ရုန့်ရင်း စကား စိတ်ထား ချေမွ
“နလပိန်းတုံးမ!”a ဂျပန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် မိမိ၏ကလေးဘဝတွင် မကြာခဏအခေါ်ခံခဲ့ရသော ထိုအမည်ကို ကောင်းကောင်းမှတ်မိနေ၏။ မည်သူက ခေါ် ခဲ့သနည်း။ ကျောင်းနေဖက်များလော။ မွေးချင်းပေါက်ဖော်များလော။ မဟုတ်ပါ။ သူ၏မိဘဖြစ်သည်။ သူက ဤသို့ပြန်ပြောပြသည်– “အဲဒီလိုအခေါ်ခံရတာ စိတ်ထိခိုက်လွန်းတဲ့အတွက် ကျွန်မစိတ်ဓာက်ကျလေ့ရှိတယ်။”
အမေရိကန်ပြည်ထောင်စုရှိ လူတစ်ဦးသည် ကလေးဘဝက မိမိဖခင်အိမ်ပြန်လာတိုင်း ကြောက်ရွံ့၍စိုးရိမ်ပူပန်ခဲ့ရကြောင်း ပြန်၍အမှတ်ရသည်။ “အိမ်မှာ ကျွန်တော့်အဖေရဲ့ ကားဆိုက်လာသံကို အခုထက်ထိ ကြားယောင်နေတုန်းပါပဲ။ အဲဒီအခါဆိုရင် ကျွန်တော်မှာ ကြောက်ဒူးတုန်လိုက်ရတာ။ ညီမလေးဆိုရင် ပုန်းနေရတယ်။ အဖေဟာ စည်းကမ်းတိကျလွန်းသူဖြစ်တယ်။ ကျွန်တော်တို့ကိုလုပ်ခိုင်းတဲ့ အိမ်မှုကိစ္စအဝဝကို စိတ်တိုင်းကျလေ့မရှိတာကြောင့် အမြဲပဲဆူပူကြိမ်းမောင်းတယ်” ဟုပြန်ပြောပြသည်။
ထိုသူ၏ အစ်မက ဤသို့ထပ်ပြောသည်– “ကျွန်မရဲ့မိဘနှစ်ပါးစလုံး ကျွန်မတို့ကိုပွေ့ဖက်တာတို့၊ နမ်းရှုပ်တာတို့၊ ဒါမှမဟုတ် ‘သိပ်ချစ်တာပဲ၊’ ‘သိပ်ဂုဏ်ယူတာပဲ’ စတဲ့စကားမျိုးတွေပြောတာကို တစ်ခါမှမမှတ်မိပါဘူး။ ကလေးတစ်ယောက်ရဲ့ဘဝဟာ ‘သိပ်ချစ်တာပဲ’ လို့တစ်ခါမှအပြောမခံရရင် ‘သိပ်မုန်းတာပဲ’ လို့အပြောခံရတာနဲ့အတူတူပါပဲ။”
အချို့က ကလေးဘဝတွင် ထိုသူတို့ခံစားခဲ့ရသည့်ဒုက္ခမှာ အသေးအဖွဲသာဖြစ်သည်ဟု ပြောကြပေလိမ့်မည်။ သေချာသည်မှာ ကလေးများသည် ရုန့်ရင်း၍ အကြင်နာမဲ့သောစကားလုံးများကိုကြားရခြင်း၊ ရက်စက်ယုတ်မာစွာ ပြုမူဆက်ဆံခံရခြင်းမှာ အဆန်းမဟုတ်ပါ။ ထိုသို့သောအပြုအမူများသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်သတင်းစာခေါင်းကြီးပိုင်းများနှင့် အထူးအာရုံစိုက်ဖွယ်ဖြစ်သည့် တီဗွီအကျဉ်းချုံးပြကွက်များအဖြစ်ဖော်ပြခြင်းမရှိချေ။ ယင်းသို့ထိခိုက်နစ်နာမှုများကို မျက်စိဖြင့်မမြင်နိုင်ချေ။ သို့သော် မိဘများအနေနှင့် သူတို့၏ကလေးများကို ထိုသို့သောနည်းများဖြင့် နေ့စဉ်ရက်ဆက် မတော်မတရားပြုမူလျှင် ဆိုးကျိုးမှာ ယူကျုံးမရဖြစ်လောက်အောင် အလွန်ဆိုးဝါးလှပြီး ဘဝတစ်သက်တာလုံး ခံစားနေမည်ဖြစ်သည်။
၁၉၅၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်တိုင် ငါးနှစ်အရွယ်ကလေးငယ်များအပေါ် မိဘများ၏ပြုမူကျင့်ကြံပုံကို ဆန်းစစ်သည့်လေ့လာမှုတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ သုတေသီများက သူတို့၏ပြုစုပျိုးထောင်ခံရမှုအပေါ် ရေရှည်အကျိုးသက်ရောက်မှုကို ထိုးထွင်းသိမြင်နိုင်ဖို့ ယခုဆိုလျှင် လူလတ်ပိုင်းရောက်ရှိနေပြီဖြစ်သော ထိုကလေးများစွာကို တွေ့ရှိသည်အထိ ရှာဖွေဖို့စီမံခဲ့၏။ လေ့လာတွေ့ရှိချက်အသစ်က ဘဝအသက်တာ၏နောက်ပိုင်းတွင် အခက်အခဲအများဆုံးကြုံရသောကလေးများ၊ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှု၊ အိမ်ထောင်ရေး၊ မိတ်ဖွဲ့ ခြင်းအပြင် အလုပ်၌ပင်အခက်ကြုံရသူတို့မှာ ဆင်းရဲသောမိဘများ သို့မဟုတ် ချမ်းသာသောမိဘများ သို့မဟုတ် ဒုက္ခအကြီးအကျယ်ကြုံရသောမိဘများ၏ကလေးများမဟုတ်ကြကြောင်း ကောက်ချက်ချလေသည်။ ထိုသူတို့မှာ ဥပေက္ခာပြု၍ အေးစက်စက်နိုင်ပြီး ချစ်ခင်ကြင်နာမှုအနည်းငယ်သာပြကြသော သို့မဟုတ် လုံးဝမပြကြသော မိဘတို့၏ကလေးများဖြစ်ကြသည်။
ဤလေ့လာတွေ့ရှိချက်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်ကရေးသားခဲ့သည့် အမှန်တရားကို ပဲ့တင်ထပ်ခြင်းမျှသာဖြစ်သည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) မိဘတို့၏ စကားအားဖြင့် စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်းက သားသမီးတို့ကို အမှန်ပင်မခံမရပ်နိုင်ဖြစ်စေပြီး ရလဒ်အနေဖြင့် သူတို့ကို အမှန်ပင်စိတ်ဓာတ်ကျစေနိုင်၏။
ဝမ်းနည်းမှုဖြင့်ကြီးပြင်းလာခြင်းစာအုပ်အရ မကြာသေးမီက ဆရာဝန်များယူဆခဲ့သည်မှာ ကလေးဘဝတွင် စိတ်ဓာတ်ကျဆင်းခြင်းမရှိ ဟူ၍ဖြစ်သည်။ သို့သော် အချိန်နှင့် ကြုံတွေ့မှုက ထိုသို့မဟုတ်ကြောင်း သက်သေပြခဲ့ပေပြီ။ ယနေ့ စာရေးသူများက ကလေးဘဝစိတ်ဓာတ်ကျဆင်းခြင်းကို အသိအမှတ်ပြုသည့်အပြင် လုံးဝအဆန်းမဟုတ်တော့ကြောင်း အခိုင်အမာပြောဆိုသည်။ ယင်း၏ အကြောင်းရင်းများထဲတွင် မိဘတို့၏ အပယ်ခံရခြင်းနှင့် မတော်မတရားပြုခံရခြင်းတို့ပါဝင်သည်။ စာရေးသူက ဤသို့ရှင်းပြသည်– “ကိစ္စအချို့တွင် မိဘများသည် သားသမီးကို တရစပ်ဝေဖန်ခြင်း၊ သိက္ခာချခြင်းပြုကြသည်။ အခြားကိစ္စများတွင်မူ မိဘနှင့်သားသမီး ဆက်သွယ်မှုမရှိသောကြောင့်သာဖြစ်သည်; သားသမီးအပေါ်ထားရှိသော မိဘမေတ္တာကို လုံးဝဖော်ပြခြင်းမရှိချေ။ . . . ကလေးတစ်ဦးအနေဖြင့်—သို့မဟုတ် ရင့်ကျက်သူတစ်ဦး အမှန်တကယ်ဖြစ်ဖို့—မေတ္တာသည် အပင်တစ်ပင်အတွက် နေရောင်ခြည်နှင့် ရေလိုအပ်သကဲ့သို့လိုအပ်ရာ ထိုသို့သောမိဘမျိုးရရှိထားခြင်းမှာ အထူးသဖြင့် သားသမီးတို့အတွက် ဝမ်းနည်းစရာဖြစ်စေသည်။”
မိဘမေတ္တာကို ဟန်ဆောင်ခြင်းမရှိဘဲ ထင်ရှားစွာဖော်ပြမည်ဆိုလျှင် ယင်းမှတစ်ဆင့် သားသမီးများသည် အရေးကြီးသောအမှန်တရားကို သိရှိလာကြလေသည်– မိမိတို့သည် ချစ်စရာကောင်းသည်; တန်ဖိုးရှိသည်ဟူသောအချက်ဖြစ်သည်။ များစွာတို့က ဤသဘောထားကို စိတ်ကြီးဝင်ခြင်းပုံစံတစ်မျိုး၊ သူတစ်ပါးထက် ကိုယ့်ကိုယ်ကိုပိုချစ်ခြင်းတို့နှင့် မှားတတ်ကြ၏။ သို့သော် ဤအခြေအနေတွင် ယင်းသို့ဖြစ်ရန် ဆိုလိုနေခြင်းမဟုတ်ပါ။ စာရေးသူတစ်ဦးက သူ၏စာအုပ်တွင် ယင်းအကြောင်း ဤသို့ဆိုသည်– “သင့်သားသမီး၏ ကိုယ့်ကိုယ်ကိုထင်မြင်ယူဆချက်က မည်သို့သောအပေါင်းအသင်းမျိုးကို သူရွေးချယ်သည်၊ အခြားသူတို့နှင့် မည်မျှသင့်မြတ်စွာပေါင်းသင်းနိုင်သည်၊ မည်သို့သောသူမျိုးကို သူအိမ်ထောင်ပြုသည်၊ မည်မျှထွန်းပေါက်အောင်မြင်မည်ဟူသောအချက်များအပေါ် ဩဇာလွှမ်းမိုးနေသည်။” သမ္မာကျမ်းစာက ပညတ်များထဲတွင် “ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသောပညတ်ကို ဒုတိယအရေးကြီးဆုံးအဖြစ်တင်ပြသောအခါ မျှတပြီး ငါသာပဓာနဟူသည့်သဘောထားမရှိဖို့ မည်မျှအရေးကြီးလှကြောင်း အသိအမှတ်ပြုထားပါသည်။—မဿဲ ၂၂:၃၈၊ ၃၉။
မည်သည့်သာမန်မိဘမဆို အရေးကြီးပြီး ထိခိုက်လွယ်သော ကလေးတစ်ဦး၏ မိမိကိုယ်ကိုတန်ဖိုးထားသည့်စိတ်ထားကို ချေမွပစ်လိုမည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤသို့ မကြာခဏဖြစ်ရသနည်း။ ထို့အပြင် ယင်းကို မည်သို့ကာကွယ်နိုင်မည်နည်း။
[အောက်ခြေမှတ်ချက်]
a ဂျပန်စကားဖြင့် နိုရိုမား ဘာကာ!