ကိုးကတ်စ်ကျွန်း—ယင်း၏ဝှက်ထားသောရတနာသိုက်ပုံပြင်များ
ကော့စ်တာရီကာမှ နိုးလော့! သတင်းထောက်ပေးပို့သည်
အနောက်တောင် ကော့စ်တာရီကာကမ်းရိုးတန်းမှမိုင် ၃၀၀ ခန့်ကွာဝေးသည့် ကျွန်းတစ်ကျွန်းသည် ယင်း၏ဝှက်ထားသောရတနာသိုက်ပုံပြင်များကြောင့် ကျော်ကြားလျက်ရှိသည်။ ရောဘတ် လူးအက်စ် စတီဗင်ဆင်သည် သူ၏နာမည်ကြီးသော ရတနာကျွန်း စာအုပ်ကို ယင်းတွင် ဝှက်ထားသောပင်လယ်ဓားပြရတနာသိုက်ပုံပြင်များအပေါ် အခြေခံထားသည်ဟု အချို့ကယုံကြည်ခဲ့ကြ၏။
မြေပုံဆွဲဆရာများနှင့် သင်္ဘောသားများသည် ၁၆ ရာစုနှစ်တွင် ၎င်းကျွန်းကိုတွေ့ရှိချိန်မှစ၍ နာမည်အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ စပိန်စကားပြောဒေသခံတိုင်းရင်းသားများကြားတွင် အဆိုပါကျွန်းသည် အီစ်လား ဒီလ် ကိုကိုး (အုန်းကျွန်း) အမည်တွင်သည်။ ၎င်း၏အင်္ဂလိပ်အမည်မှာ ကိုးကတ်စ်ကျွန်းဖြစ်သည်။
ကော့စ်တာရီကာနှင့် ဂလားပဂက်စ်ကျွန်းတို့ကြားတွင် ကိုးကတ်စ်တောင်တန်းဟုထင်ရှားသော ပင်လယ်အောက်မြေထုတစ်ခုရှိသည်။ ယင်းတောင်တန်းပေါ်တွင်ဖြစ်ပေါ်သော မီးတောင်လှုပ်ရှားမှုက ယင်း၏တစ်ခုတည်းသောကျွန်းကို ဖြစ်ပေါ်စေခဲ့သည်။ မညီမညာကြမ်းတမ်းသော ဤဒေသငယ်လေးသည် ပူနွေးသောပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းတွင် အပူပိုင်းမိုးသစ်တောတစ်ခုအတွက် မိုးရေအလုံအလောက်ရရှိသည့် တစ်ခုတည်းသောအဓိကကျွန်းဖြစ်သည်။ နှစ်တိုင်း ထိုကျွန်းတွင် မိုးရေချိန် ၂၇၅ လက်မခန့်ရွာသွန်းသည်!
၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာ ကိုးလ်ရစ်ဂ်ျက “နေရာတိုင်းမှာ၊ ရေရှိပါလည်း၊ တစ်စက်ကိုမျှ၊ သောက်မရ” ဟူ၍ ရှေးသင်္ဘောသားများ၏အခြေအနေကို ဖော်ပြခဲ့သည်။ သို့သော် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်အတွင်းက ကိုးကတ်စ်ကျွန်း၏ရေချိုသည် ကျွန်းကိုတွေ့ရှိနိုင်သော သင်္ဘောသားများအတွက် သမုဒ္ဒရာအိုအေစစ်တစ်ခုကဲ့သို့ဖြစ်သည်။
ဝှက်ထားသောရတနာသိုက်ပုံပြင်တစ်ပုဒ်
အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးသည် သမုဒ္ဒရာခရီးစဉ်ကို အမှီပြုရစဉ်အခါက နိုင်ငံများ၏ရေပိုင်နက်ပြင်ပ ပင်လယ်ပြင်တွင် လက်နက်ကိုင်တိုက်ခိုက်ခြင်း၊ ပင်လယ်ဓားပြတိုက်ခြင်းတို့သည် လူ့ဘောင်အဖွဲ့အစည်းအတွက် အန္တရာယ်တစ်ခုဖြစ်ခဲ့သည်။ ပင်လယ်ဓားပြအချင်းချင်းလည်း တစ်ဦးကိုတစ်ဦးရန်မူခဲ့ကြသည်။
ကမ်းရိုးတန်းမြို့ငယ်လေးတစ်မြို့ သို့မဟုတ် သင်္ဘောတစ်စင်းကို တိုက်ခိုက်လုယက်၍ရလာသောပစ္စည်းများကို သင်္ဘောသားများက ခွဲဝေယူခဲ့ကြသည်။ သို့ဖြင့် ပင်လယ်ဓားပြတိုင်းသည် မတော်မတရားရရှိထားသော မိမိတို့၏ဝေစုကို မည်သို့လုံခြုံအောင်ထိန်းသိမ်းရမည့် ပြဿနာနှင့်ရင်ဆိုင်ခဲ့ရသည်။ ရွေးချယ်စရာနည်းလမ်းမှာ နောက်ပိုင်း၌ ပြန်ယူရန်ရည်ရွယ်ချက်ဖြင့် ထိုရတနာကို လုံခြုံစိတ်ချရသောနေရာတစ်နေရာတွင် ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ရတနာမြေပုံကို ရေးဆွဲသူသာလျှင် နားလည်၍ အဓိပ္ပာယ်ကောက်ရခက်သော လမ်းညွှန်ချက်များပါရှိသည့် ထိုမြေပုံသည် ဝှက်ထားသောရတနာကိုတွေ့ရှိရန် သော့ချက်ဖြစ်ခဲ့သည်။
ပင်လယ်ဓားပြအုပ်စုတစ်စုသည် ဗဟိုအမေရိက၏ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ သင်္ဘောများနှင့်မြို့များကို အောင်မြင်စွာတိုက်ခိုက်လုယက်သောအခါ ရွှေနှင့်ကျောက်မျက်ရတနာ မြောက်မြားစွာရရှိခဲ့သည်ဟု ကိုးကတ်စ်ကျွန်း၏ရိုးရာပုံပြင်တစ်ပုဒ်က ဖော်ပြသည်။ ကိုးကတ်စ်ကျွန်းတွင် ရေချိုများစွာရှိခြင်းနှင့် အသားကိုကောင်းစွာရရှိ (၁၈ ရာစုအကုန်၌ ဝက်များတင်သွင်း) နိုင်ခြင်းတို့ကြောင့် ထိုအဖွဲ့၏သင်္ဘောကပ္ပတိန်သည် ထိုကျွန်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်။
ထိုပုံပြင်အဆိုအရ လုယက်ယူလာသောပစ္စည်းများကို တစ်နေ့လုံး ခွဲဝေခဲ့ကြ၏။ ရွှေကို အိုးများနှင့်အပြည့်ချိန်ခဲ့ကြသည်။ လောဘကြီးသောအဖော်များ၏လက်ထဲရောက်သွားမည်ကို စိုးရိမ်သောကြောင့် ဓားပြအားလုံးသည် မိမိတို့ဝေစုရတနာများကို ဝှက်ထားရန် ထိုကျွန်းတစ်နေရာရာကို ရွေးချယ်ခဲ့ကြသည်။ ဓားပြတို့သည် ကျွန်း၏ကမ်းရိုးတန်းတစ်လျှောက်ရှိ ချောက်ကမ်းပါးကို ကြိုးများအသုံးပြု၍တွယ်တက်ကာ အပူပိုင်းသစ်တောထဲသို့ အသီးသီးဝင်ရောက်သွားခဲ့ကြသည်။ အချို့တို့သည် သူတို့၏မှတ်ဉာဏ်ကို အားထားကြသော်လည်း အခြားသူတို့မူ ရတနာများကို ပြန်လည်တူးဖော်နိုင်ရန် မိမိတို့သာအဓိပ္ပာယ်ကောက်နိုင်သည့်မြေပုံများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် ပင်ပန်းကြိုးစားမှုအားလုံးသည် အချည်းနှီးမျှသာဖြစ်ခဲ့သည်။ ဓားပြများသည် သူတို့၏ပစ္စည်းများကို ဝှက်ထားပြီးနောက် နောက်ထပ်ရရှိရန်အတွက် သူတို့၏ရွက်သင်္ဘောကြီးဖြင့် အဝေးသို့ ရွက်လွှင့်ခဲ့ကြသည်ဟု သမိုင်းကဆက်ပြီးဆိုသည်။ နောက်သင်္ဘောဆိပ်ကိုရောက်သောအခါ ကပ္ပတိန်သည် ပုန်ကန်မှုဖြစ်မည်ကို စိုးရိမ်သောကြောင့် မသင်္ကာသူများကို ကုန်းပေါ်သို့ချခဲ့ပြီးနောက် ဆက်ရွက်လွှင့်ခဲ့၏။ ထိုသူတို့သည် ပင်လယ်ဓားပြများအဖြစ် ဖော်ထုတ်ခံရပြီး ကြိုးပေးခံရမည်ဟူသောသူ၏မျှော်လင့်ချက်သည် ပြည့်စုံလုနီးပါးဖြစ်ခဲ့သည်။ သို့သော် ကပ္ပတိန်သည် မိမိကို ဖမ်းလိုသောအာဏာပိုင်များနှင့် အပေးအယူလုပ်ခဲ့သော သူ၏ရာထူးအမြင့်ဆုံးသင်္ဘောသားနှစ်ဦး၏ အရည်အချင်းကို ကြိုတင်မှန်းဆရန် ပျက်ကွက်ခဲ့သည်။ ဗြိတိသျှရေတပ်က သင်္ဘောတစ်စင်းကိုစေလွှတ်ကာ ထိုရွက်လွှင့်သင်္ဘောကို အပူတပြင်းရှာဖွေစေခဲ့သည်၊ ရလဒ်မှာ ကပ္ပတိန်နှင့်သူ၏သင်္ဘောသားတို့သည် အဖမ်းခံရပြီး အဆုံးစီရင်ခံခဲ့ရသည်။
လွန်ခဲ့သည့်ရာစုနှစ်တစ်လျှောက် ဤရိုးရာပုံပြင်သည် ရတနာရှာဖွေသူများ၏ မျှော်လင့်ချက်ကိုနှိုးဆွခဲ့သည်။ သို့သော် အောက်ဖော်ပြပါမှတ်တမ်းအရ ရတနာရှာဖွေမည့်သူများသည် ကိုးကတ်စ်ကျွန်းတွင် ရတနာတူးဖော်သည့်ခရီးစဉ်မစမီ လေးလေးနက်နက်စဉ်းစားသင့်သည်။ ၁၈၉၂၊ ဩဂုတ် ၁၄ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် တွင် ပါသောဆောင်းပါးတစ်ပုဒ်က ဒေါ်လာ ၆၀,၀၀၀,၀၀၀ တန်ဖိုးရှိသော ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများကို တွေ့ရှိရန် ကပ္ပတိန်သြဂတ်စ် ဂတ်စ်လာ၏ရှာဖွေခြင်းအကြောင်းကို ဖော်ပြခဲ့သည်။ ဂတ်စ်လာ၏ရတနာရှာပုံတော်သည် မိမိကိုယ်ကို လူ့ယဉ်ကျေးမှုနှင့်အဆက်အသွယ်ပြတ်စေကာ ဤကဲ့သို့သောတောတောင်ကန္တာရထူထပ်သည့်ကျွန်းပေါ်တွင် အဆိုးရွားဆုံးအခြေအနေများကို တွေ့ကြုံစေသည်။ သူသည် ရတနာရှာဖွေရန်အတွက် ကိုယ်ပိုင်ငွေမှ အနည်းဆုံး ဒေါ်လာ ၅၀,၀၀၀ အကုန်ခံကာ ၁၉ နှစ်ကျော်ကြာခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ကိုးကတ်စ်ကျွန်းမှ ဂတ်စ်လာထွက်ခွာခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုအားလုံးအတွက် ရတနာတစ်စိုးတစ်စိမျှမတွေ့ခဲ့ဘဲ မွဲပြာကျခဲ့ကာ စိတ်ဓာတ်ပါကျခဲ့၏။
ထိုကျွန်းပေါ်တွင် ဂတ်စ်လာ ရတနာမတွေ့ရှိခြင်းက လူတိုင်းကို စိတ်မပျက်စေခဲ့ပါ။ ၎င်းကျွန်းသို့ ရှာဖွေရေးအဖွဲ့ ၅၀၀ ထက်မကရောက်ရှိခဲ့သည်။ ရရှိနိုင်သောသတင်းအရ ပုံပြင်ပါပစ္စည်းဥစ္စာများကို မည်သူမျှမတွေ့ရှိခဲ့ချေ။
ကိုးကတ်စ်ကျွန်းပေါ်မှ သဘာဝရတနာများ
မကြာသေးမီက ခြားနားသောရတနာရှာဖွေမှုတစ်မျိုးသည် ကိုးကတ်စ်ကျွန်းသို့ ဆွဲဆောင်ခံရသည်။ ဂေဟဗေဒလိုက်စားသူများသာမက သဘာဝပညာရှင်များနှင့် အခြားသိပ္ပံပညာရှင်များအား ထိုကျွန်း၏သစ်ပင်ပန်းပင်များ၊ တိရစ္ဆာန်များနှင့် ပတ်ဝန်းကျင်ရှိ ပင်လယ်သတ္တဝါများဆိုင်ရာလေ့လာစရာရတနာသိုက်က ဆွဲဆောင်ခဲ့သည်။
၎င်းကျွန်းကို စိမ်းညို့သန်စွမ်းသောအပူပိုင်းဒေသပေါက်ပင်များဖြင့် ဖုံးလွှမ်းထားသည်။ ကျွန်းပေါ်တွင် အင်းဆက်ပိုးမွှားများနှင့် ကျောရိုးမဲ့သတ္တဝါမျိုးစိတ် ၄၅၀ ခန့်ကို သတ်သတ်မှတ်မှတ်ဖော်ထုက်နိုင်သော်လည်း မျိုးစိတ်ပေါင်း ၈၀၀ ကျော်ရှိမည်ဟုခန့်မှန်းပါသည်။ ယင်းတွင် ခက်ခဲကြမ်းတမ်းသောဒေသကို ကွေ့ပတ်ကာ အလွန်မြင့်မားသောချောက်ကမ်းပါးပေါ်မှ အလွန်လှပသောရေတံခွန်အဖြစ်စီးဆင်းနေသည့် မြစ်ပေါင်း ၂၈ စင်းရှိ၏။
ထိုကျွန်းပေါ်ရှိ ငှက်အမျိုးအစားပေါင်း ၉၇ မျိုးမှတစ်မျိုးမှာ ဇင်ယော်ဖြူဖြစ်သည်။ ယင်းဇင်ယော်ဖြူသည် ကျွန်းပေါ်သို့လည်ပတ်ကြသည့် လူတို့ကိုကြောက်ပုံမရဘဲ သူတို့၏ခေါင်းအထက်နားသာသာ လေထဲတွင်ဝဲပျံဆော့ကစားတတ်လေ့ရှိ၏။ ကြည်နူးဖွယ်ဖြစ်စေသော ယင်းအလေ့အထကြောင့် ၎င်းငှက်သည် စပိန်ဘာသာစကားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဟုအဓိပ္ပာယ်ရသည့် အက်စ်ပီရီတူး ဆာန်တို ဟူသော ချစ်စနိုးအမည်ကိုရသည်။ ကျမ်းစာပါ ယေရှုနှစ်ခြင်းခံသည့်မှတ်တမ်းကိုရည်ညွှန်း၍ ထိုသို့အမည်ပေးခြင်းဖြစ်သည်။—မဿဲ ၃:၁၆ ကိုရှု။
ကိုးကတ်စ်ကျွန်းဝန်းကျင်ရှိ ရေနက်ပိုင်းသည် သဘာဝရတနာများပေါက်ပွားထွန်းကားရာ ကမ္ဘာတစ်ခုဖြစ်သည်။ ထိုကျွန်းကို ရောက်ရှိလာကြသော ဂေဟဗေဒလိုက်စားကြသူများထဲတွင် ငါးမန်းကျွဲ၏အစွမ်းခွန်အားကို တအံ့တသြစိတ်ဝင်စားသည့် ရေငုပ်သမားများပါဝင်သည်။ ၎င်းရေထဲတွင် ငါးမန်းကျွဲနှင့် နှုတ်သီးဖြူငါးမန်းတို့ကို တွေ့ရလေ့ရှိပြီး အကောင် ၄၀ မှ ၅၀ အထိအုပ်စုလိုက်သွားလာကြသည်ကို တွေ့မြင်ခဲ့ရသည်။ အံ့သြဖွယ်ကောင်းလောက်အောင် ရေ၏ကြည်လင်မှုကလည်း ရေငုပ်သမားများကို စွဲမှတ်စေသည်။ အပူပိုင်းဒေသငါးများက အယ်လဂျီနှင့်မျောလှေးတို့ကိုစားနေစဉ် ပေါ်ထွက်လာသောရောင်စုံအလှအပက သူတို့ကိုမိန်းမောအံ့သြစေသည်။
ကော့စ်တာရီကာနိုင်ငံသည် ၎င်း၏ဇီဝရတနာများကို အစဉ်အဆက်လေးမြတ်တန်ဖိုးထားစွာ ထိန်းသိမ်းလာခဲ့သည်။ ယခုအခါ ထိုနိုင်ငံ၏မြေဧရိယာ ၁၈ ရာခိုင်နှုန်းကို အမျိုးသားပန်းခြံနှင့် ဘေးမဲ့နယ်မြေတစ်ခုအဖြစ် ထိန်းသိမ်းထားသည်။ ထိုနိုင်ငံတွင် ထိန်းသိမ်းထားသောဧရိယာ၏ ၅၆ ရာခိုင်နှုန်းဖြစ်သော ကိုးကတ်စ်ကျွန်းကို ၁၉၇၈ ခုနှစ်၌ ပန်းခြံနယ်မြေတစ်ခုအဖြစ် ကြေညာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ထိန်းသိမ်းထားသောဧရိယာကို ထိုကျွန်းပတ်ဝန်းကျင် ၁၅ မိုင်အထိ တိုးချဲ့ခဲ့သည်။ ပင်လယ်ဝန်းကျင်ကို ကင်းလှည့်ကာ စီးပွားဖြစ်ငါးဖမ်းခြင်းမှကာကွယ်ခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ အကန့်အသတ်မရှိငါးဖမ်းခြင်းက ထိုကျွန်းဝန်းကျင်၏ ပင်လယ်ကမ္ဘာတွင် သိမ်မွေ့သောဂေဟစနစ် ပျက်စီးသွားမည်ကို ဝန်းကျင်ထိန်းသိမ်းရေးသမားများက စိုးရိမ်ကြသည်။
ကိုးကတ်စ်ကျွန်း၏ ကြွားဝါတတ်သောပင်လယ်ဓားပြများနှင့် သူတို့၏ဝှက်ထားသောရတနာသိုက်ပုံပြင်အကြောင်းသည် ယနေ့အချိန်အထိ ကျော်ကြားဆဲပင်။ ယင်းသည် ကမ္ဘာအနှံ့မှ ရတနာရှာဖွေသူများကို ဆွဲဆောင်လျက်ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ထိုကျွန်း၏အကြွယ်ဝဆုံးအရာမှာ ယင်း၏သဘာဝသယံဇာတများ၌ ကွယ်ဝှက်လျက်ရှိသည်။
[Picture Credit Line on page 25]
စာမျက်နှာ ၁၈-၉ ရှိပုံများ– Courtesy of José Pastora, Okeanos
[စာမျက်နှာ ၁၉ ပါပုံစာ]
နှုတ်သီးဖြူငါးမန်း (၁) နှင့် ငါးမန်းကျွဲ (၂၊ ၃) တို့သည် ကိုးကတ်စ်ကျွန်းတစ်ဝိုက်ရေပြင်တွင် အကောင် ၄၀ မှ ၅၀ အထိအုပ်စုလိုက်သွားလာကြ