သင့်သားသမီးများ တိုးတက်ထွန်းကားရန် ကူညီပေးပါ
သားသမီးမွေးမြူရေးနှင့်ပတ်သက်၍ မိဘများစွာတို့သည် အဖြေများအတွက် နေရာအနှံ့ရှာဖွေကြသော်လည်း အမှန်မှာ သူတို့၏အိမ်၌ပင် လွယ်လင့်တကူရရှိနိုင်၏။ မြောက်မြားစွာသောမိဘတို့ထံတွင် သမ္မာကျမ်းစာရှိကြသော်လည်း ယင်းကို သားသမီးမွေးမြူရာ၌ လက်တွေ့အသုံးပြုမည့်အစား စာအုပ်စင်ပေါ်တွင် ဖုန်တက်နေစေသည်။
မှန်ပါသည်၊ ယနေ့ များစွာတို့သည် မိသားစုဘဝတွင် သမ္မာကျမ်းစာကို လမ်းညွှန်အဖြစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ လက်မခံကြချေ။ သူတို့က ၎င်းသည် ခေတ်ကုန်နေပြီ၊ ခေတ်နောက်ကျနေပြီ သို့မဟုတ် တင်းကျပ်လွန်းသည်ဟုဆိုကာ ပယ်ထားကြသည်။ သို့သော် ရိုးဖြောင့်သောစစ်ဆေးမှုက သမ္မာကျမ်းစာသည် မိသားစုများအတွက် လက်တွေ့ကျသောစာအုပ်ဖြစ်ကြောင်း ဖော်ပြပေလိမ့်မည်။ မည်သို့ဖြစ်ကြောင်း သုံးသပ်ကြည့်ကြစို့။
တော်မှန်သော ဝန်းကျင်အခြေအနေ
သမ္မာကျမ်းစာက သားသမီးတို့အား “[သူ၏] စားပွဲပတ်လည်၌စိုက်ပျိုးသော သံလွင်ပင်များ” ကဲ့သို့ယူမှတ်ရန် ဖခင်တို့ကိုဆိုထားသည်။ (ဆာလံ ၁၂၈:၃၊ ၄) အလွန်နုနယ်သောအပင်ငယ်များသည် ဂရုတစိုက်ပြုစုပျိုးထောင်မှုနှင့် သင့်လျော်သောအာဟာရ၊ မြေဆီလွှာ၊ စွတ်စိုမှုမရရှိဘဲနှင့် အသီးသီးသောအပင်များအဖြစ် ကြီးထွားမလာနိုင်ချေ။ အလားတူ အောင်မြင်သောသားသမီးမွေးမြူရေးအတွက် လုပ်ဆောင်မှုနှင့် ဂရုစိုက်မှုလိုအပ်ပေသည်။ ကလေးတို့အနေဖြင့် ရင့်ကျက်သူအဖြစ်သို့ ကြီးပြင်းရန် ဝန်းကျင်အခြေအနေကောင်းလိုအပ်ပေသည်။
ထိုသို့သော ဝန်းကျင်အခြေအနေအတွက် ဦးဆုံးလိုအပ်သောအရာတစ်ခုမှာ—လင်မယားစပ်ကြား၊ သားသမီးနှင့်မိဘစပ်ကြား—မေတ္တာဖြစ်သည်။ (ဧဖက် ၅:၃၃; တိတု ၂:၄) မိသားစုဝင်များစွာတို့သည် တစ်ဦးကိုတစ်ဦးချစ်ခင်ကြသော်လည်း ထိုသို့သောမေတ္တာကို ဖော်ပြရန်မလိုအပ်ဟု ယူမှတ်ကြသည်။ သို့သော် စဉ်းစားကြည့်ပါ– သင့်အနေဖြင့် မိတ်ဆွေတစ်ဦးထံစာရေးသော်လည်း ဘယ်သောအခါမျှ လိပ်စာမတပ်၊ တံဆိပ်ခေါင်းမကပ် သို့မဟုတ် မပို့ပါက သူနှင့်ဆက်သွယ်မှုရှိသည်ဟု မှန်ကန်စွာပြောနိုင်ပါမည်လော။ အလားတူစွာပင် သမ္မာကျမ်းစာက မေတ္တာစစ်ဟူသည် နှလုံးနွေးထွေးစေသောခံစားမှုတစ်ခုမျှသာမကကြောင်း ဖော်ပြထားသည်; ယင်းသည် အပြောအဆိုနှင့်အပြုအမူအားဖြင့် ထင်ရှားသည်။ (ယောဟန် ၁၄:၁၅; ၁ ယောဟန် ၅:၃ နှိုင်းယှဉ်။) ဘုရားသခင်သည် မိမိ၏သားတော်အား ချစ်တော်မူကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပုံနမူနာတော်ကို ထားတော်မူသည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။”—မဿဲ ၃:၁၇။
ချီးမွမ်းပေးခြင်း
မိဘများသည် မိမိတို့၏သားသမီးများအား ထိုသို့သောမေတ္တာကို မည်သို့ပြသနိုင်မည်နည်း။ ဦးဆုံးအနေဖြင့် ကောင်းကွက်ကိုရှာပါ။ ကလေးများနှင့်ပတ်သက်၍ အမှားတွေ့ရန် လွယ်ကူပေသည်။ သူတို့၏ရင့်ကျက်မှုမရှိခြင်း၊ အတွေ့အကြုံမရှိခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့သည် နေ့စဉ်နှင့်အမျှ နည်းအမျိုးမျိုးဖြင့် ထင်ရှားလိမ့်မည်။ (သု. ၂၂:၁၅) သို့သော် သူတို့သည် ကောင်းသောအရာများစွာကိုလည်း နေ့စဉ်ပြုလုပ်ပေမည်။ အဘယ်အရာပေါ်တွင် သင်အာရုံစိုက်သနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အမှားများကို အာရုံစိုက်မနေဘဲ ကျွန်ုပ်တို့ ပြုလုပ်သောကောင်းမှုကို သတိရတော်မူ၏။ (ဆာလံ ၁၃၀:၃; ဟေဗြဲ ၆:၁၀) သားသမီးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့လည်း အလားတူနည်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။
လူငယ်တစ်ဦး ဤသို့ကောက်ချက်ချသည်– “အိမ်မှာနေတဲ့ကာလတစ်လျှောက်လုံး အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်ရခဲ့ဖူးတဲ့အောင်မြင်မှုတွေအတွက် တစ်နည်းနည်းနဲ့ချီးမွမ်းခံခဲ့ရတယ်ဆိုတာ တစ်ခါမှမရှိဘူး။” မိဘတို့ သင့်သားသမီးအတွက် အရေးကြီးသော ဤလိုအပ်ရာကို လျစ်လျူမရှုပါလေနှင့်! ကလေးအားလုံး သူတို့ပြုလုပ်သည့် ကောင်းသောအရာများအတွက် မှန်မှန်ချီးမွမ်းခံရသင့်ပေသည်။ ယင်းက မိမိတို့လုပ်သမျှ ဘယ်တော့မျှမကောင်းနိုင်ဟု သူတို့ကိုခံယူစေသည့် “အားလျော့စိတ်ပျက်ခြင်း” ဖြင့်ကြီးပြင်းလာမည့် အန္တရာယ်ကိုလျော့နည်းစေပေမည်။—ကောလောသဲ ၃:၂၁။
ဆက်သွယ်ရေး
သင့်သားသမီးအား မေတ္တာကိုဖော်ပြရန် နောက်ထပ်နည်းလမ်းကောင်းမှာ ယာကုပ် ၁:၁၉ ပါဆုံးမစကားကို လိုက်လျှောက်ခြင်းဖြစ်သည်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေးကြစေ။” သင့်ကလေးများကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ခွင့်ပေးပြီး သူတို့ပြောလိုသောအရာကို အမှန်တကယ်နားထောင်ပေးသလော။ အကယ်၍ သင်သည် သူတို့ပြောဆိုချက်မဆုံးမီပင် သူတို့အား ပြစ်တင်ဆုံးမမည် သို့မဟုတ် သူတို့ အမှန်တကယ်ခံစားရာကို သင်သိရှိသောအခါ ဒေါသထွက်မည်ဟု သူတို့သိရှိထားပါက သူတို့သည် မိမိတို့၏ခံစားချက်များကို ရေငုံနှုတ်ပိတ်၍နေပေမည်။ သို့သော် သင်သည်အမှန်တကယ်နားထောင်ပေးသူဖြစ်ကြောင်း သူတို့သိထားပါက သင့်ထံအတွင်းကျကျရင်ဖွင့်ချင်ပေမည်။—သု. ၂၀:၅ နှိုင်းယှဉ်။
သို့သော် မှားသည်ဟု သင်သိရှိထားသောခံစားချက်ကို သူတို့က ရင်ဖွင့်ခဲ့လျှင်ကော။ ယင်းသည် ဒေါသဖြင့်တုံ့ပြန်ဖို့၊ ပြစ်တင်ဆုံးမ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့အချိန်လော။ ကလေးဆန်ဆန်ဒေါသပေါက်ကွဲခြင်းက “စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေး” ရန်ခက်ခဲစေနိုင်ပေသည်။ သို့သော် ဘုရားသခင့်သားသမီးများနှင့်ပတ်သက်၍ ကိုယ်တော့်ပုံနမူနာတော်ကို ထပ်မံသုံးသပ်ကြည့်ပါ။ ကိုယ်တော်၏သားသမီးတို့သည် မိမိတို့အမှန်တကယ်ခံစားရာကို ကိုယ်တော်အားပြောပြရန် မဝံ့မရဲဖြစ်စေဖို့ စိတ်ညှိုးငယ်ကြောက်ရွံ့ ခြင်းအခြေအနေမျိုးကို ကိုယ်တော်ဖန်တီးပါသလော။ လုံးဝမဖန်တီးပါ! ဆာလံ ၆၂:၈ ကဤသို့ဆိုသည်– “အိုလူများတို့၊ ဘုရားသခင်၌အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌စိတ်နှလုံးဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။”
သောဒုံနှင့်ဂေါမောရမြို့တို့ကို ဘုရားသခင်ဖျက်ဆီးဖို့ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အာဗြဟံစိုးရိမ်ပူပန်သောအခါ သူသည် မိမိ၏ကောင်းကင်ခမည်းတော်ကို ဤသို့ပြောဆိုရန် တုံ့ဆိုင်းခြင်းမရှိခဲ့ပါ– “ထိုသို့ . . . အမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။” ယေဟောဝါသည် အာဗြဟံကို ပြစ်တင်ကြိမ်းမောင်းခြင်း မပြုလုပ်ခဲ့ပါ; သူ့ကို ကိုယ်တော်နားထောင်၍ သူ၏ပူပန်ခြင်းကိုနှစ်သိမ့်ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀-၃၃) ကိုယ်တော်၏သားသမီးများက တော်တည့်မှန်ကန်မှုနှင့် ကျိုးကြောင်းညီညွတ်မှုမရှိသောခံစားချက်ကို ဖွင့်ဟသောအခါ၌ပင်လျှင် ဘုရားသခင်သည် မှတ်သားဖွယ်ကောင်းလောက်အောင် စိတ်ရှည်၍ နူးညံ့သိမ်မွေ့တော်မူ၏။—ယောန ၃:၁၀–၄:၁၁။
ထိုနည်းတူမိဘများလည်း မည်မျှပင်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါစေ သားသမီးတို့၏အတွင်းအကျဆုံးသောခံစားချက်များကို စိတ်ချလက်ချဖော်ပြနိုင်သည့် ခံစားမှုမျိုးဖြစ်စေမည့် အခြေအနေကိုဖန်တီးပေးရန် လိုအပ်သည်။ ထို့ကြောင့် သင့်သားသမီးသည် စိတ်ထက်သန်စွာပေါက်ကွဲ၍ ပြောဆိုခဲ့လျှင် နားထောင်ပေးပါ။ အော်ငေါက်ဆူပူမည့်အစား ကလေး၏ခံစားချက်များကို အသိအမှတ်ပြုကာ အကြောင်းရင်းများကို ဖော်ထုတ်ပါ။ ဥပမာ၊ သင် ဤသို့ပြောနိုင်ပေမည်– ‘မင်းကြည့်ရတာ ဘယ်သူဘယ်ဝါကို စိတ်ဆိုးနေပုံရတယ်။ ဘာဖြစ်တာလဲဆိုတာ ပြောပြပါလား။’
ဒေါသကို ချုပ်တည်းခြင်း
မှန်ပါသည်၊ အဘယ်မိဘမဆို ယေဟောဝါကဲ့သို့ စိတ်ရှည်နိုင်မည်မဟုတ်ချေ။ ထို့အပြင် သားသမီးတို့သည် မိဘတို့၏စိတ်ရှည်ခြင်းကို အကန့်အသတ်ကုန်သည်အထိ စမ်းသပ်ကြည့်ပေမည်။ အခါအားလျော်စွာ သင့်သားသမီးအပေါ် ဒေါသထွက်မိလျှင် ယင်းက သင့်အား မိဘဆိုးဖြစ်စေမည်ဟု မစိုးရိမ်လိုက်ပါနှင့်။ တစ်ခါတစ်ရံ သင် ဒေါသထွက်သင့်ပေမည်။ ဘုရားသခင်ကိုယ်တော်တိုင် မိမိအလွန်ချစ်မြတ်နိုးသော သားသမီးအချို့ကိုပင်လျှင် ဒေါသထွက်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၄; တရားဟောရာ ၃၄:၁၀) သို့ဖြစ်လင့်ကစား ကိုယ်တော့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့၏ဒေါသကိုချုပ်တည်းရန် သွန်သင်ပေးသည်။—ဧဖက် ၄:၂၆။
မည်သို့ ပြုလုပ်မည်နည်း။ တစ်ခါတစ်ရံ အချိန်အနည်းငယ်ကြာ အပြောင်းအလဲပြုလိုက်ခြင်းဖြင့် သင်၏ဒေါသပြေသွားစေဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်စေပေလိမ့်မည်။ (သု. ၁၇:၁၄) ထို့အပြင် ကလေးတစ်ဦးဖြစ်ကြောင်း သတိရပါ! လူကြီးအပြုအမူ သို့မဟုတ် ရင့်ကျက်သောအတွေးအခေါ်ကို မမျှော်လင့်ပါနှင့်။ (၁ ကောရိန္သု ၁၃:၁၁) သင့်ကလေးမှာ ထိုသို့အဘယ်ကြောင့်ပြုရကြောင်း နားလည်ခြင်းက သင့်ဒေါသကို ဖြေဖျောက်စေပေမည်။ (သု. ၁၉:၁၁) အဆိုးကိုပြုခြင်းနှင့် ဆိုးသောသူဖြစ်ခြင်းမှာ အလွန်ကွာခြားကြောင်း မည်သည့်အခါမျှမမေ့ပါနှင့်။ ဆိုးသွမ်းမှုအတွက် အော်ဟစ်ငေါက်ငေါ်ခြင်းက ကလေးကို ‘ဘာကြောင့် ကောင်းအောင်ကြိုးစားရမှာလဲ’ ဟုစဉ်းစားစေပေမည်။ သို့သော် မေတ္တာပါပါအမှားကိုပြုပြင်ပေးခြင်းက နောက်တစ်ကြိမ်တွင် ထိုကလေးကို တိုးတက်စေဖို့ ကူညီပေးရာကျပေမည်။
စည်းကမ်းသေဝပ်မှုနှင့် ရိုသေလေးစားမှုကို ထိန်းသိမ်းထားခြင်း
စည်းကမ်းသေဝပ်၍ ရိုသေလေးစားတတ်သည့်စိတ်ထားကို သားသမီးများအားသင်ပေးခြင်းသည် မိဘများရင်ဆိုင်ရသော ကြီးမားသည့်စိန်ခေါ်ချက်များထဲမှ တစ်ရပ်ဖြစ်သည်။ ပေါက်လွှတ်ပဲစားဖြစ်နေသော ယနေ့လောကတွင် အများက သားသမီးများကို ထိန်းကွပ်ခြင်းမှာ သင့်တော်ပါမည်လောဟု စဉ်းစားကြသည်။ သမ္မာကျမ်းစာက ဤသို့အဖြေပေးထားသည်– “ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။ တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏။” (သု. ၂၉:၁၅) အချို့က “ကြိမ်လုံး” ဟူသောစကားကိုကြားလျှင် ယင်းသည် ကလေးကိုမတရားပြုခြင်းတွင် တစ်မျိုးအပါအဝင်ဖြစ်သည်ဟုယူမှတ်ကာ တွန့်ဆုတ်တတ်ကြသည်။ သို့သော် ယင်းသို့မဟုတ်ပါ။ “ကြိမ်လုံး” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် သိုးထိန်းတစ်ဦးက မိမိ၏သိုးများကို ထိခိုက်စေရန်မဟုတ်ဘဲ လမ်းညွှန်ရန်တွင် အသုံးပြုသည့်တောင်ဝှေးကို ရည်ညွှန်းသည်။a သို့ဖြစ်၍ ကြိမ်လုံးသည် ဆုံးမပဲ့ပြင်ခြင်းကို ကိုယ်စားပြုလေသည်။
သမ္မာကျမ်းစာတွင် ဆုံးမပဲ့ပြင်ခြင်း၏ အဓိကဆိုလိုရင်းမှာ သင်ကြားပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ နယပုံပြင်ကျမ်းတွင် ‘ဆုံးမခြင်းကို နားထောင်ဖို့’ လေးကြိမ်ခန့် ပြောထားခြင်းဖြစ်သည်။ (သု. ၁:၈; ၄:၁; ၈:၃၃; ၁၉:၂၇) တော်မှန်ရာကိုပြုလုပ်ခြင်းက ဆုကျေးဇူးရရှိစေပြီး အမှားကိုပြုလုပ်ခြင်းအားဖြင့် ဆိုးကျိုးများရရှိစေနိုင်ကြောင်းကို သားသမီးများအနေဖြင့် သိရှိထားရန်လိုအပ်ပေသည်။ အပြစ်ဒဏ်ပေးခြင်းက မှားယွင်းသောအပြုအမူအတွက် ထိရောက်သောသင်ခန်းစာဖြစ်စေသကဲ့သို့ ချီးမွမ်းပေးခြင်းကဲ့သို့သော ဆုပေးခြင်းက ကောင်းသောအပြုအမူအတွက် အားဖြည့်ပေးစေသည်။ (တရားဟောရာ ၁၁:၂၆-၂၈ နှိုင်းယှဉ်။) ဘုရားသခင်သည် မိမိ၏လူမျိုးကို “အတော်အတန်” ဆုံးမမည်ဟု မိန့်မှာတော်မူခဲ့သည်ဖြစ်ရာ မိဘများလည်း အပြစ်ပေးသောအခါတွင် ဘုရားသခင့်ပုံနမူနာတော်ကို တုပခြင်းသည် အကောင်းဆုံးဖြစ်သည်။ (ယေရမိ ၄၆:၂၈) အချို့ကလေးများသည် အနည်းငယ်မာသောစကားမျှဖြင့် သူတို့ကိုတည့်မတ်ပေးနိုင်သည်။ အခြားသူတို့မှာမူ ထိုထက်ပို၍ခိုင်မာဖို့ လိုအပ်သည်။ သို့သော် “အတော်အတန်” ဆုံးမမှုဆိုရာတွင် ကလေးတစ်ဦးအား စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာတွင် အမှန်တကယ်ထိခိုက်နစ်နာစေသည့် အဘယ်အရာမဆို မည်သည့်အခါမျှပါဝင်မည်မဟုတ်ချေ။
ဟန်ချက်ညီသောဆုံးမပဲ့ပြင်မှုတွင် သားသမီးတို့ကို စည်းများ၊ အကန့်အသတ်များနှင့်ပတ်သက်၍ သွန်သင်ပေးခြင်းပါဝင်သည်။ ယင်းတို့ထဲမှများစွာကို ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ထင်ထင်ရှားရှားအတိအကျဖော်ပြထားသည်။ သမ္မာကျမ်းစာက သူတစ်ပါးပိုင်မြေ၏ နယ်နိမိတ်ကို လေးစားရမည်ဖြစ်ကြောင်း သွန်သင်ထားသည်။ (တရားဟောရာ ၁၉:၁၄) ယင်းက အကြမ်းဖက်မှုကိုနှစ်သက်ခြင်း သို့မဟုတ် အခြားသူအား တမင်တကာထိခိုက်နစ်နာစေခြင်းသည်မှားကြောင်း ကာယရေးဆိုင်ရာစည်းများကို ချမှတ်ပေးသည်။ (ဆာလံ ၁၁:၅; မဿဲ ၇:၁၂) လိင်ဆိုင်ရာစည်းများကို ပြဋ္ဌာန်းထားကာ သွေးသားနီးသူချင်း ကာမဆက်ဆံခြင်းကို ပြစ်တင်ရှုတ်ချထားသည်။ (ဝတ်ပြုရာ ၁၈:၆-၁၈) တစ်ဦးတစ်ယောက်ကို စက်ဆုပ်စရာအခေါ်အဝေါ်များဖြင့် ခေါ်ဆိုခြင်း သို့မဟုတ် အခြားပုံစံနှင့် နှုတ်ဖြင့်မတော်မလျော်ပြောခြင်းကို တားမြစ်ထားခြင်းဖြင့် ယင်းက ကိုယ်ကာယဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာစည်းများကိုပင် အသိအမှတ်ပြုထားပါသည်။ (မဿဲ ၅:၂၂) ပျော်ရွှင်သောမိသားစုအခြေအနေကို ဖန်တီးပေးရန် သားသမီးများကို ဤအကန့်အသတ်များနှင့် စည်းများကို သွန်သင်ပေးခြင်း—အပြောနှင့် ပုံနမူနာနှစ်ရပ်စလုံး အလွန်ပင်အရေးကြီး၏။
မိသားစုအတွင်း စည်းကမ်းသေဝပ်မှုနှင့် ရိုသေလေးစားမှုကို ထိန်းသိမ်းထားနိုင်ရန် အခြားသော့ချက်တစ်ခုမှ မိသားစုအခန်းကဏ္ဍများကို နားလည်ခြင်းဖြစ်သည်။ ယနေ့ မိသားစုများစွာတွင် ထိုသို့သောအခန်းကဏ္ဍများသည် မသဲမကွဲဖြစ်နေသည် သို့မဟုတ် ရှုပ်ထွေး၍နေသည်။ အချို့မိသားစုတွင် မိဘတစ်ဦးသည် ကလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသောပြဿနာများ၊ ကလေးအနေဖြင့် ဖြေရှင်းရန်မတတ်နိုင်သောပြဿနာများကို ရင်ဖွင့်ပေလိမ့်မည်။ အခြားတွင်မူ ကလေးများကို အာဏာရှင်ပေါက်စဖြစ်စေဖို့၊ မိသားစုတစ်စုလုံးအတွက် ဆုံးဖြတ်ချက်များချမှတ်ဖို့ ခွင့်ပြုထားလေသည်။ ထို့သိုပြုလုပ်ခြင်းသည် မှားယွင်းပြီး အန္တရာယ်ရှိလှသည်။ မိဘများသည် သူတို့ကလေးငယ်များ၏ လိုအပ်ရာများ—ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာဖြစ်စေ—ကို ပံ့ပိုးပေးဖို့တာဝန်ရှိသည်။ ယင်းကို သားသမီးကပြုရန် မဟုတ်ချေ။ (၂ ကောရိန္သု ၁၂:၁၄; ၁ တိမောသေ ၅:၈) ယာကုပ်၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ မိသားစုတစ်စုလုံးနှင့် နောက်လိုက်နောက်ပါတို့၏သွားနှုန်းကို လိုသလိုချိန်ညှိပေးခဲ့ရာ လူမမယ်လေးများအတွက် အလွန်ခက်ခဲမှုမဖြစ်စေခဲ့ပါ။ သူသည် သူတို့၏အားနည်းချက်များကို နားလည်ပေးပြီး ယင်းနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။—ကမ္ဘာဦး ၃၃:၁၃၊ ၁၄။
ဝိညာဉ်ရေးဆိုင်ရာလိုအပ်ရာများကို ဂရုစိုက်ပေးခြင်း
ပျော်ရွှင်သောမိသားစုအသိုင်းအဝိုင်းအတွက် ဝိညာဉ်ရေးရာလိုအပ်မှုထက် သာ၍အရေးကြီးနိုင်သောအရာမရှိချေ။ (မဿဲ ၅:၃၊ ကဘ) ကလေးတို့တွင် ဝိညာဉ်ရေးရာအတွက် စွမ်းရည်များစွာရှိလေသည်။ သူတို့တွင် မေးစရာမေးခွန်းများ ပြည့်နှက်လျက်ရှိသည်– ကျွန်တော်တို့ ဘာကြောင့်အသက်ရှင်နေကြတာလဲ။ ကမ္ဘာမြေကြီးနဲ့ တိရစ္ဆာန်တွေ၊ သစ်ပင်တွေနဲ့ သမုဒ္ဒရာတွေကို ဘယ်သူလုပ်တာလဲ။ လူ ဘာကြောင့်သေရတာလဲ။ အဲဒီနောက် ဘာဖြစ်သွားသလဲ။ လူကောင်းတွေ ဘာကြောင့် အဆိုးကြုံရသလဲ။ မေးခွန်းများမှာ မကုန်နိုင်ဟန်ရှိလေသည်။ များသောအားဖြင့် ထိုသို့သောမေးခွန်းများကို မစဉ်းစားလိုသူများမှာ မိဘများပင်ဖြစ်သည်။b
သမ္မာကျမ်းစာက မိဘများကို သူတို့၏ကလေးများအား ဝိညာဉ်ရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ပေးဖို့အချိန်ပေးရန် တိုက်တွန်းထားသည်။ ယင်းက ထိုသို့သောလေ့ကျင့်ပေးမှုကို မိဘနှင့် သားသမီးစပ်ကြား ရင်းနှီးစွာ အပြန်အလှန်စကားပြောခြင်းအဖြစ် ဖော်ပြထား၏။ မိဘများသည် သူတို့၏ကလေးများကို ခရီးအတူသွားသောအခါ၌ဖြစ်စေ၊ အိမ်၌ထိုင်နေသည့်အခါဖြစ်စေ၊ အိပ်ရာဝင်သည့်အခါဖြစ်စေ—ဖြစ်နိုင်သည့် အခါတိုင်း— ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်အကြောင်း သွန်သင်ပေးနိုင်ပေသည်။—တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄။
သမ္မာကျမ်းစာက ယင်းသို့သောဝိညာဉ်ရေးဆိုင်ရာအစီအစဉ်ကို ထောက်ခံထားရုံမက သင်လိုအပ်သောအရာများကိုလည်း စီမံပေးထားသည်။ အမှန်ဆိုလျှင် အထက်တွင်ဖော်ပြထားသော သားသမီးတို့၏မေးခွန်းများကို သင်မည်သို့အဖြေပေးမည်နည်း။ သမ္မာကျမ်းစာတွင် အဆိုပါအဖြေများ ပါရှိလေသည်။ ယင်းတို့မှာ ရှင်းလင်း၍ အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည့်အပြင် မျှော်လင့်ချက်ကင်းမဲ့နေသော ဤလောကထဲတွင် ကြီးမြတ်လှသောမျှော်လင့်ချက်ကို ပေးလေ၏။ သာ၍ကောင်းသည်မှာ ယနေ့ရှုပ်ထွေးလျက်ရှိသည့်အချိန်တွင် သမ္မာကျမ်းစာပါဉာဏ်ပညာကို ရရှိထားခြင်းက သင့်ကလေးများကို အခိုင်မာဆုံးသောထိန်းကွပ်မှု၊ စိတ်အချရဆုံးသောလမ်းညွှန်မှုကို ပေးလေသည်။ ယင်းကို သူတို့အား ပေးပါ၊ သို့ဖြစ်လျှင် သူတို့သည် ယခုနှင့်အနာဂတ်တွင် အမှန်ပင် တိုးတက်ကောင်းစားမည်တည်း။
[အောက်ခြေမှတ်ချက်များ]
b မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်သည် မိသားစုလိုက်လေ့လာရန်အတွက် ရည်ရွယ်ထားပြီး အိမ်ထောင်ရေးနှင့် သားသမီးမွေးမြူရေးအတွက် ကျမ်းစာအခြေခံသောလက်တွေ့ကျညွှန်ကြားချက် များစွာပါရှိလေသည်။ ယင်းကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းနယူးယောက်မှထုတ်ဝေသည်။
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
သင့်ကလေး၏ ချီးမွမ်းစရာအကွက်ကို ပုံမှန်ရှာပါလေ
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
သားသမီးများ တိုးတက်ထွန်းကားရန် ကူညီပေးနိုင်ပုံ
• မေတ္တာထားခံရသည်၊ မိမိအရာဝင်သည်ဟူသော ခံစားချက်မျိုး သူတို့ရရှိစေသည့် လုံခြုံစိတ်ချရသောအခြေအနေမျိုး ဖန်တီးပေးပါ
• သူတို့ကို ပုံမှန်ချီးမွမ်းပေးပါ။ သတ်သတ်မှတ်မှတ်ဖြစ်ပါစေ
• ကောင်းစွာနားထောင်သူ ဖြစ်ပါ
• ထောင်းကနဲဒေါသထွက်သောအခါ စိတ်အပြောင်းအလဲပြုလိုက်ပါ
• ရှင်းလင်း၍တစ်သမတ်တည်းရှိသော စည်းများနှင့် အကန့်အသတ်များကို ချမှတ်ပါ
• ကလေးတစ်ဦးစီ၏ လိုအပ်ချက်နှင့်အညီ ပဲ့ပြင်ဆုံးမပါ
• သင့်သားသမီးထံမှ ကျိုးကြောင်းညီညွတ်စွာထက် ကျော်လွန်၍မမျှော်လင့်ပါနှင့်
• ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပုံမှန်လေ့လာခြင်းဖြင့် ဝိညာဉ်ရေးလိုအပ်ရာအတွက် ဂရုစိုက်ပေးပါ
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ခေတ်ရှေ့ပြေး
သမ္မာကျမ်းစာဆုံးမသွန်သင်ချက်များသည် ရှေးဣသရေလလူတို့ကို အနီးအနားဝန်းကျင်ရှိနိုင်ငံများထက် များစွာသာလွန်လှသော မိသားစုဘဝစံနှုန်းတစ်ခုတွင် မွေ့လျော်ဖို့ကူညီပေးသည်။ သမိုင်းပညာရှင် အဲလ်ဖရက်ဒ် အဲဒ်ရရှင်မ်က ဤသို့မှတ်ချက်ချသည်– “ဣသရေလမဟုတ်သူတို့၏ဘောင်တွင် ကျွန်ုပ်တို့နားလည်ထားသော မိသားစုဘဝ သို့မဟုတ် မိသားစုတည်ရှိသည်ဟု ပြော၍မရနိုင်လောက်အောင်ဖြစ်သည်။” ဥပမာ၊ ရှေးရောမတို့တွင် ဥပဒေက မိသားစု၌ ဖခင်ဖြစ်သူကို အာဏာကုန်ပေးအပ်ထားသည်။ သူသည် ပြစ်ဒဏ်မခံရဘဲ မိမိ၏သားသမီးကို ကျွန်အဖြစ်ရောင်းစားနိုင်သည်၊ အလုပ်သမားများကဲ့သို့ အလုပ်လုပ်ခိုင်းနိုင်သည် သို့မဟုတ် သူတို့ကို သတ်ပိုင်ခွင့်ပင်ရှိသည်။
သားသမီးများအပေါ် ဂျူးတို့၏ ညင်သာစွာဆက်ဆံခြင်းက အချို့ရောမတို့အဖို့ အထူးအဆန်းဖြစ်စေသည်။ အမှန်မှာ ပထမရာစုနှစ်ရှိ ရောမသမိုင်းပညာရှင် တက်စီးတပ်စ်က ဂျူးတို့အား ရွံရှာမုန်းတီးခြင်းစာပိုဒ်ကို ရေးသားခဲ့ရာတွင် သူတို့၏ဓလေ့ထုံးစံများသည် “အမှန်တရားမှလွဲချော်နေပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်” ဟုဆိုထားသည်။ သို့သော်လည်း သူဤသို့အသိအမှတ်ပြုခဲ့သည်– “သူတို့အသိုင်းအဝိုင်းတွင် မွေးကင်းစကလေးတစ်စုံတစ်ဦးကို သတ်ပစ်ခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်သည်။”
သမ္မာကျမ်းစာက အလွန်မြင့်မားသော စံနှုန်းပေးထားပါသည်။ သားသမီးတို့သည် အလွန်မြတ်နိုးဖွယ်ဖြစ်ကြောင်း—အမှန်အားဖြင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ အမွေဥစ္စာအဖြစ်ရှုမြင်ဖို့—ယင်းနှင့်အညီ ပြုမူဆက်ဆံရမည်ဖြစ်ကြောင်း သွန်သင်ထားပါသည်။ (ဆာလံ ၁၂၇:၃) ထင်ရှားသည်မှာ များစွာတို့သည် အဆိုပါဆုံးမစကားနှင့်အညီ အသက်ရှင်နေထိုင်ကြသည်။ သူတို့၏ ဘာသာစကားထဲ၌ပင် ဤဆက်နွှယ်မှုထင်ရှားလျက်ရှိသည်။ ရှေးဟေဗြဲလူမျိုးတို့တွင် သားနှင့် သမီးကိုခေါ်ဝေါ်ရန်စကားလုံးများအပြင် အသက်အရွယ်အသီးသီးကိုလိုက်၍ ကလေးများကိုခေါ်ဝေါ်ရန် စကားလုံးကိုးလုံးရှိခဲ့ကြောင်း အဲဒ်ရရှင်မ်က ဖော်ပြထားသည်။ ဥပမာ၊ နို့စို့နေဆဲ ကလေးတစ်ဦးကိုခေါ်ရန် စကားလုံးတစ်လုံးရှိပြီး နို့ပြတ်သွားသောကလေးတစ်ဦးကိုခေါ်ရန် နောက်ထပ်စကားလုံးရှိသည်။ အနည်းငယ်ကြီးလာပြီးဖြစ်သောကလေးတို့ကို ခေါ်ဝေါ်ရန် မြဲမြံသန်စွမ်းလာပြီဟု အဓိပ္ပာယ်သက်ရောက်သော စကားလုံးရှိသည်။ ထို့အပြင် ကြီးပြင်းလာပြီဖြစ်သောလူငယ်တို့အတွက် ‘လွတ်လွတ်လပ်လပ် လှုပ်ခါသည်’ ဟုစာသားအတိုင်းအဓိပ္ပာယ်သက်ရောက်သည့် စကားလုံးရှိသည်။ အဲဒ်ရရှင်မ်က ဤသို့မှတ်ချက်ချသည်– “ကြီးပြင်းလာပုံအဆင့်ဆင့်ကို အမည်တပ်ရန် ကလေး၏အသက်တာကို စိတ်ဝင်တစားစောင့်ကြည့်သူများသည် မိမိတို့ကလေးများ၏ ရင်းနှီးတွယ်တာမှုကို ခံရမည်မှာ သေချာသည်။”