ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁/၈ စာ. ၄-၈
  • လက်လွှတ်လိုက်ရန် သင်ယူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်လွှတ်လိုက်ရန် သင်ယူခြင်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တာဝန်ယူနိုင်သူဖြစ်ရန် သားသမီးများကို သွန်သင်ပေးခြင်း
  • မေတ္တာပါသော ပဲ့ပြင်ပေးမှု
  • ဘဝအတွက် ပညာရေး
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါကိုချစ်မြတ်နိုးရန်သင်၏သားသမီးများကို သွန်သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၁/၈ စာ. ၄-၈

လက်လွှတ်လိုက်ရန် သင်ယူခြင်း

“အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏” ဟု ကျမ်းစာဆာလံဆရာက ရေးသားထားသည်။ (ဆာလံ ၁၂၇:၄) မြားသည် ပစ်မှတ်ကို မတော်တဆ ချော်မထိတတ်ပါ။ အသေအချာချိန်ရွယ်ရမည်။ အလားတူစွာ သားသမီးတို့သည် မိဘတို့၏လမ်းညွှန်ချက်မရှိဘဲ တာဝန်ယူတတ်သည့် လူကြီးဖြစ်ရေးပန်းတိုင်သို့ ရောက်နိုင်မည်မဟုတ်ပေ။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့” ဟုကျမ်းစာက တိုက်တွန်းထားပြီး “သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။”—သု. ၂၂:၆။

မိဘလက်အောက်ရှိ ကလေးဘဝမှ မိဘလက်အောက်မှလွတ်သွားသော လူကြီးဘဝသို့ပြောင်းလဲခြင်းကို နေ့ချင်းညချင်းမလုပ်နိုင်ပေ။ ထို့ကြောင့် မိဘတို့သည် မိမိတို့သားသမီး မိဘလက်အောက်မှလွတ်ရန် မည်သည့်အချိန်တွင် စတင်လေ့ကျင့်ပေးသင့်သနည်း။ တမန်တော်ပေါလုက တိမောသေအမည်ရှိ လူငယ်တစ်ဦးအား ဤသို့သတိပေးခဲ့သည်– “ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်” ခဲ့သည်။ (၂ တိမောသေ ၃:၁၅) တိမောသေလေးကို မိခင်ဖြစ်သူက လူမမယ်ဘဝမှစ၍ ဝိညာဉ်ရေးဘက် လေ့ကျင့်ပေးနေသည်ကို မြင်ယောင်ကြည့်ပါလေ!

လူမမည်ကလေးပင် ဝိညာဏလေ့ကျင့်မှုမှ အကျိုးရနိုင်လျှင် ကလေးတစ်ယောက်ကို လူကြီးဘဝအတွက် အတတ်နိုင်ဆုံး စောစောစီးစီးလေ့ကျင့်ပေးခြင်းသည် ကျိုးကြောင်းညီညွတ်ရာမကျပေလော။ လေ့ကျင့်ပေးနိုင်သည့် နည်းတစ်နည်းမှာ ယုံကြည်စိတ်ချလောက်သူ၊ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချနိုင်သူဖြစ်ရန် သင်ကြားပို့ချပေးခြင်းဖြစ်သည်။

တာဝန်ယူနိုင်သူဖြစ်ရန် သားသမီးများကို သွန်သင်ပေးခြင်း

တာဝန်ယူနိုင်သူဖြစ်စေရန် သင့်သားသမီးများကို မည်သို့အားပေးနိုင်သနည်း။ မောင်နှံစုံဖြစ်သော ဂျက်နှင့် နိုရာတို့က သူတို့၏သမီးနှင့်ပတ်သက်ပြီး ဤသို့ပြန်ပြောပြသည်– “လမ်းစလျှောက်တတ်တဲ့အရွယ်မှာပဲ ခြေစွပ်တို့လို သေးသေးမွှားမွှားပစ္စည်းလေးတွေကို အိပ်ခန်းထဲယူသွားပြီး သင့်တော်တဲ့အံဆွဲထဲမှာ ပြန်ထားတတ်နေပြီ။ ကစားစရာအရုပ်တွေ၊ စာအုပ်တွေကိုလည်း သူ့နေရာနဲ့သူ ပြန်ထားတတ်တယ်။” သေးသေးမွှားမွှားလေးနှင့် စခြင်းဖြစ်သော်လည်း ထိုကလေးသည် ယုံကြည်စိတ်ချလောက်သော ဆုံးဖြတ်ချက်များချတတ်နေပြီဖြစ်သည်။

ကြီးပြင်းလာသည်နှင့်အမျှ အတော်အတန်ကြီးလေးသောတာဝန်များကို သူတို့အား လွှဲအပ်နိုင်မည်ဖြစ်သည်။ အယ်ဘရာနှင့် အနီတာတို့သည် သူတို့၏သမီးကို ခွေးလေးတစ်ကောင်ပေးထားသည်။ ဤသူငယ်မလေးသည် ခွေးအားဂရုစိုက်ဖို့ တာဝန်ယူထားသည့်အပြင် ထိန်းသိမ်းဖို့စရိတ်အတွက် မိမိမုန့်ဖိုးထဲမှငွေကို စိုက်ထုတ်ပေးရသည့်အထိပင်။ သားသမီးများအား သူတို့၏တာဝန်ယူထားသည့်အတိုင်းလုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးရန် စိတ်ရှည်မှုလိုအပ်သည်။ သို့သော် လေ့ကျင့်ပေးရကျိုးနပ်ပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိရန် ထောက်ကူပေးသည်။

အိမ်မှုကိစ္စများသည် ကလေးများ၏တာဝန်ကို သင်ပေးရန် နောက်ထပ်အခွင့်အလမ်းတစ်ခုဖြစ်သည်။ အချို့မိဘများက အိမ်အလုပ်တွင် သားသမီးများပါလာလျှင် အကူအညီမဖြစ်ဘဲ ပို၍အနှောင့်အယှက်ဖြစ်သည်ဟု ယူမှတ်ကာ အိမ်မှုကိစ္စများကို မပေးလုပ်ကြပါ။ အခြားသူများကြပြန်လျှင် ‘တို့သားသမီးလေးတွေဟာ တို့ကလေးဘဝကထက် ပိုပြီးသက်သက်သာသာနေသင့်ပါတယ်’ ဟုယူဆကြသည်။ ယင်းသည် မှားယွင်းသော စဉ်းစားဆင်ခြင်မှုဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်– “ကျွန်ကို ငယ်ရွယ်စဉ်က ဦးစားပေး၍ ကျွေးမွေးခဲ့သောသူသည် နောက်၌ ကျွန်၏ကျေးဇူးကို မခံရ။” (သု. ၂၉:၂၁၊ သမ) ဤကျမ်းချက်၏အခြေခံမူသည် သားသမီးများနှင့်လည်း အမှန်ပင် သက်ဆိုင်သည်။ လူငယ်တစ်ယောက်သည် ‘ကျေးဇူးမသိတတ်’ ရုံမျှမက အလွယ်ဆုံးအိမ်မှုကိစ္စကိုပင် မလုပ်တတ်မကိုင်တတ်ဘဲ လူကြီးဘဝရောက်လာခြင်းမှာ ဝမ်းနည်းစရာပင်။

ကျမ်းစာခေတ်က လူငယ်များသည် အိမ်မှုကိစ္စများ တာဝန်ပေးအပ်ခံရလေ့ရှိသည်။ ဥပမာ၊ လူငယ်ယောသပ်သည် နုနယ်သေးသော အသက် ၁၇ နှစ်အရွယ်တွင် အိမ်ပိုင်သိုးစုများအား ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်တွင် ပါဝင်ကူညီခဲ့ရသည်။ (ကမ္ဘာဦး ၃၇:၂) သူ့ဖခင်၏သိုးအုပ်များသည် အလွန်ကြီးသောကြောင့် ယင်းသည် တာဝန်သေးသေးမဟုတ်ပေ။ (ကမ္ဘာဦး ၃၂:၁၃-၁၅) ယောသပ်သည် အာဏာရ ခေါင်းဆောင်တစ်ယောက်အဖြစ် ကြီးပြင်းလာသည့်အချက်ကိုထောက်ရှုလျှင် အဆိုပါအစောပိုင်းလေ့ကျင့်ပေးမှုက သူ၏ပင်ကိုအရည်အသွေးကို အပြုသဘောဖြင့် များစွာပုံသွင်းပေးခဲ့ကြောင်း ယုံကြည်ရန်မခက်ပေ။ ဣသရေလဘုရင်ဖြစ်မည့်သူ ဒါဝိဒ်သည်လည်း ငယ်ရွယ်စဉ် မိသားစုပိုင်သိုးအုပ်များကို တာဝန်ယူခဲ့ရသည်။—၁ ဓမ္မရာဇဝင် ၁၆:၁၁။

ယနေ့မိဘများအတွက် အဘယ်သင်ခန်းစာရသနည်း။ သင့်သားသမီးများအား အဓိပ္ပာယ်ရှိသော အိမ်မှုကိစ္စများကို တာဝန်ပေးပါ။ အချိန်၊ အားထုတ်မှု၊ စိတ်ရှည်မှုတို့ဖြင့် သင်သည် သူတို့လေးတို့အား သန့်ရှင်းရေး၊ အချက်အပြုတ်၊ အိမ်ခြံဝင်း ရှင်းလင်းထိန်းသိမ်းရေးနှင့် အိမ်၊ ယာဉ်ပြုပြင်ထိန်းသိမ်းရေးတို့တွင် ပါဝင်ရန် လေ့ကျင့်ပေးနိုင်ပါသည်။ ကလေး၏ အသက်အရွယ်နှင့် အရည်အချင်းပေါ်တွင် များစွာမူတည်သည်မှာ မှန်ပါသည်။ ငယ်ရွယ်သော ကလေးများပင် ‘ကားပြင်နေသော ဖခင်’ သို့မဟုတ် ‘ချက်ပြုတ်နေသော မိခင်’ တို့ကို အတော်အတန် ပါဝင်ကူညီပေးနိုင်လေ့ရှိသည်။

အိမ်မှုကိစ္စများကို သင်ကြားပေးရန် မိဘတို့သည် မိမိတို့၏သားသမီးများအား တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်သော သူတို့၏အချိန်ကို ပေးရန်လည်း လိုအပ်သည်။ ကလေးနှစ်ယောက်ရှိ မောင်နှံစုံတစ်စုံသည် အောင်မြင်သော သားသမီးလေ့ကျင့်ပေးရေး၏ လျှို့ဝှက်ချက်ဟာ ဘာလဲဟု အမေးခံရသည့်အခါ သူတို့က “အချိန်၊ အချိန်၊ အချိန်ပါပဲ!” ဟုပြန်ဖြေကြသည်။

မေတ္တာပါသော ပဲ့ပြင်ပေးမှု

သားသမီးဖြစ်သူများ သူတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်သည့်အခါ သို့မဟုတ် ယုတ်စွအဆုံး ထိုသို့လုပ်ဆောင်ဖို့ ကြိုးစားသည့်အခါ ရက်ရောပြီး အရိုးခံဖြင့်ဖြစ်သော ချီးမွမ်းစကားဖြင့် သူတို့ကို အားပေးပါ! (မဿဲ ၂၅:၂၁ နှိုင်းယှဉ်။) ကလေးများသည် လူကြီးများလောက် ကျွမ်းကျွမ်းကျင်ကျင်မလုပ်နိုင်သည်မှာ မှန်ပါသည်။ ထို့အပြင် သူတို့ဘာသာဆုံးဖြတ်ခွင့်ပြုသည့်အခါ အမှားပြုတတ်လေ့ရှိသည်။ အကြီးအကျယ်အပြစ်မပြောမိဖို့ သတိထားပါ! လူကြီးတစ်ယောက်ဖြစ်သော သင်ကော အမှားမလုပ်မိပေလော။ သို့ဆိုလျှင် သင့်သားသမီး အမှားလုပ်သည့်အခါ အဘယ်ကြောင့် စိတ်ရှည်မှုမပြနိုင်ရမည်နည်း။ (ဆာလံ ၁၀၃:၁၃ နှိုင်းယှဉ်။) မှားပါစေ။ သင်ယူနေသည့်အပိုင်းအဖြစ် ယူမှတ်လိုက်ပါ။

စာရေးဆရာ မိုက်ကယ် ရှူမင်းနှင့် အီဗာ မိကလာတို့က ဤသို့သတိပြုမိခဲ့ကြသည်– “မိတ်ဆွေသဖွယ်ပြုမူဆက်ဆံခံရသော သားသမီးတို့သည် ကိုယ်လုပ်ချင်သည့်အလုပ်တစ်ခုကိုလုပ်သည့်အတွက် အပြစ်ပေးခံရမည်ကို မကြောက်ပေ။” သို့သော် “ရှုတည်တည် သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်သော မိဘ၏သားသမီးများမူ မိဘဖြစ်သူများက မိမိတို့လုပ်သည့်အလုပ်တွင် အပြစ်ရှာကာ အပြစ်ပေးမည်စိုးသောကြောင့် အကျိုးရှိသောလုပ်ရပ်အပါအဝင် မည်သည့်အလုပ်မျိုးကိုမျှ မိမိတို့သဘောဖြင့်မလုပ်ရဲကြချေ။” ဤအချက်သည် ကျမ်းစာပါမိဘများအား သတိပေးချက်နှင့် သဟဇာတဖြစ်သည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) ထို့ကြောင့် ကလေး၏အားထုတ်ကြိုးစားမှုသည် မျှော်လင့်ထားသလို မအောင်မမြင်ဖြစ်သည့်အခါ ယုတ်စွအဆုံး သူ၏ကြိုးစားမှုအတွက် သူ့အား ချီးမွမ်းပေးပါလေ။ နောက်တစ်ကြိမ်တွင်သာ၍ကောင်းအောင်လုပ်ဖို့ တိုက်တွန်းပါ။ သူ၏တိုးတက်မှုသည် သင့်အားရွှင်လန်းစေသည့်အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သူသိပါစေ။ သူ့ကို သင် မေတ္တာထားကြောင်း စိတ်ချစေပါ။

တစ်ခါတစ်ရံ ပဲ့ပြင်ပေးဖို့လိုသည်မှာ သေချာသည်။ အထူးသဖြင့် လူပျိုအပျိုပေါက်အရွယ်တွင်ဖြစ်သည်၊ ထိုအချိန်တွင် လူငယ်များအနေဖြင့် မိမိသည် မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း အခြေတည်ကာ ကိုယ့်အစွမ်းအစနှင့် လူတစ်လုံးသူတစ်လုံးအဖြစ် လက်ခံမှုခံရရန် ကြိုးစားလုံးပန်းနေချိန်ဖြစ်သည်။ ထို့ကြောင့် မိဘတို့အနေဖြင့် မိမိတို့လက်အောက်မှ မရမကရုန်းထွက်ရန်ကြိုးစားမှုကို ပုန်ကန်သည်ဟု အမြဲယူမှတ်နေမည့်အစား နားလည်မှုရှိပေးခြင်းသည် ပညာရှိရာကျပါသည်။

လူငယ်တို့သည် မစဉ်းစားဘဲ ကောက်ကာငင်ကာလုပ်တတ် သို့မဟုတ် “လူပျိုတို့၏တပ်မက်ခြင်းစိတ်” အလိုသို့ လိုက်တတ်ကြသည်မှာ မှန်သည်။ (၂ တိမောသေ ၂:၂၂၊ သမ္မာ) ထို့ကြောင့် လူငယ်တို့၏အပြုအမူကို ကန့်သတ်ချက်ဘောင်များထားပေးဖို့ ပျက်ကွက်လျှင် ကလေးသည် စိတ်ပိုင်းအရ အကြီးအကျယ်ထိခိုက်နိုင်သည်; ကိုယ်ကိုကိုယ် မထိန်းတတ်၊ ပြန်မဆုံးမတတ်ဖြစ်သွားလိမ့်မည်။ ကျမ်းက ဤသို့သတိပေးသည်– “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏။” (သု. ၂၉:၁၅) သို့သော် သင့်တော်သော ဆုံးမပဲ့ပြင်မှုကို မေတ္တာဖြင့်ပေးခြင်းသည် အကျိုးရှိပြီး လူငယ်တစ်ဦးကို လူကြီးဘဝတွင် တွေ့ကြုံရမည့် လိုအပ်ချက်များနှင့် ဖိစီးမှုများအတွက် ပြင်ဆင်ပေးသည်။ ကျမ်းစာက ဤသို့တိုက်တွန်းသည်– “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။” (သု. ၁၃:၂၄) သို့သော် ဆုံးမပဲ့ပြင်ခြင်း၏အနှစ်သာရမှာ သွန်သင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ဖြစ်ပြီး အပြစ်ပေးခြင်းမဟုတ်ကြောင်း သတိရပါ။ ဤတွင် “ကြိမ်လုံး” ဟူသည် သိုးအုပ်များကို မောင်းရာတွင် သိုးထိန်းများကိုင်သည့် တောင်ဝှေးကို ရည်ညွှန်းပုံရသည်။ (ဆာလံ ၂၃:၄) ယင်းသည် မေတ္တာပါသော လမ်းညွှန်မှု၏အမှတ်အသားဖြစ်သည်၊ ရက်စက်ကြမ်းတမ်းမှု၏အမှတ်အသားမဟုတ်ပေ။

ဘဝအတွက် ပညာရေး

ကလေး၏ပညာရေးနှင့်ပတ်သက်လာလျှင် မိဘလမ်းညွှန်မှု အထူးလိုအပ်သည်။ သင့်သားသမီး၏ပညာရေးကို စိတ်ဝင်တစားရှိပါ။ သင့်လျော်သောဘာသာရပ်ကို ရွေးချယ်ရန်နှင့် ထပ်ဆင့်ပညာရေး တစ်မျိုးမျိုး လိုမလိုဆိုသည့် ယုံကြည်စိတ်ချလောက်သော ဆုံးဖြတ်ချက်ချရန်တို့တွင် အကူအညီပေးပါ။a

ရှိရှိသမျှအရေးကြီးဆုံးပညာရေးမှာ ဝိညာဉ်ရေးနှင့်ဆိုင်သောပညာရေးဖြစ်သည်။ (ဟေရှာယ ၅၄:၁၃) ကလေးတို့သည် လူကြီးလောကကို ဝင်တိုးနိုင်ဖို့ ဘုရားရေးရာစံနှုန်းများလိုသည်။ သူတို့၏ “အာရုံများ” ကို လေ့ကျင့်ပေးထားရမည်။ (ဟေဗြဲ ၅:၁၄၊ သမ) ဤကိစ္စနှင့်ပတ်သက်လာလျှင် မိဘတို့သည် များစွာအကူအညီပေးနိုင်သည်။ ယေဟောဝါသက်သေမိသားစုတို့သည် မိမိတို့၏သားသမီးများနှင့် မှန်မှန်ကျမ်းစာသင်အံမှုပြုရန် အားပေးတိုက်တွန်းခံရကြသည်။ မိမိရင်သွေးကို လူမမည်အရွယ်မှစ၍ ကျမ်းစာကို သင်ကြားပေးခဲ့သော တိမောသေမိခင်၏ပုံသက်သေကိုလိုက်ကာ သက်သေခံမိဘတို့သည် သူတို့၏သားသမီးများကို ငယ်စဉ်အရွယ်မှစ၍ သင်ကြားပေးကြသည်။

ဘာဘရာအမည်ရှိ ကြင်ဖော်မဲ့မိခင်တစ်ဦးက မိသားစုကျမ်းစာသင်အံမှုကို သားသမီးများအတွက် အနှစ်သက်ဆုံးအတွေ့အကြုံဖြစ်စေခဲ့သည်။ “အဲ့ဒီညနေမှာ ဟင်းကောင်းကောင်းချက်ထားမယ့်အကြောင်းနဲ့ သူတို့အကြိုက် အချိုပွဲလည်းပါမယ့်အကြောင်း သားသမီးတွေကို ကျွန်မအသေအချာအသိပေးထားတယ်။ သင့်လျော်တဲ့ဝန်းကျင်လေးကိုဖန်တီးဖို့ နိုင်ငံတော်တေးသံသာလည်း ဖွင့်ထားပေးပါတယ်။ အဖွင့်ဆုတောင်းပြီးနောက် အများအားဖြင့် ကင်းမျှော်စင် မဂ္ဂဇင်းကို လေ့လာကြတယ်။ အထူးလိုအပ်ချက်တစ်ခုခုရှိရင်တော့ လူငယ်များအမေး—တာသွားသည့်အဖြေb ကဲ့သို့သော စာပေတွေကို အသုံးပြုတတ်ပါတယ်။” ဘာဘရာ၏အဆိုအရ ကျမ်းစာကိုလေ့လာခြင်းဟာ “ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့အမြင်မျိုးရှိ” ဖို့ သားသမီးတွေကို ထောက်ကူပေးပါသည်။

သားသမီးအား ပေးနိုင်သည့် လက်ဆောင်များထဲတွင် ဘုရားသခင့်ကျမ်းစာဆိုင်ရာ အသိပညာနှင့် သိနားလည်နိုင်စွမ်းသည်သာ အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်သည်။ ယင်းသည် “မလိမ္မာသောသူ လိမ္မာသောဉာဏ်၊ ပျိုရွယ်သောသူလည်း အသိပညာနှင့် ကြံစည်သောဉာဏ်ကိုရစေ” သည်။ (သု. ၁:၁-၆၊ သမ) လိုအပ်သည့်အရာ ပြင်ဆင်ပေးထားသော လူငယ်သည် ဖိစီးမှုအသစ်နှင့် အခြေအနေအသစ်တို့ကို ရင်ဆိုင်နိုင်သည့် စွမ်းရည်ဖြင့် လူကြီးဘဝကို ဝင်ရောက်လာတော့သည်။

သို့တိုင် သားသမီးများ အိမ်မှခွဲခွာသွားသည့်အခါ မိဘအများစု၏ဘဝပုံစံသည် အပြောင်းလဲကြီးပြောင်းလဲသွားလေသည်။ ဟာလာဟင်းလင်းဖြစ်နေသော အသိုက်အမြုံကို မည်သို့ ဖြည့်ဆည်းနိုင်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးထားပါသည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၈၈၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] ပါ “မိဘတို့—သင်တို့တွင်လည်း အိမ်စာလုပ်ရန်ရှိ!” အခန်းဆက်ဆောင်းပါးကို ရှု။

b ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ရှုတည်တည် သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်သော မိဘ၏သားသမီးများမူ မိဘဖြစ်သူများက မိမိတို့လုပ်သည့်အလုပ်တွင် အပြစ်ရှာကာ အပြစ်ပေးမည်စိုးသောကြောင့် အကျိုးရှိသောလုပ်ရပ်အပါအဝင် မည်သည့်အလုပ်မျိုးကိုမျှ မိမိတို့သဘောဖြင့်မလုပ်ရဲကြပါ။”—မိုက်ကယ် ရှူမင်းနှင့် အီဗာ မိကလာတို့ ရေးသားသည့် အကျင့်သီလကောင်းသော ကလေးတစ်ဦးဖြစ်ရန် မွေးမြူပေးခြင်း

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ကြင်ဖော်မဲ့မိဘများ—လက်လွှတ်လိုက်ရခြင်းဆိုင်ရာ စိန်ခေါ်မှု

ရေဘက်ခါအမည်ရှိ ကြင်ဖော်မဲ့မိဘတစ်ဦးက ဤသို့သတိပြုမိခဲ့သည်– “ကြင်ဖော်မဲ့မိဘတွေအတွက် မိမိတို့ရဲ့သားသမီးတွေကို လက်လွှတ်လိုက်ရတာဟာ တော်တော်အခံရခက်တတ်ပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကို သတိမထားဘူးဆိုရင် သူတို့ကို ဂရုစိုက်လွန်ပြီး ညှက်သွားအောင်လုပ်ရာကျပါတယ်။” မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်c စာအုပ် စာမျက်နှာ ၁၀၆-၇ က အကူအညီဖြစ်စေသော ဤရှုမြင်သုံးသပ်ချက်ကို ပေးထားပါသည်–

“ဖော်မစုံမိဘတို့အနေဖြင့် သားသမီးများကို အထူးချစ်ခင်တွယ်တာသည်မှာ ဓမ္မတာဖြစ်သော်လည်း မိဘနှင့်သားသမီးစပ်ကြား ဘုရားသခင်ပိုင်းခြားထားသည့် နယ်နိမိတ်စည်းမျဉ်းကို မချိုးဖောက်မိအောင် သတိထားရန်လိုသည်။ သာဓကအားဖြင့် ကြင်ဖော်မဲ့မိခင်တစ်ဦးအနေဖြင့် သားဖြစ်သူအား အိမ်ထောင်ဦးစီးတာဝန်ထမ်းဆောင်ရန် မျှော်လင့်လျှင်ဖြစ်စေ၊ သမီးဖြစ်သူအား တိုးတိုးဖော်အဖြစ်သဘောထားကာ ကိုယ်ရေးကိုယ်တာပြဿနာများကို ရင်ဖွင့်ပြောဆိုမည်ဆိုလျှင်ဖြစ်စေ ကြီးလေးသည့်အခက်အခဲများ ပေါ်ပေါက်လာတတ်သည်။ ဤသို့ ပြုခြင်းသည် မသင့်တော်ရုံမက ကလေးတစ်ယောက်အဖို့ စိတ်ဖိစီးမှုတိုးစေသည့်အပြင် ခေါင်းရှုပ်သွားစေနိုင်သည်။

“မိဘတစ်ဦးအနေနှင့် မိမိက သားသမီးများကို စောင့်ရှောက်မည်ဖြစ်ကြောင်း၊ သားသမီးများက မိမိကိုစောင့်ရှောက်ရမည်မဟုတ်ကြောင်း အသေအချာပြောပြပါ။ (၂ ကောရိန္သု ၁၂:၁၄ နှိုင်းယှဉ်။) တစ်ခါတစ်ရံ အကြံဉာဏ် သို့မဟုတ် အားပေးထောက်မမှု လိုကောင်းလိုလာမည်။ ထိုအခါ အရွယ်မရောက်သေးသည့် သားသမီးများထံမှမဟုတ်ဘဲ ခရစ်ယာန်အကြီးအကဲများ သို့မဟုတ် ပါရမီရင့်သော ခရစ်ယာန်အမျိုးသမီးများထံမှ အကူအညီတောင်းခံပါ။—တိတု ၂:၃။”

ကြင်ဖော်မဲ့မိဘတို့သည် မိမိတို့၏သားသမီးများနှင့် သင့်လျော်သော နယ်နိမိတ်ဆွဲထားကာ ဆက်ဆံရေးကောင်းကို ဆက်ထိန်းထားမည်ဆိုလျှင် သူတို့ကို လက်လွှတ်လိုက်ဖို့အတွက် လွယ်ကူလေ့ရှိသည်။

[အောက်ခြေမှတ်ချက်]

c နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လက်တွေ့ကျသော လေ့ကျင့်ပေးမှုက သားသမီးများအား ပို၍တာဝန်ယူနိုင်သူများဖြစ်လာစေနိုင်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိသားစုကျမ်းစာလေ့လာမှုသည် သားသမီးဖြစ်သူများ လူကြီးဘဝကို ရင်ဆိုင်ရန် လိုအပ်သည့် ဉာဏ်ပညာကို ရရှိစေသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ