ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၆/၈ စာ. ၅-၈
  • ကျန်းမာရေးကောင်းကို မည်သို့ခံစားနိုင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျန်းမာရေးကောင်းကို မည်သို့ခံစားနိုင်သနည်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးဘက်ဆိုင်ရာအကူအညီကို ရယူရသောအချိန်
  • ကောင်းသောကျန်းမာရေး—သင်ဘာလုပ်ပေးနိုင်သနည်း
  • မိမိဘာသာ ဆေးကုသခြင်း အကျိုးကျေးဇူးနှင့် အန္တရာယ်
    နိုးလော့!—၁၉၉၉
  • ဆရာဝန်ညွှန်းသည့်ဆေးဝါးများကို သုံးစွဲခြင်းနှင့် တလွဲသုံးခြင်း
    နိုးလော့!—၂၀၀၉
  • ဖိစီးမှုဒဏ်ခံ ဆရာဝန်များ
    နိုးလော့!—၂၀၀၅
  • ဆေးဝါးများကို မိမိသဘောဖြင့် သုံးစွဲခြင်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၆/၈ စာ. ၅-၈

ကျန်းမာရေးကောင်းကို မည်သို့ခံစားနိုင်သနည်း

ရောဂါကုထုံးများမှာ စကားလက်ဆုံကျရာတွင် ရေပန်းစားသောအကြောင်းတစ်ရပ်ဖြစ်၏။ မိတ်ဆွေ သို့မဟုတ် အိမ်နီးနားချင်းတိုင်းတွင် ဆေးဘက်ဆိုင်ရာအခြေအနေနှင့်ပတ်သက်၍ နှစ်ခြိုက်သည့်ဖြေရှင်းကုသနည်းတစ်မျိုးစီ ရှိဟန်တူ၏။ မိမိဘာသာ ဆေးကုသရန် စေ့ဆော်ခံရခြင်းမှာ အလွန်ပြင်းထန်နိုင်ကြောင်းကို နားလည်နိုင်ပါသည်။ သို့သော် ဘရာဇီးလူမျိုး ဆရာဝန်တစ်ဦးက “အခြေအနေဆိုးလာမှသာလျှင် ဆရာဝန်၏အကူအညီကို ရှာဖွေကြသည့်” လူစားမျိုးရှိ၏ဟုပြောသည်။ “သူတို့၌ မိမိဘာသာ ဆေးကုသရာ၌ လနှင့်ချီ၍ကုသသော်လည်း ပျောက်ကင်းခြင်းမရှိသော အရေပြားပေါ်အနာများရှိနေပေမည်။ ဆရာဝန်ထံသို့ သူတို့ရောက်သွားသောအခါ ယင်းသည် စဖြစ်ကတည်းက ကုသမှုပြုသင့်သော ကင်ဆာရောဂါမျိုးဖြစ်နေကြောင်း သိကြရလေတော့သည်။”

အစောကြီးကတည်းက ရောဂါကိုသိထားခြင်းသည် အသက်ဘေးမှလွတ်မြောက်စေလေ့ရှိပြီး နှောင့်နှေးပါက အသက်ဆုံးရှုံးသွားနိုင်၏။ “အသက် ၃၀ ရှိအမျိုးသမီးတစ်ဦးမှာ ဓမ္မတာထိန်နေပြီး ဝမ်းဗိုက်အောက်နားတွင် အတော်အတန်နာကျင်ကိုက်ခဲနေသည်။ သူသည် အကိုက်အခဲပျောက်ဆေးဝါးများနှင့် ရောင်ရမ်းမှုကိုလျော့ပါးစေသည့်ဆေးဝါးများဖြင့် အပြင်းအထန် မိမိဘာသာ ကုသခဲ့ရာ နာကျင်ကိုက်ခဲမှုလျော့သွားလေ၏” ဟူ၍ ခွဲစိတ်ဆရာဝန်တစ်ဦးက ပြောပြသည်။ “သို့သော် သုံးရက်ကြာသော် ရုတ်တရက်သွေးသွန်၍ လျင်မြန်စွာ ဆေးရုံတင်လိုက်ရ၏။ ချက်ချင်းပင် သူ့ကို ကျွန်တော်ခွဲစိတ်လိုက်ပြီး သားအိမ်ပြွန်၌သန္ဓေတည်နေကြောင်း တွေ့လိုက်ရသည်။ သူ၏အသက်ကို လက်မတင်ကလေး ကယ်လိုက်နိုင်သည်တကား!”

ဆော်ပိုလိုမှ အမျိုးသမီးငယ်တစ်ဦးက မိမိ၌ သွေးအားနည်းနေသည်ဟုယူမှတ်သော်လည်း သူ၏ရောဂါမှာ နာတာရှည် ကျောက်ကပ်အားနည်းခြင်းရောဂါဖြစ်သည်။ ဆေးကုသမှုခံယူရန် သူနှောင့်နှေးခဲ့ခြင်းကြောင့် ဖြေရှင်းနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ အစားထိုးကုသခြင်းပင်ဖြစ်သည်။ သူ၏ဆရာဝန်က ဤသို့ကောက်ချက်ချသည်– “ရံဖန်ရံခါ လူနာသည် ဆေးကုသမှုခံယူဖို့ရာနှောင့်နှေးခြင်း၊ မိမိဘာသာ ဆေးကုသခြင်း သို့မဟုတ် တစ်နည်းအားဖြင့် တတ်သိနားလည်မှုမရှိသူတို့ထံမှ ညွှန်ကြားမှုကိုမျှော်ကိုးခြင်းဖြင့် ဆိုးရွားသောကျန်းမာရေးပြဿနာဖြင့် အသက်ဆုံးရှုံးကြရ၏။”

ကျွန်ုပ်တို့ခန္ဓာကိုယ်မှဖော်ပြသော အချက်ပြချက်များကို ပေါ့ပေါ့ဆဆသဘောမထားလိုကြသည်မှာ သေချာပါသည်။ သို့တိုင် ရောဂါကုထုံးများကိုစွဲလမ်းခြင်း သို့မဟုတ် မိမိဘာသာ ဆေးကုသခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။ ကျန်းမာခြင်းကို “ကိုယ်ခန္ဓာ၊ စိတ် သို့မဟုတ် စိတ်ဓာတ်ကြံ့ခိုင်သည့်အခြေအနေ” သို့မဟုတ် “ကာယပိုင်းဆိုင်ရာရောဂါ သို့မဟုတ် နာကျင်မှုမရှိခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ထားသည်။ စိတ်ဝင်စားစရာမှာ ယနေ့ ရောဂါအများစုသည် များစွာ သို့မဟုတ် အနည်းငယ်သောအတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ကြောင်း အသိအမှတ်ပြုထားကြခြင်းဖြစ်သည်။ ဒေါက်တာ လူဝစ္စ သောမတ်စ်က “ကျွန်ုပ်တို့အားလုံးသည် အဆီအငေါ်မတည့်စွာဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန်မာ၍ ခံနိုင်ရည်ရှိသောသက်ရှိများ၊ အပြည့်အဝကျန်းမာရေးကောင်းစွာ ဖန်တီးထားခြင်းခံရ၏” ဟုဆိုသည်။ သို့ဖြစ်၍ ‘ကျန်းမာရေးကို အဆမတန်စိုးရိမ်ကာ ကျွန်ုပ်တို့ကိုယ်ကို သေလုနီးပါးဖြစ်စေသည့်အထိ စိတ်ပူပန်ခြင်း’ ဖြစ်မည့်အစား ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာနှင့် ယင်း၏သာလွန်ထူးကဲသောကုသနိုင်စွမ်းဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပေသည်။ ကျွမ်းကျင်သောဆရာဝန် သို့မဟုတ် ကျန်းမာရေးတတ်သိနားလည်သူပညာရှင်တစ်ဦးကလည်း ကျွန်ုပ်တို့ကို အကူအညီပေးနိုင်ပေလိမ့်မည်။

ဆေးဘက်ဆိုင်ရာအကူအညီကို ရယူရသောအချိန်

ဘရာဇီးလူမျိုးဆရာဝန်တစ်ဦးက “အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းဗိုက်၊ ရင်ပိုင်း သို့မဟုတ် တင်ပါးဆုံရိုးတွင်နာကျင်ကိုက်ခဲခြင်းကဲ့သို့သော ရောဂါပြလက္ခဏာများဖြစ်လာ၍ သာမန်ဆေးဝါးများဖြင့် မသက်သာဘဲရှိကာ အကြောင်းရင်းမည်မည်ရရမရှိဘဲနှင့် အဖန်တလဲလဲဖြစ်မည်ဆိုလျှင် သို့မဟုတ် နာကျင်ကိုက်ခဲမှုသည် ဆိုးဆိုးရွားရွားအလွန်ပြင်းထန်လျှင်” ဆေးပညာအကူအညီရယူဖို့ အကြံပြုထားသည်။ နောက်ဆရာဝန်တစ်ဦးက ကျွန်ုပ်တို့၏ရောဂါပြလက္ခဏာနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းဖို့မသေချာသောအခါ၌ဖြစ်စေ သို့မဟုတ် အခြားအကြိမ်များထက် တစ်ခုခုထူးခြား၍ခံစားရသောအခါ၌ဖြစ်စေ ဆေးဘက်ဆိုင်ရာအကူအညီကို ရယူဖို့ထောက်ခံလေ၏။ သူကထပ်ဆင့်၍ “ကလေးတစ်ဦးဖျားနာသောအခါ မိဘတို့သည် မိမိတို့ဘာသာ ကလေးကိုကုသမည့်အစား အများအားဖြင့် ပညာရှင်တို့၏အကူအညီကိုရယူဖို့ နှစ်သက်ကြသည်” ဟုဆို၏။

သို့သော် ဆေးဝါးများမှာ အမြဲတစေလိုအပ်ပါသလော။ ဆေးဝါးမှီဝဲခြင်းက အကျိုးယုတ်စေမည်လော။ ဝမ်းဗိုက်ထဲမှ နေမထိထိုင်မသာဖြစ်ခြင်း၊ အသည်း သို့မဟုတ် ကျောက်ကပ်များကို ပျက်စီးစေခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးတစ်ခုခုရှိပါသလော။ အခြားဆေးများအပေါ် အပြန်အလှန်အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ကော။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က “လူနာအနည်းငယ်သာ သူတို့၏ပြဿနာများကို စိတ်လှုပ်ရှားမှုကင်းမဲ့စွာ သို့မဟုတ် အရှိကိုအရှိအတိုင်းပင် ရှုမြင်ကြ၏” ဟုဆိုသည်။ သို့တိုင် အသိစိတ်ရှိဆရာဝန်တစ်ဦးက ဆေးအားလုံးလိုလိုသည် ဘေးဖြစ်နိုင်စွမ်းရှိပြီး ယနေ့ သုံးစွဲနေကြသောဆေးဝါးများ၌ ဘေးထွက်ဆိုးကျိုးမရှိသည်မှာ မရှိသလောက်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုနားလည်စေနိုင်သည်။ သင်ဝယ်ယူသော ဆေး၏ဆေးညွှန်းပါစာတမ်းမှ ဖြစ်နိုင်သည့်ဘေးထွက်ဆိုးကျိုးများ၏ သတိပေးချက်များကိုသာ ဖတ်ကြည့်ပါ! အညွှန်းမဲ့ဝယ်သုံးသောဆေးပင်လျှင် တလွဲ သို့မဟုတ် အလွန်အကျွံသုံးစွဲပါက ဘေးအန္တရာယ်ဖြစ်နိုင် သို့မဟုတ် သေစေနိုင်သည်။

ဘောစတန်ဂလုပ်ဘ်သတင်းစာတွင် ရစ်ချာ့ဒ် အေ. နောက်စ်က သတိပြုရန်လိုအပ်မှုကို ဤသို့အလေးအနက်ဖော်ပြသည်– “နေ့စဉ် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲသည့်သန်းနှင့်ချီသောလေးဖက်နာသမားများသည် ရုတ်တရက်နှင့် သေလောက်သည့်အထိ သွေးထွက်ခြင်းဖြစ်ဖို့ အလားအလာရှိသည်ဟု စတင်းဖော့တက္ကသိုလ်မှ သုတေသီများကသတင်းပေးပို့၏။” သူ ဤသို့ထပ်ဆင့်သည်– “ထိုထက်ကား အက်စစ်ဖြေဆေးပါသော အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် အက်ဆစ်ဓာတ်ကိုဆီးတားသည့် ရေပန်းစားသောဆေးလုံးများသောက်သုံးခြင်းက ပြင်းထန်သည့်ဝမ်းဗိုက်ဆိုင်ရာ ရှုပ်ထွေးမှုများမှ ကာကွယ်မပေးသည့်အပြင် ဘေးအန္တရာယ်ကိုတိုးများစေ၏ဟူ၍ သုတေသီများကသတိပေးသည်။”

သာမန် မိမိဘာသာ ဆေးကုသခြင်းနှင့် ပတ်သက်၍ကော။ ဘရာဇီးနိုင်ငံ၊ ရိုင်ဘီအိုင်ရိုပရိတိုမြို့မှ ဆရာဝန်တစ်ဦးက ဤသို့ဆိုသည်– “အိမ်တိုင်း၌ ဆေးဝါးအနည်းငယ်ထားနိုင်မည်ဆိုလျှင် အလွန်အကျိုးဖြစ်ထွန်းမည်ဟု ကျွန်တော်ထင်ပါသည်။ . . . သို့သော် ဤဆေးဝါးမှီဝဲခြင်းမှာ ကောင်းစွာဆုံးဖြတ်၍ ချင့်ချင့်ချိန်ချိန်ဖြင့် အသုံးပြုခြင်းဖြစ်သင့်ပေသည်။” (စာမျက်နှာ ၇ ရှိ လေးထောင့်ကွက်ရှု။) ထို့ပြင် အခြေခံကျန်းမာရေးပညာက သာ၍ကောင်းမွန်သော ဘဝအသက်တာအရည်အသွေးကို ရရှိစေသည်။ အခြေအနေမှာ တစ်ဦးချင်းစီခြားနားကြသောကြောင့် နိုးလော့! ကတိကျသည့်ဆေးဝါးများ၊ ကုထုံးများ သို့မဟုတ် သဘာဝဆေးများကို အကြံမပြုချေ။

ကောင်းသောကျန်းမာရေး—သင်ဘာလုပ်ပေးနိုင်သနည်း

“ကမ္ဘာတွင် အကောင်းဆုံးဆရာဝန်များမှာ ဒေါက်တာဓာတ်စာ၊ ဒေါက်တာငြိမ်းအေး၊ ဒေါက်တာရွှင်ပျော်တို့ဖြစ်သည်” ဟု ၁၈ ရာစုနှစ်မှစာရေးဆရာ ဂျော်နသန် စဝစ်ထ်ကရေးသားခဲ့၏။ အမှန်ပင် မျှတမှုရှိသောဓာတ်စာ၊ လျော်ကန်သောအနားယူခြင်းနှင့် ရောင့်ရဲတတ်သည့်သဘောသည် ကောင်းသောကျန်းမာရေးအတွက် အရေးကြီးရာများဖြစ်ကြသည်။ ယင်းနှင့်ခြားနားလျက် ပါးနပ်သောကြော်ငြာများရှိလင့်ကစား ဆေးဝါးများမှီဝဲလိုက်ရုံဖြင့် ကောင်းသောကျန်းမာရေး ရရှိနိုင်မည်မဟုတ်ချေ။ “ဆေးဝါးထုတ်ကုန်ပစ္စည်းများကို မလိုအပ်ဘဲနှင့် ဘေးအန္တရာယ်ရှိစွာအသုံးပြုခြင်းက” ကျွန်ုပ်တို့၏ရောဂါပြီးစနစ်ကို အားနည်းစေပေမည်။—ဒိုစီယိုနားရယူ တယ်ရာပေအူတီကူ ဂွာနာဘာရာ။

သို့သော် ကျွန်ုပ်တို့၏ဘဝပုံစံအတွက် တာဝန်ရှိကြောင်းခံယူထားခြင်းဖြင့် ဆေးဝါးအလွဲသုံးစားပြုမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနှင့် ဖိစီးမှုအလွန်များစေခြင်းတို့ကို ရှောင်ရှားခြင်းဖြင့် ကျွန်ုပ်တို့၌ ကောင်းသောကျန်းမာရေးကို သာ၍တိုးတက်ဖို့ပြုလုပ်နိုင်၏။ ဘရာဇီး၌ နှစ်ကာလကြာမြင့်စွာ သာသနာပြုအဖြစ်အမှုထမ်းခဲ့သော မာရင်းသည် သူ၏အသက် ၆၀ ပြည့်လွန်နှစ်များ၌ ဤသို့ဆိုသည်– “ကျွန်မသည် ချင့်ချင့်ချိန်ချိန်နေထိုင်ခြင်းနှင့် ကျန်းမာစေသောအစားအသောက်အမျိုးမျိုးကို စားသုံးခြင်းအားဖြင့် ကောင်းမွန်သင့်တင့်သောကျန်းမာရေး၌ မွေ့လျော်နေပါသည်။” သူဤသို့လည်း ရှင်းပြ၏– “ကျွန်မသည် အများအားဖြင့် နံနက်စောစောအိပ်ရာထလေ့ရှိရာ ကျွန်မအတွက် အိပ်ရာစောစောဝင်ဖို့ မရှိမဖြစ်လိုသည်။” ယေဘုယျအသိဉာဏ်နှင့် အကျိုးပြုသောအမူအကျင့်များကို ပေါ့ပေါ့တန်တန်မယူမှတ်ဘဲ အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းနှင့် အရည်အချင်းပြည့်မီသော မိသားစုဆရာဝန်တစ်ဦးနှင့် ကောင်းသောဆက်သွယ်ရေးရှိထားခြင်းသည်လည်း အရေးကြီးသည့်အရာဖြစ်သင့်၏။

မာရင်းသည် ကျန်းမာရေးကောင်းကို ဆက်ထိန်းထားလိုသော်လည်း မိမိ၏ကျန်းမာရေးကို လုံးဝလျစ်လျူရှုခြင်းမပြုသကဲ့သို့ ယင်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ခြင်းကိုလည်း မဖြစ်စေဖို့ ဂရုစိုက်လေသည်။ သူဤသို့ဆို၏– “ရေရှည်အတွက် အကောင်းဆုံးအရာကိုလုပ်ဆောင်ဖို့ ကျန်းမာရေးဆိုင်ရာ မည်သည့်ဆုံးဖြတ်ချက်ကိုမဆိုချသည့်အခါ ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကိုလည်း ကျွန်မတောင်းခံလေ့ရှိသည့်အပြင် ကျွန်မ၏ကျန်းမာရေးကိုတိုးတက်စေရန် ကြိုးစားရာ၌ အချိန်နှင့် ဥစ္စာအင်ခွင်များကို အလွန်အကျွံမသုံးစွဲပါ။ သူ ဤသို့ထပ်ဖြည့်စွက်သည်– “တက်ကြွစွာဆက်ရှိနေခြင်းသည် အလွန်အရေးပါသောကြောင့် ကျွန်မ၏အချိန်နှင့် ခွန်အားကို အသုံးပြုရာတွင် မျှတမှုရှိစေဖို့ အကူအညီပေးရန် ဘုရားသခင်ထံဆုတောင်းပါသည်၊ သို့ဖြင့် မိမိကိုယ်ကို အလွန်အမင်းညှာတာခြင်းမပြုသကဲ့သို့ တစ်ချိန်တည်းတွင် ကျွန်မ၏ကန့်သတ်ချက်များထက် ကျော်လွန်၍လည်းမပြုလုပ်ချေ။”

အမှန်တကယ်ပျော်ရွှင်ဖို့ရာ ကျွန်ုပ်တို့သည် အနာဂတ်ကိုလျစ်လျူရှု၍ မရနိုင်ချေ။ ကျွန်ုပ်တို့သည် ယခုတွင် အတော်အတန် ကျန်းမာရေးကောင်းမွန်လင့်ကစား ရောဂါ၊ နာကျင်မှု၊ ဝေဒနာနှင့် အဆုံး၌သေခြင်းရှိနေ၏။ ကျွန်ုပ်တို့သည် တစ်နေ့နေ့တွင်လုံးဝ ကျန်းမာသည့်အဖြစ် ရရှိမည်လော။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

မျှတစွာ မိမိကိုယ်ကိုဂရုစိုက်ခြင်း၏ အကျိုးကျေးဇူးများ

သင့်ကျန်းမာရေးသည် သင့်အစားအသောက်ပေါ်တွင် များစွာမူတည်နေသည်။ ရေရောထားသောဓာတ်ဆီ သို့မဟုတ် သကြားရောထားသောဂက်စ်ဖြင့် ကားတစ်စီးကို သင်မောင်းနှင်ပါက သင့်ကားအင်ဂျင်မှာ မကြာမီပျက်စီးသွားပေလိမ့်မည်။ အလားတူပင် အကျိုးမဲ့အစားအသောက်ဖြင့်သာ သင်အသက်ဆက်နေပါက နောက်ဆုံးတွင် ကျန်းမာရေးကိုထိခိုက်သည့်အဖိုးအခကို ပေးရလိမ့်မည်။ ကွန်ပျူတာလောကတွင် ယင်းကို GIGO ဟုခေါ်ကာ “အမှိုက်သရိုက်သွင်းလျှင်၊ အမှိုက်သရိုက်ပြန်ထွက်မည်” ဟုအဓိပ္ပာယ်ရသည်။

အထွေထွေရောဂါကုဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ မဲလ်နင်း မင့်တ်ဇာက ဤသို့ ရှင်းပြသည်– “လူနာသုံးမျိုးသုံးစားရှိသည်– ဆရာဝန်များနှင့် မိမိတို့ဖြစ်နိုင်ရာကို တိုင်ပင်နှီးနှော၍ အိမ်၌ မိမိတို့ဘာသာ ပြီးစလွယ်လုပ်တတ်သောလူစားမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လျော်ကန်စွာဖြင့်အသုံးပြုသောလူစားမျိုးနှင့် ဆရာဝန်များနှင့်တိုင်ပင်နှီးနှောသင့်လျှင်ပင် သွားရောက်ပြသခြင်းမရှိသောလူစားမျိုး ဖြစ်သည်။ ပထမအုပ်စုတွင်ပါရှိသောသူတို့သည် ဆရာဝန်များ၏အချိန်နှင့် သူတို့၏ကိုယ်ပိုင်အချိန်အပြင် ငွေကိုပါ အလဟဿဖြစ်စေလေ့ရှိသည်။ တတိယအုပ်စုတွင်ပါဝင်သူတို့သည် လျောက်ပတ်သော ကျွမ်းကျင်မှုဆိုင်ရာဂရုစိုက်မှုကိုလုပ်ဆောင်ရန် နှောင့်နှေးနေခြင်းဖြင့် သူတို့၏အသက်ကို ဘေးတွေ့စေနိုင်သည်။ ဒုတိယအုပ်စုကဲ့သို့သောလူများ သာ၍များလာစေဖို့ ဆရာဝန်များကလိုလားကြသည်။”

“ကောင်းမွန်သောကျန်းမာရေးရှိနေဖို့ အချက်ခုနစ်ချက်ရှိသည်– အကျိုးပြုသောအစားအသောက်ကို သုံးဆောင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ လုံလောက်စွာ အနားယူခြင်း၊ ဝန်ပိသောဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းလိုက်ခြင်း၊ ရင်းနှီးတွယ်တာမှုရှိလူမှုပေါင်းသင်းမှုကို ထိန်းသိမ်းထားခြင်းနှင့် ဖျားနာမှုများနှင့် မတော်တဆဖြစ်မှု အလားအလာများကိုလျော့ပါးသွားစေဖို့ အမြော်အမြင်ရှိရှိကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းတို့ဖြစ်သည်။”—အဲနီဆိုင်းမွန်း၊ M.D ဘော်ဘီ ဟက်စ်လေဘရင်းနှင့် မိုက်ကယ် ကဲစ်လ်မန် တို့ရေးသားသော ဆရာဝန်မပင့်မီ—ဆေးဘက်ဆိုင်ရာပြဿနာ ၃၀၀ ကျော်အတွက် မိမိတို့ဘာသာ ထိထိရောက်ရောက်ဂရုစိုက်ပေးခြင်း။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အိမ်တွင်းဆေးသေတ္တာ

“ရောဂါပြလက္ခဏာများ—ကိုက်ခဲခြင်းများ၊ နာကျင်ခြင်းများ၊ ထိခိုက်ပွန်းရှနာများနှင့်မအီမသာဖြစ်ခြင်း သို့မဟုတ် ရောဂါဆိုင်ရာ အခြားလက္ခဏာများ—ကိုခံစားရသူ ၉၀ ရာခိုင်နှုန်းခန့်သည် တစ်နည်းဆိုရလျှင် ကျန်းမာရေးကောင်းသောအရွယ်ရောက်သူများသည် အရိပ်လက္ခဏာကိုအလေးမထားကြသည့်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမရှိဟူ၍ ခန့်မှန်းကြသည်။. . .ရံဖန်ရံခါခေါင်းကိုက်ခြင်းအတွက် အက်စပရင်ဆေး၂ပြားသောက်ခြင်းကဲ့သို့သော မြန်ဆန်သည့်ဆေးကုသနည်းကိုအသုံးပြုကြ၏။”

“အိမ်တွင်းဆေးသေတ္တာက ဤအရာအားလုံးကို ဖြစ်မြောက်အောင် ပြုလုပ်ပေးလေ့ရှိသည်။ ယင်းက မလိုအပ်ဘဲ ဆရာဝန်ထံ သို့မဟုတ် ဆေးခန်းသို့ ကုန်ကျစရိတ်များသော ခရီးတစ်ခေါက်သွားခြင်းမှ သက်သာစေသည်။”—ပြည့်စုံသည့် အိမ်တွင်း ဆေးဘက်ဆိုင်ရာလမ်းညွှန်၊ ကိုလံဘီယာ တက္ကသိုလ်မှ ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များ။

ထိုစာအုပ်ကပင် အိမ်တွင်းဆေးသေတ္တာ၌ အနာကပ်ရန်အသုံးပြုသောပစ္စည်း၊ တိတ်ကြိုး၊ ပိုးသတ်ထားသော ဆေးဝတ်ဂွမ်းဖတ်များ၊ ဂွမ်း၊ ပတ်တီး၊ လိမ်းဆေးနှင့် ကရင်မ်အမျိုးမျိုး၊ အရက်ပျံ၊ ကတ်ကြေး၊ သာမိုမီတာနှင့် အခြားလက်တွေ့ကျအမျိုးအမည်များကိုထားရှိဖို့ အကြံပြုထားသည်။

ဆေးဝါးအတွက်မူ အဖျားကျဆေးနှင့် နာကျင်မှုကိုသက်သာစေသောဆေးလုံးများ၊ အက်ဆစ်ဖြေဆေးများ၊ ချောင်းဆိုးပျောက်ဆေးရည်၊ ဟစ္စတာမင်းဖြေဆေးများ/သွေးစုခြင်းကိုတားဆီးသည့်ဆေး၊ ဝမ်းနူးဆေးနှင့် ဝမ်းပိတ်ဆေးများကို ဆောင်ထားဖို့ ၎င်းကအကြံပြုသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

သတိပေးစကားတစ်ရပ်

“ယင်းတို့၌ အညွှန်းပေးစရာမလိုလင့်ကစား OTC [အညွှန်းမဲ့] ဆေးဝါးများသည် ဆေးများပင်ဖြစ်၏။ အညွှန်းရှိသောဆေးများကဲ့သို့ပင် အချို့ကို အခြားအရာများ သို့မဟုတ် အစာအချို့ သို့မဟုတ် အရက်နှင့် ရောမသောက်သင့်ချေ။ အခြားဆေးများကဲ့သို့ပင် အချို့သည် သာ၍ကြီးသောပြဿနာများကို ဖုံးကွယ်ထားနိုင် သို့မဟုတ် ဆေးစွဲသွားစေနိုင်သည်။ ထို့အပြင် တစ်ခါတစ်ရံ OTC ဆေးကိုအသုံးပြုလိုက်ရုံဖြင့် ဆရာဝန်ထံသို့သွားရောက်ခြင်းအား အစားမထိုးသင့်ချေ။

“မည်သို့ပင်ဖြစ်စေကာမူ အများစုမှာ စိတ်ချရပြီး ထိရောက်မှုရှိသည်။ . . . ယင်းတို့သည် လိုရာအကျိုးသက်ရောက်မှုရှိစေပြီး ကောင်းစွာပင်ဖြစ်မြောက်စေ၏။”—ဆေးဝါးများကို ပညာရှိစွာအသုံးချခြင်း။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မည်သည့်ဆေးဖက်ဝင်သောအပင် သို့မဟုတ် ဆေးဝါးသည် ဘေးအန္တရာယ် လုံးဝကင်းခြင်းမရှိကြောင်းကိုသတိရပါ

၁။ ဆေးရောင်းသူ၏ ဆေးသေတ္တာ

၂။ လမ်းဘေးချ၍ ဆေးရောင်းသူ

၃။ ဗိန္ဒောဆေးအိတ်များ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ