အမျိုးသမီးများနှင့် သူတို့၏လုပ်ဆောင်မှုကို လေးမြတ်ခြင်း
လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်က လေမွေလဟုခေါ်သောလူတစ်ဦးသည် လုပ်ရည်ကြံရည်ရှိသောဇနီးတစ်ဦးကို အကြီးအကျယ်ချီးမွမ်းခန်းထုတ်ကာ ရေးသားဖော်ပြခဲ့သည်။ ယင်းကို သမ္မာကျမ်းစာတွင် နယပုံပြင်အခန်းကြီး ၃၁ ၌မှတ်တမ်းတင်ထား၏။ သူချီးမွမ်းခဲ့သည့်ကောင်းမြတ်သောအမျိုးသမီးသည် အမှန်ပင်အလုပ်များသည်။ သူသည် မိသားစုကို စောင့်ရှောက်ကျွေးမွေးရ၏။ ဈေးတွင်ရောင်းရဝယ်ရ၏။ မြေကွက်ကိုရောင်းရဝယ်ရ၏။ သူ၏မိသားစုအတွက် အဝတ်အထည်များ စီမံချုပ်လုပ်ပေးရသည့်အပြင် လယ်တွင်အလုပ်လုပ်ရသည်။
ဤအမျိုးသမီးသည် အရေးထားမခံရဘဲမနေချေ။ ‘သူ၏သားသမီးများသည် သူ့ကိုကောင်းချီးပေးကြပြီး သူ၏ခင်ပွန်းသည် သူ့ကိုချီးမွမ်း၏။’ ထိုသို့သောဇနီးတစ်ဦးသည် ရတနာသိုက်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[သူ] သည် ပတ္တမြားထက်အဖိုးသာ၍ထိုက်ပေ၏။”—သု. ၃၁:၁၀-၂၉။
လေမွေလခေတ်ကတည်းက အမျိုးသမီးများ၏အလုပ်သည် သာ၍ခက်ခဲရှုပ်ထွေးလာသည်။ ၎င်းတို့၏ ၂၀ ရာစုတာဝန်တွင် ဇနီးများ၊ မိခင်များ၊ သူနာပြုများ၊ ဆရာမများ၊ မိသားစု၏စားဝတ်နေရေးကိုတာဝန်ယူရသူများနှင့် လယ်သမားများဖြစ်ဖို့ တစ်ချိန်တည်းတစ်ပြိုင်တည်းလိုလေ့ရှိသည်။ မရေမတွက်နိုင်သောအမျိုးသမီးများသည် ၎င်းတို့၏သားသမီးများကို လုံလုံလောက်လောက်ကျွေးမွေးနိုင်ရန် သူရဲကောင်းဆန်ဆန်ပင်အနစ်နာခံကြသည်။ ဤအမျိုးသမီးများအားလုံးသည် လေးမြတ်မှုနှင့် ချီးမွမ်းမှုကိုမခံထိုက်ပေလော။
မိသားစု၏စားဝတ်နေရေးကို တာဝန်ယူရသည့် အမျိုးသမီးများ
ယနေ့ ယခင်ထက်ပို၍များသော အမျိုးသမီးများသည် မိသားစုကိုထောက်ပံ့ရန် အိမ်အပြင်ထွက်အလုပ်လုပ်ကြရသည် သို့မဟုတ် မိသားစုကိုတစ်ဦးတည်းထောက်ပံ့ပေးကြရသည်။ အမျိုးသမီးများနှင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းစာအုပ်က ဤသို့ဖော်ပြသည်– “အိမ်တွင်းမှုအလုပ်သည် တစ်ခုတည်းသောအမျိုးသမီးများ၏အလုပ်မဟုတ်။ ကမ္ဘာ့ဒေသတိုင်းတွင် ‘အိမ်ရှင်မတစ်ဦးမျှသာ’ ဖြစ်သည်ဟုဆိုနိုင်သည့်အမျိုးသမီး အလွန်နည်းသွားပြီ။’” ထို့အပြင် အမျိုးသမီးများ၏အလုပ်သည် နှစ်သက်ဖွယ်ဖြစ်ခဲသည်။ မဂ္ဂဇင်းများ သို့မဟုတ် ရုပ်မြင်သံကြားအခန်းဆက်ဇာတ်လမ်းများ၌ အမျိုးသမီးများကိုထည်ဝါသည့်ရုံးခန်းတွင် စီမံညွှန်ကြားသူများအဖြစ် ဖော်ပြကြမည်ဖြစ်သော်လည်း စင်စစ်မှာမူ အလွန်ခြားနားလေ့ရှိ၏။ ကမ္ဘာ့အမျိုးသမီးအများစုသည် ဆုကြေးတစ်ပြားတစ်ချပ်ရဖို့အရေး နာရီပေါင်းများစွာပင်ပင်ပန်းပန်းလုပ်ရသည်။
အမျိုးသမီးသန်းပေါင်းများစွာသည် မြေယာအလုပ်ကိုလုပ်ကြရသည်၊ သီးနှံစိုက်ပျိုးရ၊ သေးငယ်သောမိသားစုပိုင်မြေကွက်ငယ်များ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များကို ထိန်းကျောင်းစောင့်ရှောက်ကြရသည်။ အများအားဖြင့် မဖြစ်စလောက်သာကုန်ကျသော သို့မဟုတ် အခမပေးရသောဤအလုပ်သည် ကမ္ဘာ့လူဦးရေထက်ဝက်ကို ကျွေးမွေးနေသည်။ “အာဖရိကတိုက်တွင် အစားအစာ ၇၀ ရာခိုင်နှုန်းကို အမျိုးသမီးများကစိုက်ပျိုးကြပြီး၊ အာရှတိုက်တွင် ၅၀ မှ ၆၀ ရာခိုင်နှုန်းနှင့် လက်တင်အမေရိကတိုက်တွင် ၃၀ ရာခိုင်နှုန်းစိုက်ပျိုးကြ၏” ဟုအမျိုးသမီးများနှင့်ပတ်ဝန်းကျင်စာအုပ်ကဖော်ပြထားသည်။
အမျိုးသမီးများသည် လခစားအလုပ်ရကြသောအခါ သူတို့သည်အမျိုးသမီးများဖြစ်ကြရုံဖြင့် ယောက်ျားအလုပ်သမားများထက် လခနည်းလေ့ရှိကြသည်။ ဤခွဲခြားဆက်ဆံမှုသည် အထူးသဖြင့် မိသားစုစားဝတ်နေရေးကိုတစ်ဦးတည်းထောက်ပံ့ရသည့် မိခင်တစ်ဦးအတွက် ဆေးခါးသောက်ရသကဲ့သို့ဖြစ်သည်။ မိခင်ဖြစ်သူက ယင်းတာဝန်ယူရသည်မှာ ပို၍ပို၍အစဉ်အလာဖြစ်လာသည်။ အာဖရိကတိုက်၊ ကာရေဘီယန်နှင့် လက်တင်အမေရိကတို့တွင် အိမ်ထောင်အားလုံး၏ ၃၀ နှင့် ၅၀ ရာခိုင်နှုန်းကြားသည် သူတို့၏ထောက်ပံ့သူအဖြစ် အမျိုးသမီးတစ်ဦးကို မှီခိုကြသည်ဟု ကုလသမဂ္ဂမှတ်တမ်းတစ်ခုကခန့်မှန်းဖော်ပြထားသည်။ ပို၍ဖွံ့ဖြိုးသောနိုင်ငံများ၌ပင် အဓိကထောက်ပံ့သူဖြစ်လာရသည့် အမျိုးသမီးဦးရေတိုးများလာသည်။
ဖွံ့ဖြိုးဆဲကမ္ဘာ့ဒေသအများစုတွင် ကျေးလက်ဆင်းရဲမှုသည် ဤအခြေအနေကို ပို၍အရောက်မြန်စေသည်။ မိသားစုကိုကျွေးမွေးရန် မပြတ်ရုန်းကန်နေရသည်ကိုသိသောခင်ပွန်းသည် အလုပ်ရှာရန် အနီးအနားမြို့တစ်မြို့ သို့မဟုတ် အခြားနိုင်ငံတစ်ခုသို့ပင် ပြောင်းရွှေ့ဖို့ဆုံးဖြတ်ပေမည်။ သူသည် မိသားစုကိုစောင့်ရှောက်ရန် ဇနီးကိုထားရစ်ခဲ့၏။ သူသည် အလုပ်ကောင်းတစ်ခုကိုရလျှင် အိမ်သို့ချက်လက်မှတ်ဖြင့်ငွေပို့ပေး၏။ သူ့တွင် ရည်ရွယ်ချက်ကောင်းရှိသော်လည်း အဆိုပါရည်ရွယ်ချက်မှာ ပျက်သွားတတ်သည်။ သူထားရစ်ခဲ့သောမိသားစုသည် ဆင်းရဲတွင်းနက်သည်ထက်နက်သွားနိုင်ခြေရှိကာ ယခု သူတို့၏ကောင်းကျိုးချမ်းသာသည် မိခင်အပေါ်တွင်မူတည်တော့သည်။
“ဆင်းရဲမှုဆိုင်ရာအမျိုးသမီးကဏ္ဍ” ဟုလျောက်ပတ်စွာဆိုထားသော ဤဆိုးသွမ်းသံသရာသည် သန်းနှင့်ချီသောအမျိုးသမီးများအပေါ် ဧရာမဝန်ထုပ်ကြီးတစ်ခုဖြစ်နေသည်။ “ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းရှိသုံးပုံတစ်ပုံခန့်သော အမျိုးသမီးများကဦးစီးသည့် အိမ်ထောင်စုများသည် အမျိုးသားများဦးစီးသည့် အိမ်ထောင်စုများထက် အဆပေါင်းများစွာဆင်းရဲသည့်ပုံရှိပြီး ထိုသို့သောအိမ်ထောင်စုဦးရေသည် တိုးများလာလျက်ရှိသည်” ဟုအမျိုးသမီးများနှင့်ကျန်းမာရေးစာအုပ်ကရှင်းပြသည်။ သို့သော် ဤခက်ခဲသော အစားအစာကျွေးမွေးခြင်းသည် အမျိုးသမီးများရင်ဆိုင်ရသည့် တစ်ခုတည်းသောစိန်ခေါ်ချက်မဟုတ်ပါ။
မိခင်များနှင့် သွန်သင်သူများ
မိခင်တစ်ဦးသည် သားသမီးများ၏စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြည့်ရှုပြုစုပေးရသည်။ သူမသည် ချစ်ခြင်းမေတ္တာနှင့်တွယ်တာမှုသံယောဇဉ်အကြောင်း ကလေးတစ်ဦးကိုသင်ကြားကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ထိုသင်ခန်းစာများသည် ကလေး၏ကာယရေးလိုအပ်ရာများကိုဖြည့်ဆည်းခြင်းကဲ့သို့ပင် အရေးကြီးပေသည်။ ကလေးတစ်ဦးသည် ချင့်ချိန်တတ်သောလူကြီးတစ်ဦးဖြစ်ရန် ကြီးပြင်းလာစဉ် နွေးထွေးလုံခြုံသောပတ်ဝန်းကျင်လိုအပ်သည်။ မိခင်တစ်ယောက်၏တာဝန်သည် အလွန်အရေးပါနေပြန်သည်။
ဖွံ့ဖြိုးသောကလေးစာအုပ်တွင် ဟယ်လင်ဘီးကဤသို့ရေးသားသည်– “ကလေးကိုနွေးထွေးမှုပေးသောမိခင်သည် တွယ်တာမှုကို ပြသည်၊ ကလေး၏လိုအပ်ရာများကို မကြာခဏ သို့မဟုတ် ပုံမှန်ဦးစားပေးတတ်ပြီး ကလေး၏လှုပ်ရှားဆောင်ရွက်မှုများကို စိတ်ဝင်စားမှုပြသည့်အပြင် ကလေး၏ခံစားချက်များကို အကင်းပါးပါးနှင့် စာနာထောက်ထားတုံ့ပြန်ပေးတတ်၏။” ဂရုစိုက်တတ်သောမိခင်ထံမှ ထိုသို့သောနွေးထွေးမှုရရှိသောကလေးများသည် မိခင်ဖြစ်သူကို မိမိတို့လေးမြတ်ကြောင်းအမှန်ပင်ပြသင့်သည်။—သု. ၂၃:၂၂။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်များစွာသည် ရင်သွေးလေးအား မွေးကတည်းက နွေးထွေးသည့်ဝန်းကျင်ကိုဖန်တီးပေးကြသည်။ အထူးသဖြင့် ဆင်းရဲသောအိမ်ထောင်စုတွင် မိခင်၏နို့ရည်သည် မွေးစကလေးငယ်လေးကို သူပေးနိုင်သည့် တန်ဖိုးမဖြတ်နိုင်သည့်လက်ဆောင်မွန်ဖြစ်၏။ (စာမျက်နှာ ၁၀-၁၁ ပါလေးထောင့်ကွက်ရှု။) စိတ်ဝင်စားစရာမှာ တမန်တော်ပေါလုသည် သက်သာလောနိတ်ရှိခရစ်ယာန်များအတွက် သူ၏နွေးထွေးသောတွယ်တာမှုကို “မိမိသူငယ်ကိုကျွေးမွေးပြုစု” သော “နို့ထိန်း” ဟုနှိုင်းယှဉ်ဖော်ပြခဲ့ကြောင်း သမ္မာကျမ်းစာကဆိုသည်။—၁ သက်သာလောနိတ် ၂:၇၊ ၈။
ကလေးများကိုကျွေးမွေးပြုစုသည့်အပြင် မိခင်သည် သူတို့၏အဓိကသွန်သင်ပေးသူဖြစ်သည်။ “ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်းမပယ်နှင့်” ဟုသမ္မာကျမ်းစာကဆုံးမထားရာ ကလေးများကိုပညာသင်ပေးရာတွင် မိခင်၏ကျယ်ပြန့်သောအခန်းကဏ္ဍကိုဖော်ပြသည်။ (သု. ၁:၈) အပြောအဆို၊ အသွားအလာ၊ အိမ်မှုကိစ္စများနှင့် မရေတွက်နိုင်သည့်အခြားအရာများကို ကလေးအားစိတ်ရှည်လက်ရှည်သင်ကြားပေးသူမှာ အဓိကအားဖြင့် မိခင် သို့မဟုတ် အဘွားဖြစ်သည်။
ထောက်ထားစာနာတတ်မှုများစွာလိုအပ်
၎င်းတို့၏မိသားစုများကို အမျိုးသမီးများပေးနိုင်သည့် အမွန်မြတ်ဆုံးလက်ဆောင်မွန်တစ်ခုမှာ ထောက်ထားစာနာတတ်မှုဖြစ်သည်။ မိသားစုဝင်တစ်ဦးဖျားနာသောအခါ မိခင်ဖြစ်သူသည် သူနာပြုအခန်းကဏ္ဍကိုတာဝန်ယူရပြီး တစ်ချိန်တည်းတွင် သူ၏အခြားတာဝန်များကိုထမ်းဆောင်နေရဆဲဖြစ်သည်။ “အမှန်မှာ ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကို မိန်းမသားများက အများဆုံးပေးကြသည်” ဟုအမျိုးသမီးများနှင့်ကျန်းမာရေးစာအုပ်ကရှင်းပြသည်။
မိခင်တစ်ဦး၏ထောက်ထားစာနာတတ်မှုက သူ၏ကလေးများစားစရာမရှိဘဲမဖြစ်စေရန် သူမကိုယ်နှိုက်လျှော့စားဖို့ပင်လှုံ့ဆော်ပေမည်။ အချို့သောအမျိုးသမီးများသည် အာဟာရချို့တဲ့လျက်ပင် လုံလုံလောက်လောက်စားနေသည်ဟုယူဆကြကြောင်း သုတေသီများကတွေ့ရှိခဲ့ကြသည်။ သူတို့သည် အလုပ်လုပ်နေနိုင်သမျှ သူတို့၏ခင်ပွန်းများနှင့်ကလေးများကို ပို၍များများဝေမျှပေးတတ်ကြရာ သူတို့ကိုယ်နှိုက်လုံလောက်စွာစားနေသည်ဟု ယူဆကြသည်။
တစ်ခါတစ်ရံ အမျိုးသမီးတစ်ဦး၏ထောက်ထားစာနာတတ်မှုက ဒေသပတ်ဝန်းကျင်အတွက် သူ၏စိုးရိမ်ပူပန်မှုကိုဖော်ပြသည်။ မိုးခေါင်ခြင်း၊ ကန္တာရဖြစ်ခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့က ထိုဒေသကိုချွတ်ခြုံကျစေသောအခါ သူလည်းဆင်းရဲမှုခံရသောကြောင့် ထိုပတ်ဝန်းကျင်သည် သူမအတွက်အရေးပါ၏။ အိန္ဒိယနိုင်ငံမြို့တစ်မြို့တွင် သစ်ကုမ္ပဏီတစ်ခုက အနီးအနားသစ်တောရှိ သစ်ပင် ၂,၅၀၀ ခန့်ကိုခုတ်ဖြတ်မည်ဖြစ်ကြောင်းသိရှိကြသောအခါ အမျိုးသမီးများကိုတုန်လှုပ်ချောက်ချားစေခဲ့သည်။ အစားအစာ၊ လောင်စာနှင့် တိရစ္ဆာန်အစားအစာတို့အတွက် ထိုအပင်များကို အမျိုးသမီးများလိုအပ်၏။ သစ်ခုတ်သမားများရောက်လာကြသောအခါ အမျိုးသမီးများသည် ထိုနေရာသို့အသင့်ရောက်ရှိကြပြီး လက်ချင်းဆက်ကာ သစ်ပင်များကိုဝိုင်းပတ်ကာကွယ်ထားကြ၏။ ‘သစ်ပင်တွေကို ရှင်တို့ဖြတ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ခေါင်းကိုရှင်တို့ဖြတ်ရလိမ့်မယ်’ ဟုသစ်ခုတ်သမားများကိုပြောခဲ့ကြသည်။ သို့ဖြင့် ထိုသစ်တောကို ကယ်တင်လိုက်ကြသည်။
“မိန်းမကျင့်ရာ အကျိုးကိုပေးလော့”
မိသားစု၏စားဝတ်နေရေးစီမံပေးသူ၊ မိခင်၊ သွန်သင်သူ သို့မဟုတ် အမြဲမပြတ်ထောက်ထားစာနာတတ်သူဖြစ်စေအမျိုးသမီးတစ်ဦးသည် သူ၏လုပ်ဆောင်မှုအတွက် လေးစားမှုနှင့်အသိအမှတ်ပြုခြင်းကိုရထိုက်၏။ လုပ်ရည်ကြံရည်ရှိသော ဇနီးတစ်ဦးကို အကြီးအကျယ်ချီးမွမ်းခဲ့သည့် ပညာရှိလေမွေလသည် အမျိုးသမီး၏အလုပ်နှင့် ဆုံးမမှု နှစ်ခုစလုံးကိုတန်ဖိုးထားခဲ့သည်။ အမှန်မှာ၊ သူ၏သဘောတရားသည် သူ့ကိုသွန်သင်ပေးခဲ့သည့် မိခင်ထံမှအဓိကရရှိကြောင်း သမ္မာကျမ်းစာကရှင်းပြသည်။ (သု. ၃၁:၁) အသိစိတ်ရှိရှိလုပ်ဆောင်တတ်သည့် ဇနီးနှင့်မိခင်ကို အရေးမထားဘဲမနေသင့်ကြောင်း လေမွေလယုံကြည်သည်။ “ထိုသို့သောမိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကိုထင်ရှားစေသတည်း။”—သု. ၃၁:၃၁။
သို့ရာတွင် လေမွေလသည် ထိုအမြင်မျိုးကိုဖော်ပြသောအခါ ယင်းတို့သည် လူ့အတွေးအခေါ်ကိုဖော်ပြခြင်းမျှသာမဟုတ်ပါ။ ယင်းတို့ကို ဘုရားသခင့်နှုတ်မြွတ်စကားတော်ဖြစ်သော သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထား၏။ ‘ကျမ်းစာရှိသမျှကို ဘုရားသခင်မှုတ်သွင်းတော်မူ၏။’ (၂ တိမောသေ ၃:၁၆) ဘုရားသခင်သည် လမ်းညွှန်မှုအတွက် သမ္မာကျမ်းစာတွင် ထိုစာပိုဒ်များကိုမှုတ်သွင်းထားသောကြောင့် ထိုသဘောထားများက အမျိုးသမီးများနှင့်ပတ်သက်သော တန်ခိုးအတိုင်းအဆမဲ့ဘုရားသခင်၏အမြင်ကိုဖော်ပြသည်။
ထို့အပြင် ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်က ခင်ပွန်းသည်များအား “[၎င်းတို့၏ဇနီးများကို] လေးမြတ်” သင့်သည်ဟုဖော်ပြထားသည်။ (၁ ပေတရု ၃:၇၊ သမ) တစ်ဖန် ဧဖက် ၅:၃၃ တွင် ခင်ပွန်းသည်အား ဤသို့ဆိုထားသည်– “သင်တို့သည် အသီးသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” ဧဖက် ၅:၂၅ ကဤသို့ဆို၏– “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်းကိုယ်ခင်ပွန်းကိုချစ်ကြလော့။” မှန်ပါသည်၊ ခရစ်တော်သည် နောက်တော်လိုက်များအတွက် လိုလိုလားလားအသေခံသည့်အထိ ထိုသို့သောမေတ္တာကိုပြသခဲ့သည်။ ခင်ပွန်းသည်များအတွက် ကိုယ်တော်ချမှတ်သော ကိုယ်ကျိုးမဖက်သည့်ပုံသက်သေသည် ကောင်းမြတ်လှသည်တကား! ယေရှုသွန်သင်ခဲ့ပြီး နေထိုင်ခဲ့သည့်စံနှုန်းများသည် ဘုရားသခင့်စံနှုန်းများကိုထင်ရှားစေကာ ကျွန်ုပ်တို့အကျိုးအတွက် သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည်။
အမျိုးသမီးများစွာသည် ဒေသများစွာတွင် အလွန်ပင်ပန်းစွာလုပ်နေကြလင့်ကစား သူတို့လုပ်ဆောင်မှုအတွက် ချီးကျူးမှုခံရခဲသည်။ ယခုပင် သူတို့သည် မိမိတို့၏ဘဝခံစားရာကို မည်သို့တိုးတက်စေနိုင်မည်နည်း။ သူတို့အပေါ်ထားသည့်သဘောထားများ ပြောင်းလဲမည့်အကြောင်းတစ်စုံတစ်ခုများရှိပါသလော။ အမျိုးသမီးများအတွက် အနာဂတ်မျှော်လင့်ချက်များကားအဘယ်နည်း။
[စာမျက်နှာ ၁၀၊ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အမျိုးသမီးတစ်ဦး၏ကဏ္ဍကို တိုးတက်စေနိုင်သည့်နည်းသုံးနည်း
ပညာရေး။ ကမ္ဘာပေါ်တွင် စာမတတ်သည့်အမျိုးသမီး သန်း ၆၀၀ ခန့်ရှိရာ ထိုသူအများစုသည် ကျောင်းတက်ရန်အခွင့်အလမ်းမရခဲ့ဖူးသူများဖြစ်ကြ၏။ သင်ကိုယ်နှိုက်ကျောင်းသိပ်မနေခဲ့ရသူဖြစ်နိုင်သော်လည်း ယင်းက မိမိဘာသာပညာမဆည်းပူးနိုင်တော့ဟုဆိုလိုခြင်းမဟုတ်။ ယင်းသည် မလွယ်ချေ၊ သို့သော် အမျိုးသမီးများစွာအောင်မြင်ခဲ့ကြပြီ။ “ဘာသာရေးဆိုင်ရာ ဆင်ခြင်စရာများသည် စာပေတတ်ကျွမ်းလာရန် လူကြီးများအား တွန်းအားပေးစေ့ဆော်ရာတွင် အရေးပါသောကဏ္ဍမှပါဝင်နိုင်သည်” ဟုအမျိုးသမီးများနှင့်စာပေစာအုပ်ကရှင်းပြသည်။ ကျမ်းစာကို ကိုယ်တိုင်ဖတ်နိုင်ခြင်းသည် စာဖတ်တတ်ခြင်း၏ဆုကျေးဇူးကောင်းတစ်ခုဖြစ်သည်။ သို့သော် အခြားအကျိုးကျေးဇူးများစွာရှိသေးသည်။
ရေးနိုင်ဖတ်နိုင်သောမိခင်သည် သာ၍ကြီးမားသောစီးပွားရေးအခွင့်အရေးများကိုရရှိသည်သာမက ကောင်းသောကျန်းမာရေးအလေ့အကျင့်များကိုလည်း သင်ယူနိုင်သည်။ ကယ်ရာလာပြည်နယ်မှအိန္ဒိယလူမျိုးတို့က စာတတ်မြောက်မှု၏အကျိုးကျေးဇူးများကို ထင်ရှားစွာဖော်ပြသည်။ ဤဒေသသည် ဝင်ငွေအနေဖြင့်ပြောရလျှင် အများအားဖြင့် နည်းသော်လည်း အိမ်ရှင်မ ၈၇ ရာခိုင်နှုန်းသည် ရေးနိုင်ဖတ်နိုင်ကြသည်။ စိတ်ဝင်စားစရာမှာ ထိုပြည်နယ်၌ ကလေးသေနှုန်းသည် အိန္ဒိယနိုင်ငံကျန်ဒေသများထက် ငါးဆပိုနည်းသည်; အမျိုးသမီးများသည် ပျမ်းမျှအားဖြင့် ၁၅ နှစ်သက်တမ်းပိုရှည်ကြသည်; ထို့အပြင် မိန်းကလေးအားလုံး ကျောင်းနေရကြသည်။
ပုံမှန်အားဖြင့် ရေးနိုင်ဖတ်နိုင်သောမိခင်သည် မိမိကလေးများကိုသင်ယူတတ်အောင် လှုံ့ဆော်ပေးသည့် သိပ်မလွယ်လှသောအလုပ်ကို လုပ်ဆောင်ပေးကြသည်။ မိန်းကလေးများ၏ပညာရေးသည် အလွန်ကောင်းသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ မိသားစုကျန်းမာရေးနှင့် အမျိုးသမီးများ၏ဘဝကိုတိုးတက်စေရန် မည်သည့်အရာကမျှ ထိုသို့မစွမ်းဆောင်ပေးနိုင်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကထုတ်ဝေသော ၁၉၉၁ ခုနှစ်ကမ္ဘာ့ကလေးများ၏အခြေအနေစာအုပ်ကဖော်ပြထားသည်။ ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖတ်တတ်ခြင်းသည် သင့်ကိုပို၍ကောင်းသောမိခင်နှင့်ထောက်ပံ့သူတစ်ဦးဖြစ်စေမည်မှာ မလွဲမသွေပင်။a
ကျန်းမာရေး။ မိခင်တစ်ဦးအနေနှင့် အထူးသဖြင့် သင်သည်ကိုယ်ဝန်ဆောင်နေမည် သို့မဟုတ် သားသည်မိခင်ဖြစ်နေမည်ဆိုလျှင် သင့်ကိုယ်သင်ဂရုစိုက်ဖို့လိုမည်။ သင့်အစာကို ပိုကောင်းစေနိုင်သလော။ အာဖရိကတိုက်အပြင် အာရှတိုက်တောင်ပိုင်းနှင့်အနောက်ပိုင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးပုံနှစ်ပုံနီးပါးသည် ဆေးရှုထောင့်အရ သွေးအားနည်းနေကြသည်။ တဖြည်းဖြည်းအားယုတ်စေသည့်အပြင် သွေးအားနည်းခြင်းသည် ကလေးမွေးဖွားမှုနှင့်ဆက်နွှယ်သည့် အန္တရာယ်များကိုတိုးများစေပြီး ငှက်ဖျားရရန်ပို၍လွယ်ကူစေသည်။ အသားငါးတို့သည် ရှားပါးမည် သို့မဟုတ် ဈေးကြီးမည်ဖြစ်သော်လည်း ဥများနှင့် သံဓာတ်ကြွယ်ဝသောအသီးများ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို ရရှိနိုင်ပေသည်။ အယူသီးပြီး အာဟာရရှိသောအစားအစာများကိုမရှောင်ပါနှင့်၊ ဒေသဓလေ့ထုံးစံများကြောင့် မိသားစုအစာမှ သင့်ဝေစုကို မစားဘဲအငတ်မခံပါနှင့်။b
မိခင်နို့တိုက်ကျွေးခြင်းသည် သင့်အတွက်သာမက သင့်ကလေးအတွက်ပါကောင်းသည်။ နို့ရည်သည် အကုန်အကျမများ၊ ပိုသန့်ရှင်းပြီး မည်သည့်အစားထိုးအစာထက်မဆို အာဟာရပိုရှိ၏။ မိခင်များသည် ကလေးငယ်များကို ပထမလေးလမှခြောက်လအထိ မိခင်နို့တိုက်ကျွေးမည်ဆိုလျှင် နှစ်စဉ်ကလေးတစ်သန်း သေဆုံးမှုကို ရှောင်နိုင်မည်ဟု ယူနီဆက်ဖ်ကခန့်မှန်းထားသည်။ မိခင်တွင် နို့ရည်မှတစ်ဆင့်ကူးနိုင်ကြောင်းသိထားသော ကူးစက်ရောဂါရှိသည့်အခါတွင်မူ အခြားအစားအစာကိုပြောင်းကျွေးသင့်ပေသည်။
သင်သည် အိမ်ထဲတွင် အကာအရံမရှိသောမီးဖိုဖြင့် ချက်ပြုတ်နေမည်ဆိုလျှင် သင့်တော်သောလေဝင်လေထွက်ရှိရန် သေချာစေပါ။ “ချက်ပြုတ်ရာမှထွက်သောမီးခိုးများနှင့် အဆိပ်အတောက်ဖြစ်စေသည့်ဓာတ်ငွေ့များ လေထုထဲရောက်ရှိနေမှုသည် လုပ်ငန်းခွင်တွင်ဖြစ်တတ်သည့်ကျန်းမာရေးအန္တရာယ်ကို အများဆုံးပေးနိုင်သည့်အရာဖြစ်နိုင်သည်ဟု လူသိများကြ၏” ဟူ၍အမျိုးသမီးများနှင့်ကျန်းမာရေးစာအုပ်ကသတိပေးထားသည်။
မည်သည့်တွန်းအားပေးမှုကြောင့်မှ ဆေးလိပ်မသောက်ပါနှင့်။ ဖွံ့ဖြိုးတိုးတက်နေသောကမ္ဘာတွင် ပျံ့နှံ့နေသောစီးကရက်ကြော်ငြာသည် အမျိုးသမီးများကိုပစ်မှတ်ထားကာ ဆေးလိပ်သောက်ခြင်းသည် ခေတ်မီခြင်းဖြစ်သည်ဟု လက်ခံလာရန် ကြိုးစားနေလျက်ရှိသည်။ ယင်းသည် လုံးဝမမှန်ချေ။ ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးများကိုထိခိုက်စေပြီး သင့်ကိုသေစေနိုင်၏။ နောက်ဆုံးတွင် ဆေးလိပ်သောက်သူအားလုံး၏လေးပုံတစ်ပုံသည် ဆေးလိပ်စွဲခြင်းကြောင့်သေဆုံးခဲ့ကြသည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ပထမဆုံးစီးကရက်သောက်သူတစ်ဦးသည် ဆေးလိပ်စွဲဖို့အလားအလာ အလွန်များကြောင်း ကျွမ်းကျင်သူများကသတိပေးကြသည်။
တစ်ကိုယ်ရေသန့်ရှင်းမှု။ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ သင်၏ပုံသက်သေနှင့် အကြံပေးချက်များသည် သင့်မိသားစု၏ကျန်းမာရေးအတွက် အရေးပါ၏။ ဘဝအတွက်ဖြစ်ရပ်မှန်များစာအုပ်က ကောင်းသောတစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အောက်ပါအခြေခံခြေလှမ်းများကို အကြမ်းဖျင်းဖော်ပြထားသည်–
• မစင်စွန့်ပြီးတိုင်းနှင့် အစားအစာမကိုင်တွယ်မီ သင့်လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။ သင့်ကလေးများ အစာမစားမီလက်ဆေးဖို့သေချာစေပါ။
• တွင်းအိမ်သာကိုသုံးပြီး သန့်ရှင်းစွာထားကာ အဖုံးဖုံးထားပါ။ ဤအရာမဖြစ်နိုင်လျှင် သင့်အိမ်နှင့်ဝေးနိုင်သမျှဝေးသောနေရာတွင် စွန့်ပြီး မစင်ကိုချက်ချင်းမြေမြှုပ်ပါ။—တရားဟောရာ ၂၃:၁၂၊ ၁၃ နှိုင်းယှဉ်။
• သင့်မိသားစုတွင် သန့်စင်သောရေကိုအသုံးပြုရန်ကြိုးစားပါ။ ယင်းသို့ဖြစ်ရန် ရေတွင်းကိုဖုံးထားပြီး ရေသယ်ရန်အတွက် သန့်ရှင်းသောအိုးခွက်များကိုသုံးပါ။
• သောက်ရေအလုံအလောက်မရရှိလျှင် ရေကိုကျိုချက်ပြီး မသောက်မီအအေးခံပါ။ ကျိုချက်မထားသောရေသည် သန့်စင်နေပုံရှိသော်လည်း ညစ်ညမ်းမှုရှိနိုင်သည်။
• ချက်ပြုတ်မထားသောအစားအစာသည် ရောဂါကူးစက်ခံရနိုင်ခြေပိုများကြောင်းသတိရပါ။ အစိမ်းစားရသည့် အစားအစာများကို မစားမီဆေးကြောထားသင့်ပြီး ဖြစ်နိုင်သမျှအမြန်ဆုံးစားပါ။ အခြားအစားအစာများ အထူးသဖြင့် အသားနှင့်ခြံမွေးတိရစ္ဆာန်အသားများကို ကောင်းစွာကျက်အောင်ချက်သင့်သည်။
• အစားအစာကိုသန့်သန့်ရှင်းရှင်းထားပြီး ပိုးမွှားများ သို့မဟုတ် တိရစ္ဆာန်များကြောင့်မညစ်ညမ်းစေနိုင်ရန် ဖုံးထားပါ။
• အိမ်တွင်းအမှိုက်သရိုက်များကို မီးရှို့ သို့မဟုတ် မြေမြှုပ်ပါ။c
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါသက်သေများသည် ၎င်းတို့၏ကျယ်ပြန့်သော ကျမ်းစာပညာပေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခမဲ့စာတတ်မြောက်ရေးသင်တန်းများကို စီစဉ်ပေးကြသည်။
b အချို့နိုင်ငံများတွင် ဗိုက်ထဲရှိကလေးငယ်ကိုထိခိုက်မည်စိုး၍ ကိုယ်ဝန်ဆောင်စဉ်အတွင်း ငါး၊ ဥများ သို့မဟုတ် ကြက်သားတို့ကို အမျိုးသမီးများမစားသင့်ဟူသည့် အယူသီးမှုများရှိသည်။ တစ်ခါတစ်ရံ ထုံးစံဓလေ့က အမျိုးသမီးသည် အမျိုးသားများနှင့် ယောက်ျားလေးများစားပြီးနောက် အကြွင်းအကျန်ကိုစားရမည်ဟုတောင်းဆိုထားသည်။
c အသေးစိတ်အချက်အလက်များအတွက် ၁၉၉၅ ခု၊ ဧပြီ ၈ နိုးလော့! [လိပ်] စာမျက်နှာ ၆-၁၁ ကိုရှု။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အနောက်တိုင်းရှိအမျိုးသမီးများစွာသည် ရုံးများတွင်လုပ်ကိုင်ကြ
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
အမျိုးသမီးများစွာသည် အလွန်ခက်ခဲသော အခြေအနေများတွင် အလုပ်လုပ်ကြရ
[Credit Line]
Godo-Foto
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အိမ်တွင် မိခင်များသည် သွန်သင်သူများဖြစ်