of NSW
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
မျိုးသုဉ်းခြင်းအန္တရာယ်ကို ရင်ဆိုင်နေရသော တိရစ္ဆာန်များ—ပြောင်၊ ကျားသစ်နက်များနှင့် ကြံ့မည်းများ
[Credit Line]
ပြောင်နှင့် ကျားသစ်နက်များ– Zoological Parks Board of NSW
ကြံ့– National Parks Board of South Africa