ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၁/၈ စာ. ၁၁-၁၂
  • သင့်ကျန်းမာရေးကို ကာကွယ်နိုင်သည့် နည်းခြောက်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကျန်းမာရေးကို ကာကွယ်နိုင်သည့် နည်းခြောက်နည်း
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် ခုနစ်ချက်
    ထပ်ဆင့် အကြောင်းအရာများ
  • အသက်ရှည်ကျန်းမာစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ်
    နိုးလော့!—၂၀၁၅
  • ရောဂါပိုးများ မည်သူ့ကိုမျှ အန္တရာယ်မပြုတော့ချိန်ဝယ်
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၁/၈ စာ. ၁၁-၁၂

သင့်ကျန်းမာရေးကို ကာကွယ်နိုင်သည့် နည်းခြောက်နည်း

နိုင်ဂျီးရီယားနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ချ်အို) ၏အဆိုအရ ဖွံ့ဖြိုးဆဲကမ္ဘာ့ဒေသများတွင် နေထိုင်သူ ၂၅ ရာခိုင်နှုန်းခန့်သည် အန္တရာယ်ကင်းသောရေမရရှိကြပါ။ ၆၆ ရာခိုင်နှုန်းဖြစ်သော အနည်းဆုံးလူသန်းပေါင်း ၂၅၀၀ သည် လောက်ငသောမိလ္လာစွန့်ပစ်မှုစနစ်မရှိကြပါ။ အကျိုးဆက်အနေနှင့် လူအများမှာ ရောဂါရပြီး သေကြရသည်။

ဤကဲ့သို့သောအခြေအနေများတွင် တစ်ကိုယ်ရေကျန်းမာမှုကောင်းကို ထိန်းသိမ်းရေးမှာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ သို့တိုင် တစ်ကိုယ်ရေသန့်ရှင်းမှုကို သင့်ဘဝလမ်းစဉ်ဖြစ်စေမည်ဆိုလျှင် ရောဂါများစွာမှ သင့်ကိုယ်ကို ကာကွယ်ရာကျပေမည်။ ရောဂါပိုးများ သင့်ကိုယ်ထဲဝင်ပြီး မကျန်းမမာဖြစ်စေနိုင်သည့် အန္တရာယ်မှ သင်ကိုယ်တိုင်နှင့် သင့်မိသားစုကို ကာကွယ်နိုင်ရန် အဆင့်ခြောက်ဆင့်ကို ဤတွင်ဖော်ပြလိုက်သည်။

၁။ မစင်များနှင့် ထိပြီးနောက်နှင့် အစားအစာကို မကိုင်မီတို့တွင် လက်များကို ဆပ်ပြာနှင့်ဆေးပါ။

အဖျားအနာကို ကာကွယ်ဖို့ အရေးပါသောနည်းတစ်နည်းမှာ သင့်မိသားစုဝင်အားလုံး လက်ဆေးနိုင်အောင် ဆပ်ပြာနှင့် ရေကို အမြဲအသင့်ရှိနေစေခြင်းဖြစ်သည်။ ဆပ်ပြာနှင့်ရေသည် အစားအစာ သို့မဟုတ် ပါးစပ်ထဲသို့ ဝင်ရောက်နိုင်သောပိုးမွှားများကို သင့်လက်များမှ ဖယ်ရှားပစ်နိုင်သည်။ ကလေးသူငယ်များသည် မကြာခဏလက်ကို ပါးစပ်ထဲထည့်တတ်သောကြောင့် သူတို့၏လက်ကို အကြိမ်ကြိမ်ဆေးပေးဖို့ အရေးကြီးသည်၊ အထူးသဖြင့် သူတို့အား အစားအသောက်များ မပေးမီဖြစ်သည်။

အိမ်သာတက်ပြီးနောက်၊ အစားအစာများမကိုင်မီ၊ ယခုပင်အညစ်အကြေးစွန့်ပြီးသွားသည့် ကလေးတစ်ဦး၏အောက်ပိုင်းကို သန့်စင်ပေးပြီးနောက်တို့တွင် လက်ကို ဆပ်ပြာနှင့်ဆေးရန် အထူးအရေးကြီးသည်။

၂။ ကျင်းအိမ်သာကို အသုံးပြုပါ

ပိုးမွှားပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် မစင်များကို သင့်လျော်စွာစွန့်ဖို့ အရေးကြီးသည်။ အဖျားအနာတော်တော်များများ၊ အထူးသဖြင့် ဝမ်းသွားခြင်းသည် လူ့မစင်ရှိပိုးမွှားများကြောင့်ဖြစ်သည်။ ဤပိုးမွှားများသည် သင့်လက်များ သို့မဟုတ် အိုးခွက်များနှင့် အစားအစာများ ပြင်ဆင်တည်ခင်းသည့် စားပွဲကြမ်းပြင်များမှတစ်ဆင့် သောက်ရေ သို့မဟုတ် အစားအစာထဲသို့ ဝင်ရောက်တတ်ကြသည်။ ဤသို့ဝင်ရောက်သွားသည့်အခါ ပိုးမွှားများကို လူတို့က မျိုချမိကာ အဖျားအနာဝင်လာနိုင်သည်။

ယင်းကို တားဆီးကာကွယ်နိုင်ရန် ကျင်းအိမ်သာကို အသုံးပြုပါ။ တိရစ္ဆာန်မစင်များကို အိမ်၊ ရေတွင်းရေကန်များနှင့် ဝေးဝေးတွင် ထားပါ။ ကလေးမစင်သည် လူကြီးမစင်ထက် ပို၍အန္တရာယ်ရှိကြောင်း သိလျှင် သင်အံ့သြသွားပေမည်။ ထို့ကြောင့် ကလေးငယ်များကိုပင် ကျင်းအိမ်သာတွင် သွားဖို့ သင်ပေးသင့်သည်။ ကလေးငယ်များသည် တစ်နေရာရာတွင် မစင်စွန့်လျှင် သူတို့၏မစင်များကို ချက်ချင်း သန့်ရှင်းရေးလုပ်ကာ ကျင်းအိမ်သာထဲတွင်ထည့် သို့မဟုတ် မြေမြှုပ်ပစ်သင့်သည်။

ကျင်းအိမ်သာများကို သန့်သန့်ရှင်းရှင်းထားကာ အုပ်ထားသင့်သည်။

၃။ ရေသန့်ကို သုံးပါ

သန့်ရှင်းသော ပိုက်ရေကို အလျှံပယ်အသုံးပြုသည့်မိသားစုများသည် ယင်းကိုမသုံးသည့်မိသားစုများထက် ပို၍ကျန်းမာသည်။ ပိုက်ရေမရှိသောသူများသည်လည်း ရေတွင်းများကို ဖုံးအုပ်ထားခြင်း၊ စွန့်ပစ်မည့်ရေကို သောက်သုံး၊ ရေချိုး၊ လျှော်ဖွပ်ဆေးကြောရန်သုံးသည့်ရေနှင့် ဝေးဝေးတွင် သွန်ပစ်ခြင်းတို့ဖြင့် မိမိတို့၏ကျန်းမာရေးကို ကာကွယ်နိုင်သည်။ တိရစ္ဆာန်များကို အိမ်အပြင်ဘက်၊ သောက်ရေနှင့်ဝေးသောနေရာတွင် ထားဖို့လည်း အရေးကြီးသည်။

ရောဂါဘယမှသင့်ကိုယ်ကိုကာကွယ်နိုင်သည့် နောက်တစ်နည်းမှာ ရေစုဆောင်းသိုလှောင်ရာတွင်သုံးသည့် ရေပုံးများ၊ ပုံးကြိုးများနှင့် ရေကရားများကို အတတ်နိုင်ဆုံး သန့်ရှင်းအောင်ထားရန်ဖြစ်သည်။ ပမာအားဖြင့် ရေပုံးများကို အောက်တွင်ပစ်ချထားမည့်အစား ချိတ်ဆွဲထားခြင်းသည် ပို၍ကောင်းသည်။

အိမ်တွင်ထားသည့် သောက်ရေကို သန့်ရှင်းပြီး အဖုံးပါသော ရေပုံးရေအိုးများဖြင့် ထည့်ထားသင့်သည်။ ထိုရေပုံးရေအိုးမှ ရေလှယ်သည့်အခါ သန့်ရှင်းသော ခွက်ဖြင့် လှယ်သင့်သည်။ သောက်ရေထဲကို အခြားသူများအား လက်နှိုက်ခွင့် သို့မဟုတ် သိုလှောင်ထည့်ထားသည့် အိုးခွက်ထဲမှ တိုက်ရိုက်သောက်ခွင့်မပြုပါနှင့်။

၄။ အန္တရာယ်ကင်းသောပိုက်ရေမဟုတ်သည့် သောက်ရေကို ကြိုချက်ပါ

အန္တရာယ်အကင်းဆုံးသောက်ရေမှာ များသောအားဖြင့် ပိုက်မှလာသည့်ရေဖြစ်သည်။ အခြားနေရာများမှရသောရေသည် ကြည့်လိုက်လျှင် သန့်ပုံရသော်လည်း ပိုးမွှားများပါဖို့ အကြောင်းများသည်။

ရေကို ကြိုချက်လျှင် ပိုးမွှားများ သေသွားသည်။ ထို့ကြောင့် ရေကန်၊ ချောင်း သို့မဟုတ် ရေစည်များမှရေကို သင်ခပ်ယူသည့်အခါ ကျိုချက်အအေးခံပြီးမှသောက်ခြင်းသည် ပညာရှိရာကျသည်။ ကလေးသူငယ်များသည် လူကြီးများလောက် ရောဂါပိုးကို ခုခံနိုင်စွမ်းမရှိရကား ပိုးမွှားကင်းသောသောက်ရေသည် သူတို့လေးများအတွက် အထူးသဖြင့် အရေးကြီးသည်။

ရေကို ကျိုချက်သောက်ဖို့မဖြစ်နိုင်လျှင် သန့်ရှင်းသော ပလပ်စတစ်၊ ဖန်များဖြင့်လုပ်သည့် အဖုံးပါသောအိုးခွက်များတွင် ထည့်ထားပါ။ ထိုရေကို မသုံးမီ ထိုရေထည့်ထားသည့်အိုးခွက်ကို နှစ်ရက်ကြာ နေပူတွင်ပြထားပါ။

၅။ အစားအစာကို သန့်ရှင်းအောင်ထားပါ

အစိမ်းလိုက်စားရသည့် အစားအစာများကို ကောင်းစွာသန့်စင်ပေးသင့်သည်။ ကျန်အစားအစာများ အထူးသဖြင့် အသားနှင့် ကြက်သားဘဲသားများကိုမူ ကောင်းကောင်းကျက်အောင်ချက်သင့်သည်။

အစားအစာကို ချက်ပြီးလျှင်ပြီးချင်း စားခြင်းသည့် အကောင်းဆုံးဖြစ်သည်၊ ဤနည်းဖြင့် အစားအစာများ သိုးသွားဖို့ အချိန်ရလိုက်မည်မဟုတ်ပေ။ ချက်ပြီးအစားအစာကို ငါးနာရီကြာကြာအထိ သိမ်းထားရန်လိုအပ်လျှင် နွှေးထားပါ သို့မဟုတ် ရေခဲသေတ္တာထဲတွင်ထည့်ထားပါ။ မစားမီ ကောင်းကောင်းပြန်နွှေးသင့်သည်။

အသားစိမ်းများတွင် ပိုးမွှားများပါဝင်တတ်လေ့ရှိရာ သင်ချက်ပြုတ်ထားသည့်အစားအစာနှင့် ယင်းတို့ကို မထိစေပါနှင့်။ အသားစိမ်းများကို ခုတ်ထစ်ပြင်ဆင်ပြီးနောက် ယင်းနှင့်ထိသည့် အိုးခွက်များနှင့် မီးဖိုဆောင် မျက်နှာပြင်မှန်သမျှကို သန့်ရှင်းရေးလုပ်ပါ။

အစားအသောက် ပြင်ဆင်ထားသော စားပွဲမျက်နှာပြင်များသည် အမြဲပင် သန့်ရှင်းနေသင့်သည်။ အစားအစာများကို ဖုံးအုပ်ထားကာ ယင်၊ ကြွက်နှင့် အခြားတိရစ္ဆာန်များမရောက်နိုင်သည့် နေရာတွင် သိမ်းဆည်းထားသင့်သည်။

၆။ အိမ်ထွက်အမှိုက်သရိုက်များကို မီးရှို့ သို့မဟုတ် မြေမြှုပ်ပါ

ပိုးမွှားများကို ပျံ့နှံ့စေသည့် ယင်ကောင်များသည် စားကြွင်းစားကျန်နေရာများတွင်ပေါက်ပွားသည်။ ထို့ကြောင့် အိမ်ထွက်အမှိုက်များကို မြေပြင်ပေါ်တွင် ပစ်ချမထားသင့်ပါ။ ယင်းတို့ကို နေ့စဉ် မြေမြှုပ် မီးရှို့ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် စီစဉ်သင့်သည်။

ဤလမ်းညွှန်ချက်များကို လိုက်နာခြင်းအားဖြင့် သင်ကိုယ်တိုင်နှင့် သင့်မိသားစုကို ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်၊ သန်ကောင်ပိုးဝင်မှု၊ အစာအဆိပ်ဖြစ်မှုနှင့် အခြားအဖျားအနာများစွာမှ အကာအကွယ်ပေးနိုင်ပါသည်။

[Credit Line]

အကြောင်းအရာရင်းမြစ်– ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ဒဗ္ဗလျူအိတ်ချ်အိုတို့ ပူးပေါင်းထုတ်ဝေသည့် ဘဝတွက်တာ သိမှတ်စရာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ