သန္တာကျောက်တန်းများ၏ ရောင်စုံဖြာသည့်ကမ္ဘာ
ပါပူဝါနယူးဂီနီမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ပါပူဝါနယူးဂီနီကမ်းရိုးတန်းတစ်လျှောက်လုံးနီးပါးတွင် သန္တာကျောက်တန်းများကိုတွေ့ရှိရသည်။ ရှေးလွန်လေပြီးသောအချိန်က သင်္ဘောသားများသည် ယင်းတို့ကို အန္တရာယ်သက်သက်မျှသာရှုမြင်ကြသည်။ သို့သော် မိမိတို့ပတ်လည်တွင်ရှိသောရေကို စူးစမ်းလေ့လာသူများအတွက်မူ သန္တာကျောက်တန်းများသည် ရုပ်စုံမှန်ပြောင်းသဖွယ်ဖြစ်သည့် အလွန်လှပသော၊ အရောင်အသွေးစုံလင်၍ ဆိတ်ငြိမ်သော ရေအောက်ကမ္ဘာ၏ တံခါးဝများဖြစ်သည်!
ရေအောက်ကမ္ဘာတွင် ဓာတ်ပုံရိုက်ယူနိုင်ဖို့ ကြိုးစားခြင်းသည် အမှန်ပင်စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ အကြောင်းတစ်ခုမှာ ရေအောက်ရှိအရာဝတ္ထုများသည် ၎င်းတို့အမှန်တည်ရှိသည့်အကွာအဝေး၏ လေးပုံသုံးပုံခန့်တွင် တည်ရှိသည်ဟုထင်မှတ်ရသည့်အတွက် ပုံကိုချိန်ယူရန်ခက်ခဲသည်။ ရေက အလင်းကိုစုပ်ယူနိုင်သည်၊ ပြန့်ကျဲစေနိုင်သည်၊ ယိုင်စေနိုင်သည်။ ရာသီဥတု၊ နေထောင့်၊ အယ်လဂျီနှင့် မျောလှေးများရှိခြင်း၊ ရေအတိမ်အနက်၊ ပင်လယ်အောက်ခြေအမျိုးအစားနှင့် အရောင်အသွေးတို့ပေါ်မူတည်၍ အရောင်အမျိုးမျိုးစုံလင်နိုင်သည်။ ပို၍ခက်ခဲစေသည်မှာ ရေ၊ အရိုက်ခံရသည့်အရာဝတ္ထုနှင့်၊ ရိုက်သူကိုယ်တိုင်တို့၏ အဆက်မပြတ်လှုပ်ရှားမှုတို့ကြောင့်ဖြစ်သည်!
သို့ဖြစ်စေကာမူ ဓာတ်ပုံဆရာအချို့တို့သည် ဤကိစ္စတွင် အတော်အတန်အောင်မြင်ခဲ့ကြသည်။ ဤတွင်သင်တွေ့ မြင်ရသောပုံများမှာ ရေအောက်လေ့လာရေးခရီးစဉ်အတွင်း ရိုက်ယူထားခြင်းဖြစ်သည်။ ပင်လယ်ရေအောက်တွင် ရိုက်ယူထားသော ဆွဲဆောင်မှုရှိသည့်သတ္တဝါလေးမျိုးနှင့် မိတ်ဆက်ပေးပါရစေ။
ပုံ ၁ မှာကျားသစ်ပြောက်ကြွေပုပ် (Cypraea tigris) ဟုခေါ်သည့် လှပသောပင်လယ်နေသတ္တဝါဖြစ်သည်။ ၎င်းအမည်ဆန်းပြားရခြင်းမှာ အစင်းများဖြင့်မဟုတ်ဘဲ အပြောက်များဖြင့် လက်ရာပြောင်မြောက်စွာ ပုံဖော်ထားသည့်အခွံကြောင့်ဖြစ်သည်။ ကျားသစ်ပြောက်ကြွေပုပ်ကို ဤနေရာတွင်တွေ့ ရှိရခြင်းမှာ ယင်းသည် သန္တာနှင့် ရေမြှုပ်ကောင်များကိုစားသောက်သောကြောင့်ဖြစ်သည်။ ရှေးခေတ်တရုတ်လူမျိုးများသည် ယင်းကိုအထူးစွဲမက်ကြသောကြောင့် ၎င်းအခွံကိုငွေကြေးပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ပါပူဝါနယူးဂီနီရှိ တိုင်းရင်းသားလူမျိုးများ၏ဈေးအချို့တွင် ကြွေပုပ်များကို ငွေအကြွေအဖြစ်အသုံးပြုကြဆဲဖြစ်သည်။ သို့သော် ဒေသအများစုရှိဒေသခံများသည် ယင်းတို့၏ပြောင်လက်သောအခွံ၏ အလှသက်သက်ကြောင့် စုသိမ်းကြခြင်းဖြစ်သည်။
ပုံ ၂ မှာအရောင်အသွေးလှပသော ပြွန်တီကောင် (Spiro-branchus giganteus) ဖြစ်သည်။ ယင်းသည် သန္တာအသေကောင်ပေါ် သို့မဟုတ် သန္တာအရှင်ထဲတွင် တိုးဝင်နေထိုင်ကြသည်။ ငြိမ်နေသောအခါ ပန်းတစ်ပွင့်နှင့်တူသည်။ သို့ရာတွင် ဆာလာသည့်အခါ ဖြတ်သန်းသွားသောအစာအစအနများကိုဖမ်းယူဖို့ ယင်း၏စမ်းလက်တံများကို “ပိုက်ကွန်” ဖြစ်စေရန် အလျင်အမြန်ဆန့်တန်းလိုက်သည်။ ငှက်မွေးတောင်များနှင့်တူသော ယင်း၏စမ်းလက်တံများကို ရွေ့လျားသည့်အခါ မိမိတို့၏ယပ်တောင်များကို ဝှေ့ယမ်းနေသည့် ကချေသည်အတန်းလေးနှင့်တူသည်။ ဤသတ္တဝါဆန်းသည် အနံအားဖြင့် တစ်လက်မ၏ရှစ်ပုံသုံးပုံသာရှိသည်။ သို့သော် ဓာတ်ပုံဆရာများသည် ရုတ်တရက်လှုပ်ရှားမှုမပြုမိရန်သတိထားရမည်။ ပထမဆုံးအန္တရာယ်အရိပ်အယောင်တွေ့သည်နှင့် နူးညံ့သိမ်မွေ့သော ဤအကောင်ငယ်လေးသည် ယင်းတို့၏အရိုးအိမ်ထဲသို့ ရုတ်ခြည်းပြန်ဝင်သွားသည်။
ပုံ ၃ မှာရေမြှုပ်ကောင်ဖြစ်သည်။ ယင်းသည် သင့်ရေချိုးဇလုံတွင် ပေါလောမျောနေသော လူလုပ်ရေမြှုပ်နှင့်တော့မတူပါ။ ရေမြှုပ်ကောင်ဆိုသည်မှာ အမှန်အားဖြင့် အပင်မဟုတ်ဘဲ သက်ရှိသတ္တဝါဖြစ်သည်။ ယင်းသည် အထူးခြားဆုံးနည်းဖြင့် အတူတကွလှုပ်ရှားကြသည့် ရေစိမ့်ဝင်နိုင်သောဆဲလ်အစုအဝေးဖြစ်သည်။ ရေမြှုပ်ကောင်၏ဆဲလ်များသည် “အနီးကပ်ဖွဲ့စည်းထားခြင်းမရှိသကဲ့သို့ အပြန်အလှန်မှီခိုခြင်းလည်းမရှိပေ။ ထို့ကြောင့် သက်ရှိရေမြှုပ်ကောင်တစ်ကောင်သည် အစိတ်စိတ်အမြွှာမြွှာကွဲသွားပါက အပိုင်းအစတစ်ခုစီသည် တဖြည်းဖြည်းနှင့် ရေမြှုပ်ကောင်သစ်ဖြစ်လာသည်။ ဆဲလ်တစ်ခုချင်း ကွဲထွက်သွားလျှင်ပင် ယင်းတို့သည် အမီးဗားကဲ့သို့တွန့်လိမ်ရွေ့လျားကာ နောက်ဆုံးတွင် ရေမြှုပ်ကောင်တစ်ခုလုံးအဖြစ် ပြန်လည်စုစည်းလာသည်” ဟုရေအောက်ကမ္ဘာ ဟူသည့်စာအုပ်ကဆိုသည်။
အစာကိုကိုယ်တိုင်ထုတ်လုပ်သော အပင်တစ်ပင်နှင့်မတူဘဲ ရေမြှုပ်ကောင်သည် ယင်း၏အစာကို “ဖမ်းယူ” သည်။ ပတ်ဝန်းကျင်ရှိရေကိုစုပ်ယူ၍ ဇီဝပစ္စည်းရရန် ရေကိုစစ်ထုတ်လိုက်သည်။ အခြားသတ္တဝါများကဲ့သို့ပင် ၎င်းသည် အစာချေပြီးနောက် အညစ်အကြေးများကို စွန့်ထုတ်လိုက်သည်။ သမုဒ္ဒရာကြမ်းပြင်ရှိ ကျောက်ဆောင်များ သို့မဟုတ် ကနုကမာများပေါ်တွင် ရေမြှုပ်ကောင်များတွယ်ကပ်သည်ကို သင်တွေ့ရပါလိမ့်မည်။
နောက်ဆုံးပုံ ၄ မှာ အဆင့်နိမ့်သော ကျားလက်သည်းခုံးဖြစ်သည်။ ယင်းသည် ငြိမ်သက်နေပြီး သန္တာကျောက်တန်းများတွင်ဖြစ်စေ သမုဒ္ဒရာကြမ်းပြင်ပေါ်တွင်ဖြစ်စေ ငြိမ်နေသည်ကိုအလွယ်တကူတွေ့ ရှိနိုင်ပါသည်။ အများစုမှာ ရေထဲမှမျှောလှေးကိုစစ်ယူ၍ စားကြသည်။ ကျားလက်သည်းကောင်သည် အခွံနှစ်ခုရှိသောကြောင့် အခွံနှစ်ခြမ်းရှိသောမိုလတ်ဟုခေါ်သည်။ ဤအခွံနှစ်ခုကို အဆက်ရွတ်ဖြင့်ပေါင်းစည်းထားကာ သန်မာသောကြွက်သားနှစ်ခုဖြင့် အဖွင့်၊ အပိတ်ပြုလုပ်သည်။ ကျားလက်သည်းကောင်သည် ရွေ့လျားလိုသောအခါ အခွံနှစ်ခြမ်းကိုဟထားကာ ၎င်း၏အသားခြေတံသည် အနည်းငယ်ထွက်လာလေသည်။ သို့သော် ရန်သူချဉ်းကပ်လာလျှင် ၎င်း၏အခွံအတွင်းပြန်ဝင်သွားကာ ‘ငြိမ်နေ’ လိုက်သည်!
ဤပုံများသည် သန္တာပင်လယ်—ယေဟောဝါ၏ ဖန်ဆင်းခြင်းဆိုင်ရာဉာဏ်ပညာတော် ထင်ရှားပေါ်လွင်သည့် နောက်ထပ်နေရာတစ်ခု—တွင် ကျွန်ုပ်တို့တွေ့နိုင်သော အံ့မခန်းဖွယ်မြင်ကွင်း၏ တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။—ရောမ ၁:၂၀။
[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံများ]
၁။ ကျားသစ်ပြောက်ကြွေပုပ်ကို ငွေကြေးအဖြစ်အသုံးပြုဆဲဖြစ်သည်
၂။ ဤ “ပန်းများ” သည်အမှန်အား ဖြင့် ပြွန်တီကောင်များဖြစ်သည်
၃။ ရေမြှုပ်ကောင်သည် သတ္တဝါ ဖြစ်သည်၊ အပင်မဟုတ်ပါ
၄။ ကျားလက်သည်းခုံးက မျှောလှေးကိုစားနေပုံ (ပါးစပ်ကိုဖော်ပြထား)