ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၀/၈ စာ. ၅-၈
  • ဇာတ်လမ်းများကို ဆန်းစစ်ကြည့်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇာတ်လမ်းများကို ဆန်းစစ်ကြည့်ခြင်း
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များသည် လူအများယုံကြည်ကြသကဲ့သို့မဟုတ်
  • ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းကျိုးကို စိတ်ဝင်စားကြ
  • တည်ကြည်သောကောင်းကင်တမန်များ ဘုရားသခင့်စကားတော်နှင့် ဆန့်ကျင်ခြင်းမရှိ
  • “ကောင်းကင်တမန်အားလုံးကိုခေါ်ခြင်း!”
  • ကောင်းကင်တမန်များ၏နာမ၌
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁၀/၈ စာ. ၅-၈

ဇာတ်လမ်းများကို ဆန်းစစ်ကြည့်ခြင်း

ကောင်းကင်တမန်များနှင့်တွေ့ဆုံကြသော မျက်မှောက်ခေတ်ဇာတ်လမ်းများကို နည်းအမျိုးမျိုးဖြင့် လူတို့တုံ့ပြန်ကြ၏။ ဦးဆုံးအနေနှင့် ယုံကြည်သူများရှိကြသည်။ သူတို့က ထိုသို့သောဇာတ်လမ်းများမှာ အလွန်များပြားလှပြီး အလွန်ပျံ့နှံ့လျက်ရှိရကား ယင်းတို့သည် မှန်ကန်ရမည်ဟု ဆင်ခြေပေးကြသည်။ ဒုတိယအနေနှင့် သံသယရှိသူများလည်းရှိကြ၏။ သူတို့က ထိုအဆိုများကိုထောက်ခံရန် ခြေမြစ်သောအထောက်အထားမရှိဟု ထောက်ပြကြသည်။ ပျံ့နှံ့သောယုံကြည်ချက်က တစ်စုံတစ်ရာကို မှန်ကန်စေသည်မဟုတ်ဟု သူတို့စောဒကတက်ကြသည်။ ထည့်စဉ်းစားစရာမှာ တစ်ချိန်က ရေသူမများကို လူတို့ယုံကြည်ခဲ့ကြ၏။ တတိယအနေနှင့် ကြားနေသူများလည်းရှိကြသည်။ ဤကြားနေရှုမြင်ချက်ကို ကောင်းကင်တမန်များ—ဆန့်ကျင်ဘက်ရှုထောင့်များစာအုပ်က ဤသို့ဖော်ပြသည်– “လူများစွာတို့က ကောင်းကင်တမန်များကို တွေ့ခဲ့ဖူးသည်ဟု ဆိုကြ၏။ ဤမြင်ကွင်းများကို သက်သေမပြနိုင်ကြ; ယုံကြည်ချက်အပေါ်အခြေပြု၍ ယူဆထားခြင်းဖြစ်သည်။ သံသယဝင်သူတို့က ယင်းတို့ကို မှားကြောင်းသက်သေထူနိုင်ကြစေကာမူ လူနည်းစုတို့က စမ်းသပ်ကြည့်ကြသည်။”

ဝိညာဉ်လောကနှင့်ပတ်သက်၍ သမ္မာကျမ်းစာသည် အားထားလောက်သည့်သတင်းအချက်အလက် ရင်းမြစ်ဖြစ်ကြောင်း လူများစွာတို့က သဘောတူညီကြသည်။a ယင်းက မျက်မှောက်ခေတ်ကောင်းကင်တမန်ဇာတ်လမ်းများကို အကဲဖြတ်တတ်ရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်၏။ သင်သိထားသည့်အတိုင်း သမ္မာကျမ်းစာက ကောင်းကင်တမန်များသည် အမှန်တကယ်ရှိပြီး တန်ခိုးကြီးကာ ဘုန်းထင်ရှားသောဝိညာဉ်သတ္တဝါများဖြစ်ကြောင်း ကျွန်ုပ်တို့ကို စိတ်ချသေချာစေသည်။ သမ္မာကျမ်းစာ၌ သတင်းများပို့ဆောင်ပေးသော၊ ဘုရားသခင့်ကျေးကျွန်များကို ဘေးအန္တရာယ်မှ ကယ်လွှတ်ပေးသော ကောင်းကင်တမန်များနှင့်ပတ်သက်သည့် မှတ်တမ်းများပါရှိသည်။—ဆာလံ ၁၀၄:၁၊ ၄; လုကာ ၁:၂၆-၃၃; တမန်တော် ၁၂:၆-၁၁။

ဆိုးညစ်သောကောင်းကင်တမန်များလည်းရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြပေး၏။ ဤဝိညာဉ်သတ္တဝါများသည် လူသားတို့ကို လှည့်ဖြား၍ လမ်းမှားစေကာ ဘုရားသခင်ထံမှ ဦးလှည့်သွားစေကြသည်။ (၂ ကောရိန္သု ၁၁:၁၄) အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာက ဤသို့သတိပေးထားသည်– “ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။” (၁ ယောဟန် ၄:၁) ဥပမာ၊ မိမိကိုယ်ကို ပရောဖက်ဟုဆိုသူတစ်ဦး၏ တင်ကူးဟောကြားချက်များကို မယုံကြည်မီ သူကိုယ်စားပြုပါသည်ဟုဆိုသည့် သမ္မာကျမ်းစာနှင့် ဆန့်ကျင်သည့် ပြောဆိုမှုကို ပညာရှိစွာဆန်းစစ်ကြည့်ရပေမည်။ အမှန်ဆိုရလျှင် ကောင်းကင်တမန်ဆိုင်ရာ ရုပ်သွင်တို့နှင့်ပတ်သက်၍ မျက်မှောက်ခေတ်မှတ်တမ်းများကို အလားတူ နှိုက်နှိုက်ချွတ်ချွတ်စိစစ်ကြည့်ရန် ကျွန်ုပ်တို့မျှော်လင့်ထားသင့်သည်။ ထိုသို့ဆိုလျှင် မျက်မှောက်ခေတ် ကောင်းကင်တမန်နှင့်တွေ့ဆုံသည့် ဇာတ်လမ်းများကို ကျမ်းစာမှတ်တမ်းတို့နှင့် မည်သို့နှိုင်းယှဉ်ကြည့်ကြမည်နည်း။

ကောင်းကင်တမန်များသည် လူအများယုံကြည်ကြသကဲ့သို့မဟုတ်

ကောင်းကင်တမန်တို့နှင့်ပတ်သက်၍ ပျံ့နှံ့နေသော တလွဲယူဆချက်နှစ်မျိုးကို ကျွန်ုပ်တို့ စတင်ရှင်းလင်းကြစို့။ လူကြိုက်များသော ယုံကြည်ချက်နှင့်ဆန့်ကျင်လျက် ကောင်းကင်တမန်များသည် လူသားများအဖြစ် ၎င်းတို့၏အသက်တာကို စတင်ခဲ့ကြခြင်းမဟုတ်ချေ။ ကမ္ဘာပေါ်သက်ရှိများကို ဘုရားသခင်မဖန်ဆင်းမီ ကြာမြင့်စွာကတည်းက ကောင်းကင်တွင် သူတို့ရှိနေခဲ့ကြ၏။ ဘုရားသခင်သည် “မြေကြီးအမြစ်ကို . . . တည်သောအခါ . . . ဘုရားသခင် [၏ကောင်းကင်] သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်” ကြချိန်အကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။—ယောဘ ၃၈:၄-၇။

မျက်မှောက်ခေတ်၏တလွဲယူဆချက် နောက်တစ်ခုမှာ ကောင်းကင်တမန်များသည် ဆိုးညစ်မှုကိုခွင့်ပြု၍ သည်းခံနိုင်ကြခြင်းဖြစ်သည်။ ယင်းအစား တည်ကြည်သောကောင်းကင်တမန်များသည် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများကို စွဲကိုင်ထားကြပြီး ကိုယ်တော်၏ညွှန်ကြားချက်နှင့်အညီ ပြုမူဆောင်ရွက်ကြ၏။ သူတို့သည် လူတို့၏အမှုကိုမဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကို ဆောင်ကြခြင်းဖြစ်သည်။—ဆာလံ ၁၀၃:၂၀။

ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းကျိုးကို စိတ်ဝင်စားကြ

မျက်မှောက်ခေတ် ကောင်းကင်တမန်ဇာတ်လမ်းများတွင် ကယ်ဆယ်ရေးမှတ်တမ်းမှာ မြောက်မြားလှ၏။ အရောင်းရဆုံး စာအုပ်တစ်အုပ်တွင် မိန်းမငယ်လေးတစ်ဦးအား မီးတောက်လောင်နေသောအိမ်မှ မမြင်နိုင်သောလက်ဖြင့် ညင်သာစွာ ဆွဲခေါ်သွားကြောင်း ကျွန်ုပ်တို့ဖတ်ရ၏။ နောက်တစ်အုပ်က နှင်းမုန်တိုင်းထဲတွင် ကားဖြင့်ဘေးတွေ့နေသည့် ကောလိပ်ကျောင်းသားနှစ်ဦးအကြောင်း ဖော်ပြထားသည်။ ရုတ်တရက် ထရပ်ကားတစ်စီးပေါ်လာပြီး သူတို့ကို ဘေးကင်းရာသို့ကြိုးဖြင့်ဆွဲခေါ်သွားသည်၊ သို့တိုင် ကားဘီးရာများလုံးဝမကျန်ပါတကား! အခြားတစ်နေရာတွင် နောက်ဇာတ်လမ်းတစ်ပုဒ်က ကင်ဆာရောဂါဖိစီးခံရသော အဲန်းအကြောင်း ပြောပြသည်။ ခွဲစိတ်ရန်အတွက် ဆေးရုံမတက်မီသုံးရက်အလို၌ အရပ်ရှည်ရှည်လူစိမ်းတစ်ဦး သူ့အိမ်သို့ရောက်လာခဲ့၏။ ထိုသူက သူကိုယ်သူ့ သောမတ်စ်ဟုမိတ်ဆက်ပြီး မိမိအား ဘုရားသခင်က စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ပြောပြသည်။ သောမတ်စ်သည် သူ၏လက်ကိုဆုပ်လိုက်ရာ အဲန်းသည် ပူနွေးပြီး မိမိ၏ကိုယ်တွင်းသို့ အဖြူရောင်အလင်းတန်းဖြတ်သွားသည်ဟု ခံစားလိုက်ရ၏။ ခွဲစိတ်မည့်နေ့ရောက်သောအခါ ဆရာဝန်များသည် အလွန်အံ့အားသင့်သွားကြသည်။ သူ၏ကင်ဆာရောဂါမှာ ပျောက်သွားခဲ့ပြီ!

ဤဇာတ်လမ်းများက ရိုးရှင်းသောမေးခွန်းတစ်ခုကို ပေါ်ထွက်စေ၏၊ လူတိုင်း၌ ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါးရှိမည်ဆိုလျှင် အချို့သူတို့ ကယ်ဆယ်ခံရသော်လည်း လူများစွာတို့မှာ အဘယ်ကြောင့်မခံရသနည်း။ မရေမတွက်နိုင်သောသန်းနှင့်ချီသူတို့သည် ရောဂါ၊ စစ်၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် သဘာဝဘေးဒဏ်တို့ကြောင့် အသက်ဆုံးရှုံးခဲ့ကြပြီ။ လူများစွာသည် အကူအညီအတွက် စိတ်ထက်သန်စွာ ဆုတောင်းခဲ့ကြသည်မှာ သေချာလှ၏။ ကိုယ်စောင့်ကောင်းကင်တမန်က သူတို့ကို အဘယ်ကြောင့် မကယ်ဆယ်ခဲ့သနည်း။

သမ္မာကျမ်းစာက ဤမေးခွန်းနှင့်ပတ်သက်၍ ထောက်ကူပေးပါသည်။ ဘုရားသခင်သည် မျက်နှာမလိုက်ကြောင်း ၎င်းက ပြညွှန်ဖော်ပြပေးသည်။ (တမန်တော် ၁၀:၃၄) ထိုထက်ကား ဘုရားသခင်၏တည်ကြည်မှုရှိသော ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ကာယရေးအကျိုးကို စိတ်ဝင်စားကြသော်လည်း ဝိညာဉ်ရေးအကျိုးကို သာ၍စိတ်ဝင်စားကြ၏။ တမန်တော်ပေါလုက ယင်းကို မေးခွန်းပုံစံမျိုးဖြင့် အကြံပြုထားခဲ့သည်– “ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သောသူတို့ကိုပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံ . . . ဝိညာဉ်ဖြစ်ကြသည်မဟုတ်လော။” (ဟေဗြဲ ၁:၁၄) ကာယရေးအကူအညီသည် ယာယီအကျိုးကျေးဇူးကိုသာဖြစ်စေသည်၊ သို့သော် ဝိညာဉ်ရေးအကူအညီမှာ ထာဝစဉ်အကျိုးစီးပွားကို ဖြစ်စေနိုင်သည်။

ကောင်းကင်တမန်ဇာတ်လမ်းများစွာမှာ ပေါ့ပျက်ပျက်နိုင်လှသည်။ ကောင်းကင်တမန်များသည် မောပန်းနွမ်းနယ်နေသောမိခင်တစ်ဦးကို အိပ်ရာခင်းလဲရာ၌ကူညီပေးခြင်း၊ ဈေးဝယ်သူတစ်ဦးကို မီးခြစ်ဝယ်ရန်သတိပေးခြင်းနှင့် ဒရိုင်ဘာများအား ကားရပ်ရန်နေရာရှာပေးခြင်းတို့ကို ပြုလုပ်ကြသည်ဟု ဆိုကြသည်။ စကော့တလန်မှ အမျိုးသမီးငယ်တစ်ဦးက တခစ်ခစ်ရယ်လျက် ဤသို့ပြောပြသည်– “ကျွန်မဟာ လွန်ခဲ့တဲ့သုံးပတ်အတွင်းမှာ စိန့်မေရီလမ်းရဲ့ အဝါရောင်လိုင်းမှာ ကားရပ်ထားလိုက်ပြီး ကားကို မေတ္တာနဲ့ အကြင်နာတရားတွေနဲ့လွှမ်းခြုံပေးဖို့ ကျွန်မရဲ့ကောင်းကင်တမန်ကို တောင်းဆိုခဲ့တယ်။ ဘယ်ယာဉ်ထိန်းရဲမဆို ချဉ်းကပ်လာရင် သူတို့ဟာ လွှမ်းခြုံထားတဲ့မေတ္တာဓာတ်ကြောင့် ကျွန်မရဲ့ကားကိုတော့ အရေးမယူဘဲ နေကြတယ်။ ကျွန်မ အခုထိ ဒဏ်ရိုက်မခံရဘူး။” အချို့သူတို့က မျက်မှောက်ခေတ် ကိုယ်စောင့်ကောင်းကင်တမန်ကို နတ်သမီးတစ်ပါး သို့မဟုတ် အရွယ်ရောက်ပြီးသူများအတွက် စဲန်တာကလော့စ်ဖြင့် နှိုင်းယှဉ်ထားသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။

တည်ကြည်သောကောင်းကင်တမန်များ ဘုရားသခင့်စကားတော်နှင့် ဆန့်ကျင်ခြင်းမရှိ

ကောင်းကင်တမန်စာအုပ်များသည် ဝိညာဉ်လောကမှလာသည်ဟု ယူမှတ်ရသော ရှေးထုံးများနှင့် အကြံပြုချက်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ဥပမာ၊ စာအုပ်တစ်အုပ်က ကောင်းကင်တမန်မင်းမိက္ခေလထံမှ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်ရှိ အမျိုးသမီးတစ်ဦးထံ လက်ဆင့်ကမ်းပေးခဲ့သော သွန်သင်ချက်များပါဝင်သည်ဟု ဆိုထားသည်။ မိက္ခေလထံမှ “စကားများ” တွင် ဤအရာတို့ပါဝင်သည်– “လမ်းအသွယ်သွယ်မှာ ဘုရားသခင်ထံသို့ ဦးတည်သည်။ ယုံကြည်ချက်အားလုံး၊ အလင်း၏အမှန်တရားအားလုံးသည် ဘုရားသခင်ထံသို့ရောက်စေသည်။” ယင်းနှင့်ခြားနားလျက် ယေရှုက ဘာသာရေးလမ်းနှစ်သွယ်သာရှိပြီး တစ်လမ်းသာလျှင် ဘုရားသခင်မျက်နှာသာတော်ကိုရရှိစေကာ ထာဝရအသက်သို့ဦးတည်စေကြောင်း မိန့်တော်မူခဲ့သည်။ အခြားတစ်လမ်းမှာ အပယ်ခံရပြီး ထာဝရဖျက်ဆီးခြင်းသို့ဦးတည်၏။ (မဿဲ ၇:၁၃၊ ၁၄) ရှင်းနေသည်မှာ ဤအဆိုပြုချက်နှစ်ရပ်စလုံး အမှန်ချည်းမဖြစ်နိုင်ချေ။

“ဝိညာဉ်ရေးရာအသစ်” ဆိုင်ရာ “ကောင်းကင်တမန်များ” သည် အိမ်ထောင်ရေးနှင့် ကျင့်ဝတ်တို့နှင့်ပတ်သက်၍ အဘယ်အနေအထားရှိကြသနည်း။ စာအုပ်တစ်အုပ်တွင် ရိုဇန်အမည်ရှိသူတစ်ဦးအား “ကောင်းကင်တမန်” က ဤသို့ပြောခဲ့ကြောင်း စာဖတ်သူတို့သိလာရသည်– “သင်၌ တက်လှမ်းစရာများစွာရှိပြီး [သင့်ခင်ပွန်း] နှင့်အတူရှိနေခြင်းက သင့်အသက်တာလမ်းစဉ်မဟုတ်တော့ချေ။ သင်သည် သူ့ကိုချစ်ပြီး သူကလည်း သင့်ကိုချစ်သည်၊ သို့သော် ယခုမူ လမ်းခွဲရမည့်အချိန်ဖြစ်၏။” သူသည် ကွာရှင်းလိုက်၏။ သို့တိုင် သမ္မာကျမ်းစာက လျောက်ပတ်သောအကြောင်းမရှိဘဲနှင့် ကွာရှင်းခြင်းကို ဘုရားသခင်မုန်းတီးကြောင်း ဖော်ပြထားသည်။ (မာလခိ ၂:၁၆) နောက်ဇာတ်လမ်းတစ်ပုဒ်တွင် ကောင်းကင်တမန်များက ဝမ်းမြောက်စွာကြည့်နေပြီး သူတို့ကို ကိုယ်ရောင်ကိုယ်ဝါဖြင့်ကာဆီးပေးသည်ဟု ယုံကြည်ကြသည့် အိမ်ထောင်ရေးဖောက်ပြန်သော စုံတွဲအကြောင်း ဖော်ပြသည်။ သို့သော် သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သူ့မယားကိုမပြစ်မှားနှင့်။”—ထွက်မြောက်ရာ ၂၀:၁၄။

ဤမျက်မှောက်ခေတ်သတင်းများသည် သမ္မာကျမ်းစာ၏ နောက်ဆုံးပေါ်သတင်း ဖြစ်နိုင်မည်လော။ မဖြစ်နိုင်ပါ၊ ဘုရားသခင်နှုတ်မြွက်စကားတော်သည် မည်သည့်အခါမျှမပြောင်းလဲချေ။ တမန်တော်ပေါလုက ပထမရာစုမှ လူတချို့ထံ ဤသို့ရေးသားခဲ့သည်– “ခရစ်တော်၏ကျေးဇူးအားဖြင့် သင်တို့ကိုခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည် အခြားသောဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည်အံ့သြခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်၊ သင်တို့ကိုနှောင့်ယှက်၍ ခရစ်တော်၏ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အား ငါတို့ဟောပြောသောဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည်ဟောပြောသော်လည်းကောင်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်လည်းကောင်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။”—ဂလာတိ ၁:၆-၈။

“ကောင်းကင်တမန်အားလုံးကိုခေါ်ခြင်း!”

ဘဝတွင်ရှိသောပြဿနာများနှင့် ဘေးအန္တရာယ်များကို ကိုင်တွယ်ရာ၌ ကောင်းကင်တမန်များအား ကျွန်ုပ်တို့ အကူအညီတောင်းသင့်သလော။ ယင်းသည် စာအုပ်များစွာ၏အကြောင်းအရာဖြစ်သည်။ ဤတွင် ဥပမာနှစ်ခုကိုဖော်ပြထားသည်။ သင့်ကောင်းကင်တမန်များကို မေးမြန်းပါ စာအုပ်က ‘မိမိမသိရှိတော့သည့် စိတ်ဆန္ဒများနှင့် ပြန်လည်ဆက်သွယ်ပေးဖို့နှင့် မိမိတို့၏ပန်းတိုင်များကို လိုက်မီဖို့ ကောင်းကင်တမန်များ၏အစွမ်းတန်ခိုးကို မည်သို့ရယူနိုင်ပုံ’ ကို စာဖတ်သူတို့အား ဖော်ပြပေးသည်ဟုဆိုသည်။ အလားတူစာအုပ်တစ်အုပ်မှာ ကောင်းကင်တမန်အားလုံးကိုခေါ်ခြင်း!– သင့်ဘဝထဲသို့ ကောင်းကင်တမန်တစ်ဦးကို ဖိတ်ခေါ်သည့်နည်းလမ်း ၅၇ သွယ် ဖြစ်သည်။

သို့သော် သမ္မာကျမ်းစာက ကောင်းကင်တမန်များကိုခေါ်ဖို့ ဘယ်တော့မျှ အားမပေးထားချေ။ ယေရှုက ဤအချက်ကို သူ၏စံပြဆုတောင်းချက်တွင် အထင်အရှားဖော်ပြခဲ့သည်။ ကိုယ်တော် ဤသို့မိန့်တော်မူ၏– “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ . . . ’” (မဿဲ ၆:၉) အလားတူ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။”—ဖိလိပ္ပိ ၄:၆။

ကောင်းကင်တမန်များ၏နာမ၌

“ဝိညာဉ်ရေးရာအသစ်” က ကောင်းကင်တမန်များ၏အမည်များအား သိရှိခြင်းကို အလွန်အရေးပါသောနေရာတွင် ထားရှိ၏။ လူကြိုက်များသောစာအုပ်များက ထောင်နှင့်ချီသော ကောင်းကင်တမန်များ၏အမည်များကို မှန်းဆဖော်ပြပေးထားသည်။ အဘယ်ကြောင့်နည်း။ ယင်းက စပ်စုလိုစိတ်ကို ပြေစေဖို့သက်သက်မျှမဟုတ်; သူတို့ကိုဆင့်ခေါ်ရန်ဖြစ်သည်။ ယင်းသည် မှော်အတတ်နှင့် အနီးကပ်ဆက်နွှယ်သည်။ ဘာသာရေးထုံးတမ်းဓလေ့၊ မှော်အတတ်ဆိုင်ရာဝတ္ထုပစ္စည်းများနှင့် ဆုပန်ခြင်းတို့နှင့်အတူ “‘တန်ခိုးရှိသောအမည်များ၊’ သို့မဟုတ် ဝိညာဉ်များ၏ နာမည်အတိအကျကိုအသုံးပြုခြင်းက တန်ခိုးပါသောတုန်ခါမှုများကို ထုတ်လွှတ်ပေးသဖြင့် ရူပလောကနှင့် ဝိညာဉ်လောကအကြားရှိ တံခါးကိုပွင့်စေရာ မှော်ဆရာတို့ကို . . . ဝိညာဉ်တို့နှင့် အဆက်အသွယ်ရစေနိုင်သည်” ဟု ကောင်းကင်တမန်များဆိုင်ရာစွယ်စုံကျမ်းက ဖော်ပြထားသည်။ သို့တိုင် သမ္မာကျမ်းစာက ဤသို့ရှင်းရှင်းလင်းလင်း ဆိုထားသည်– “[မှော်] အတတ်ကိုမလေ့လာရ။”—ဝတ်ပြုရာ ၁၉:၂၆၊ သမ္မာ။

သမ္မာကျမ်းစာကိုယ်နှိုက်က တည်ကြည်သောကောင်းကင်တမန်နှစ်ပါးဖြစ်သည့် မိက္ခေလနှင့် ဂါဗြေလ၏အမည်တို့ကိုသာ ဖော်ပြပေးထား၏။ (ဒံယေလ ၁၂:၁; လုကာ ၁:၂၇) ဤနာမည်များကိုဖော်ပြခြင်းဖြင့် ထိုကောင်းကင်တမန်များသည် ထူးခြားသောဝိညာဉ်ပုဂ္ဂိုလ်များဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ အမည်များကို အဘယ်ကြောင့် ပို၍ဖော်ပြမပေးသနည်း။ ဖြစ်နိုင်သည့်အကြောင်းရင်းမှာ ကောင်းကင်တမန်များကို မတန်မရာဂုဏ်တင်ချီးမြောက်ခြင်း—ကောင်းကင်တမန်များကိုယ်နှိုက်က မမျှော်မှန်းသည့်အရာ—မှ လူတို့ကို ကာကွယ်တားဆီးရန်ဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်တမန်တစ်ပါး၏အမည်ကို ယာကုပ်မေးမြန်းခဲ့သောအခါ သူမဖြေခဲ့ချေ။ (ကမ္ဘာဦး ၃၂:၂၉) နောက်ပိုင်းတွင် ယောရှုထံ ကောင်းကင်တမန်တစ်ပါးရောက်လာသောအခါ မိမိကိုယ်ကို အမည်ဖြင့်မဖော်ပြဘဲ “ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး” အဖြစ် ဖော်ပြခဲ့၏။ (ယောရှု ၅:၁၄) အလားတူ ရှံဆုန်၏ဖခင်သည် ကောင်းကင်တမန်၏အမည်ကို မေးသောအခါ သူ့အား ဤသို့ပြောခဲ့သည်– “အံ့သြဖွယ်ဖြစ်သောငါ့အမည်ကို အဘယ်ကြောင့်မေးသနည်း။” (တရားသူကြီး ၁၃:၁၇၊ ၁၈) ဘုရားသခင်၏တည်ကြည်သော ကောင်းကင်တမန်များသည် မိမိတို့ကိုမဟုတ်ဘဲ ဘုရားသခင်ကို ကျွန်ုပ်တို့ဂုဏ်တင်ကြဖို့နှင့် ကိုယ်တော်ကိုခေါ်ကြဖို့ အလိုရှိကြ၏။

[အောက်ခြေမှတ်ချက်]

a သမ္မာကျမ်းစာသည် အဘယ်ကြောင့်အားထားရသော ရင်းမြစ်ဖြစ်ရကြောင်းဖော်ပြသည့် အကြောင်းအရာအတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာရှု။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ဘုရားသခင်နှင့် ကိုယ်တော့်စည်းမျဉ်းများကို တင်းကျပ်လွန်းသည်ဟုယူမှတ်သူတို့အတွက် . . . [ခေတ်သစ်] ကောင်းကင်တမန်များသည် သနားကြင်နာတတ်ကြကာ အပြစ်မစီရင်ကြသဖြင့် အလွယ်တကူအကြိုက်တွေ့စေသည်။ ထို့ပြင် သူတို့ကို အက်စပရင်ဆေးပြားကဲ့သို့ပင် လူတိုင်းရရှိနိုင်သည်။”—တိုင်း မဂ္ဂဇင်း

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ကောင်းကင်တမန်များ၊ ဂြိုဟ်သားတို့နှင့် မျက်မှောက်ခေတ် “တွေ့ဆုံကြမှုများ”

ယနေ့ လူများစွာတို့က ကောင်းကင်တမန်များကို တွေ့ မြင်ခဲ့ကြပြီး သူတို့နှင့်စကားပြောဆိုခဲ့ကြသည်ဟု ဆိုကြ၏။ အခြားသူတို့ကမူ တခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် အဆက်အသွယ်ရကြပြီဟု ပြောကြသည်။ ကောင်းကင်တမန်များ—အန္တရာယ်ကြုံနေသောမျိုးစိတ်များစာအုပ်က ထိုမှတ်တမ်းနှစ်ရပ်စလုံးတွင် တူညီသောရှင်းလင်းချက်ရှိမည်ဟု ဆိုကြသည့် ဆင်တူချက်များကို စာရင်းပြုစုထားသည်။b အောက်ပါတို့မှာ ထိုစာအုပ်တွင် စာရင်းပြုထားသည့် ဆင်တူချက်များ၏အကျဉ်းချုပ်ဖြစ်သည်။

၁။ ကောင်းကင်တမန်များရော ဂြိုဟ်သားများပါ အခြားကမ္ဘာမှလာကြ၏။

၂။ သူတို့၏ဘဝပုံစံများမှာ ဝိညာဉ်ရေးအရဖြစ်စေ၊ နည်းပညာပိုင်းဆိုင်ရာအရဖြစ်စေ အဆင့်မြင့်ကြ၏။

၃။ သူတို့နှစ်လိုဖွယ်ဖြစ်ရသည့်အရာမှာ ရုပ်သွင်သဏ္ဌာန်၌ ပျိုမျစ်နုနယ်၍ အဆင်းလှခြင်းဖြစ်သည်၊ ထို့အပြင် သနားကြင်နာတတ်ပြီး ထောက်ထားစာနာတတ်ကြ၏။

၄။ ဘာသာစကားနှင့်ပတ်သက်၍ အခက်အခဲမရှိကြ၊ နားထောင်သူ၏ဘာသာစကားဖြင့် ပီပီသသပြောဆိုကြ၏။

၅။ ပျံသန်းခြင်းတွင် ကျွမ်းကျင်သူများဖြစ်ကြ၏။

၆။ ကောင်းကင်တမန်နှင့် ဂြိုဟ်သားနှစ်ဦးစလုံး၏ ရုပ်သွင်သဏ္ဌာန်များ၌ တောက်ပသောအလင်းရောင်ယှဉ်တွဲပါဝင်၏။

၇။ အဝတ်အစားအပြည့်အစုံဝတ်ဆင်ကြသည်၊ များသောအားဖြင့် ဝတ်ရုံများ သို့မဟုတ် ချပ်ချပ်ရပ်ရပ်ရှိသောသင်တိုင်းများဖြစ်သည်။ အဖြူ သို့မဟုတ် အပြာမှာ ၎င်းတို့ အနှစ်သက်ဆုံးအရောင်များဖြစ်၏။

၈။ များသောအားဖြင့် လူသားများကဲ့သို့သော အရပ်အမောင်းရှိကြ၏။

၉။ လူသားတို့နှင့် ကမ္ဘာဂြိုဟ်၏အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင်းဖော်ပြကြ၏။

၁၀။ ဂြိုဟ်သားများနှင့်ရော ကောင်းကင်တမန်များနှင့်ပါ တွေ့ဆုံကြသည့်အထောက်အထားမှာ မြင်တွေ့သူ၏သက်သေထွက်ချက်ဖြစ်၏။

[အောက်ခြေမှတ်ချက်]

b နှစ်မျိုးစလုံးအတွက် ယေဘုယျရှင်းပြချက်မှာ များစွာသော “တွေ့ဆုံကြမှုများ” နောက်ကွယ်တွင် ဝိညာဉ်ဆိုးများ သို့မဟုတ် နတ်ဆိုးများရှိကြောင်း ထင်ရှားပါသည်။ သမ္မာကျမ်းစာ၌ဖော်ပြသကဲ့သို့ “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။” (၂ ကောရိန္သု ၁၁:၁၄)—၁၉၉၆၊ ဇူလိုင် ၈၊ နိုးလော့! [လိပ်] စာမျက်နှာ ၂၆။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လူတို့ထံ ကိုယ်ယောင်ထင်ရှားပြသော ကောင်းကင်တမန်များနှင့်ပတ်သက်သည့် စစ်မှန်သောမှတ်တမ်းများ သမ္မာကျမ်းစာ၌ပါရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ