မူးယစ်ဆေးဝါးများ—ယင်းတို့ကို အဘယ်ကြောင့် လူတို့တလွဲသုံးကြသနည်း
“ကျွန်တော့်အသက် ၁၃ နှစ်ပါ၊ တစ်ညနေခင်းမှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းရဲ့အစ်မက ကျွန်တော်တို့ကို သူတို့နေတဲ့တိုက်ခန်းဆီ လာလည်ဖို့ ဖိတ်ခေါ်တယ်။ အားလုံး ဆေးခြောက်စရှူကြတယ်။ ပထမတော့ အဲဒါကိုရှူဖို့ ကျွန်တော်ငြင်းလိုက်သေးတယ်၊ ဒါပေမဲ့ ခဏခဏ ဝိုင်းတိုက်တွန်းကြလို့ ကျွန်တော်ရှူလိုက်မိတယ်။” တောင်အာဖရိကနိုင်ငံမှ မိုက်ကယ်က မူးယစ်ဆေးဝါးစသုံးစွဲပုံကို ထိုသို့ရှင်းပြခဲ့၏။
“ကျွန်တော်ဟာ ဂန္ထဝင်တေးဂီတမှာ ကြေးစားအနေနဲ့ပါဝင်လာခဲ့တဲ့ ရှေးရိုးစွဲမိသားစုကနေ ဆင်းသက်လာခဲ့သူဖြစ်တယ်။ သံစုံတီးဝိုင်းတစ်ခုမှာ ကျွန်တော်ပါဝင်တီးခတ်ခဲ့တယ်၊ အဲဒီဝိုင်းထဲက ဂီတပညာရှင်တစ်ဦးဟာ ခေတ္တနားချိန်တွေမှာ ဆေးခြောက်ပုံမှန်ရှူလေ့ရှိတယ်။ ကျွန်တော့်ကိုလည်း လနဲ့ချီပြီး ဇွဲကောင်းကောင်းနဲ့ ရှူဖို့တိုက်တွန်းပါတယ်။ နောက်ဆုံး ကျွန်တော်လည်း စမ်းရှူကြည့်ရာကနေ ပုံမှန်စသုံးစွဲတော့တာပါပဲ။” ယင်းသည် ကနေဒီယန်လူမျိုး ဒါရန်၏ မူးယစ်ဆေးဝါး စသုံးစွဲခဲ့ပုံဖြစ်၏။
ထိုသူနှစ်ဦးစလုံးသည် LSD၊ ဘိန်းနှင့် စိတ်ကြွဆေးများအစရှိသည့် အခြားမူးယစ်ဆေးဝါးများကိုလည်း ဆက်လက်သုံးစွဲခဲ့ကြသည်။ နောက်ကြောင်းကိုပြန်ကြည့်သော် ယခင်မူးယစ်ဆေးဝါးတလွဲသုံးသူများအနေနှင့် ရွယ်တူချင်းသြဇာကြောင့် မူးယစ်ဆေးဝါးများကို မိမိတို့စတင်သုံးစွဲခဲ့ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း သဘောတူကြသည်။ “ကျွန်တော် မူးယစ်ဆေးသုံးစွဲလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ သူငယ်ချင်းတွေဆိုလို့ အဲဒီလူငယ်တွေပဲရှိတော့ အလိုလိုနေရင်း သူတို့နဲ့ အလိုက်အထိုက်နေဖြစ်သွားတယ်” ဟုမိုက်ကယ်ကဆိုသည်။
ဖျော်ဖြေရေးလောက
လူများစွာတို့ မူးယစ်ဆေးဝါးများ စသုံးစွဲရာ၌ ရွယ်တူချင်းဖိအားသည် အဓိကကဏ္ဍမှပါဝင်ပြီး၊ အထူးသဖြင့် လူငယ်များသည် သွေးဆောင်ရလွယ်၏။ ထို့အပြင် ၎င်းတို့၏ဝါသနာများအပေါ် အကြီးအကျယ်သြဇာညောင်းသည့် ဖျော်ဖြေရေးလောကမှ ၎င်းတို့၏အသည်းစွဲများ၏ပုံစံများနှင့် ရင်ဆိုင်နေကြရသည်။
ဖျော်ဖြေရေးလုပ်ငန်းသည် အထူးသဖြင့် မူးယစ်ဆေးဝါးတလွဲသုံးမှုနှင့် ပြည့်နှက်လျက်ရှိသည်။ တေးဂီတလောကမှ ဖျော်ဖြေရေးသမားအကျော်အမော်များသည် ၎င်းတို့၏လုပ်ငန်းသဘောအရ အပြင်းစားမူးယစ်ဆေးဝါးများနှင့် ပတ်သက်လေ့ရှိကြသည်။ ရုပ်ရှင်အကျော်အမော်များစွာတို့သည်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်ကြသည်။
ဖျော်ဖြေရေးသမားများသည် မူးယစ်ဆေးဝါးများကို နှစ်သက်စွဲလမ်းဖွယ်ဖြစ်အောင် ဖန်တီးပေးနိုင်ကြရာ လူငယ်များ တွန်းလှန်နိုင်ပုံမပေါက်ချေ။ ၁၉၉၆ ခုနှစ်တွင် နယူးစ်ဝိခ်မဂ္ဂဇင်းက ဤသို့ဖော်ပြခဲ့သည်– “စီအဲတဲလ်မြို့၏လမ်းများသည် ဘိန်းဖြူသုံးစွဲမည့် လူငယ်များနှင့် ရှုပ်ယှက်ခတ်လျက်ရှိသည်၊ အကြောင်းမှာ [ရော့ခ်ဂီတပညာရှင်] ကိုဘိန်းက သုံးစွဲခဲ့သောကြောင့်ဖြစ်သည်။”
မူးယစ်ဆေးဝါးပြကွက်ကို မဂ္ဂဇင်းများ၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားတို့တွင် စွဲမက်ဖွယ်ဖန်တီးကြသည်။ အလားတူ ဖက်ရှင်လောကမှ ထင်ပေါ်ကျော်ကြားသော အဝတ်အစားပုံစံထုတ်သူတချို့သည် ဆေးစွဲသူများကိုတုပလျက် ပိန်ပိန်သွယ်သွယ် ကြုံလှီသောမော်ဒယ်များကို အသားပေးကြသည်။
လူတချို့ အဘယ်ကြောင့် စွဲသွားကြသနည်း
မူးယစ်ဆေးဝါးတလွဲသုံးမှုကို တိုးများစေသည့် အခြားအကြောင်းရင်းများစွာရှိသည်။ ယင်းအကြောင်းများတွင် စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဘဝရည်ရွယ်ချက်ကင်းမဲ့ခြင်းတို့ ပါဝင်သည်။ နောက်ထပ်အကြောင်းရင်းများမှာ စီးပွားရေးပြဿနာများ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် မိဘပုံသက်သေမကောင်းမှုတို့ ဖြစ်သည်။
လူတို့နှင့်ပေါင်းသင်းဆက်ဆံရာတွင် အခက်အခဲရှိသူတချို့သည် လူမှုရေးအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် မူးယစ်ဆေးဝါးများ သုံးစွဲကြသည်။ မူးယစ်ဆေးဝါးများသည် ယုံကြည်စိတ်ချမှုပိုရှိစေပြီး ဟာသဉာဉ်ရှိစေကာ လူပေါင်းဆံ့စေသည်ဟု ယူဆကြသည်။ အခြားသူများကမူ မိမိတို့၏ဘဝ ထိန်းကွပ်ရမည့်တာဝန်ကို လက်ခံရေးထက် မူးယစ်ဆေးဝါးများကို လွယ်လွယ်နှင့်သုံးစွဲလိုက်ကြသည်။
ပျင်းရိငြီးငွေ့ခြင်းသည် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်။ ဆန်းကြယ်သောအန္တရာယ်—ဆယ်ကျော်သက်များ ပြုရသည့်အကြောင်းရင်းစာအုပ်က ပျင်းရိငြီးငွေ့ခြင်း၊ မိဘအုပ်ထိန်းမှုကင်းမဲ့ခြင်းတို့နှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “ကျောင်းဆင်းပြီးနောက် ယောက်ျားလေးများနှင့် မိန်းကလေးများသည် လူမရှိသောအိမ်များသို့ ပြန်လာကြသည်။ သူတို့သည် အထီးကျန်နေကြရာ တစ်ကိုယ်တည်းမဖြစ်ချင်ကြသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ မိတ်ဆွေသူငယ်ချင်းများ သူတို့ထံလာ၍ အတူတူပေါင်းဖော်ကြသည့်တိုင် ငြီးငွေ့လေ့ရှိကြသည်။ သူတို့သည် ရုပ်မြင်သံကြားနှင့် တေးဂီတဗီဒီယိုများကို မပြတ်မလပ်ကြည့်ကြသည်၊ သို့မဟုတ် စိတ်လှုပ်ရှားမှုရဖို့ အင်တာနက်တွင် စူးစမ်းရှာဖွေကြသည်။ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် သောက်စားခြင်းတို့သည် လွယ်လွယ်ကူကူပင် ဤအခြေအနေ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာနိုင်သည်။”
အိမ်တွင် မိဘအုပ်ထိန်းမှုကင်းမဲ့ခြင်းနှင့်ပတ်သက်၍ အစောပိုင်းတွင်ဖော်ပြထားသော မိုက်ကယ်က ဤသို့ဆိုသည်– “ကျွန်တော်ရဲ့မိသားစုဘဝဟာ ပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ထူးထူးခြားခြား ရင်းနှီးကြတဲ့ မိသားစုတစ်စုဖြစ်ခဲ့တယ်။ ကျွန်တော့်မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြတဲ့အတွက် နေ့ဘက်မှာ အုပ်ထိန်းမှု မရှိခဲ့ဘူး။ ဒါ့အပြင်၊ ကျွန်တော့်မိဘတွေဟာ ကျွန်တော်တို့ကို လောကရဲ့ လွတ်လပ်မှုမှန်သမျှ ပေးခဲ့ကြတယ်။ ဆုံးမပဲ့ပြင်တာလည်းမရှိခဲ့ဘူး။ ကျွန်တော့်မိဘတွေဟာ ကျွန်တော် မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့လည်း မထင်ခဲ့ကြဘူး။”
စွဲပြီဆိုလျှင် လူများစွာသည် အကြောင်းပြချက်ရိုးရိုးလေးဖြင့် မူးယစ်ဆေးဝါးများကို ဆက်လက်သုံးစွဲကြတော့သည်– ယင်းကို သူတို့နှစ်သက်ကြသည်။ မူးယစ်ဆေးဝါး နေ့စဉ်သုံးစွဲခဲ့သူ မိုက်ကယ်က ယင်းတို့၏ သက်ရောက်မှုများကို ဤသို့ဆိုခဲ့သည်– “အိပ်မက်ကမ္ဘာထဲကို ကျွန်တော်ရောက်နေတယ်။ ကျွန်တော့်မှာရှိတဲ့ ဖိစီးမှုမှန်သမျှကနေ လွတ်မြောက်နိုင်ခဲ့တယ်။ ခြိမ်းခြောက်မှုလည်း မခံစားရဘူး။ အရာရာတိုင်းဟာ လှပနေခဲ့တယ်။”
တောင်အာဖရိကနိုင်ငံမှ မူးယစ်ဆေးဝါးတလွဲသုံးခဲ့ဖူးသူ ဒစ်ခ်ဆိုသူက ဆေးခြောက်စရှူခဲ့သည့် ၁၃ နှစ်အရွယ်တွင် သူ့အပေါ် သက်ရောက်မှုများကို ဤသို့ဖော်ပြသည်– “ဘာပြက်လုံးကိုမဆို ကျွန်တော်ဟားတိုက်ရယ်မောပစ်တယ်။ အရာရာတိုင်းက ရယ်စရာကောင်းနေတယ်။”
လူငယ်များသည် ဘေးဖြစ်စေတတ်သော မူးယစ်ဆေးဝါးများနှင့်ပတ်သက်သည့် သတိပေးချက်များကို ကြောက်ရွံ့ကြဟန်မတူချေ။ “ငါ ဘာမှဖြစ်မှာ မဟုတ်ဖူး” ဟူသည့်သဘောထားမျိုး သူတို့တွင်ရှိတတ်သည်။ သင့်ဆယ်ကျော်သက်ကလေးနှင့် စကားပြောဆိုခြင်းစာအုပ်က ကျန်းမာရေးထိခိုက်စေသော သတိပေးချက်များကို ဆယ်ကျော်သက်များ လျစ်လျူရှုရသည့်အကြောင်းရင်းကို ဤသို့ဖော်ပြသည်– “သူတို့သည် မည်မျှကြံ့ကြံ့ခံနိုင်မှုကောင်းကြပြီး ခွန်အားအပြည့်ရှိကြရကား မိမိတို့၏ကျန်းမာရေး ထိခိုက်မည်ဟု မယူဆကြချေ။ ‘ဘေးကင်းသည်’ ဟူသော ဤသဘောထားသည် မြီးကောင်ပေါက်အရွယ်တွင် အဆန်းမဟုတ်ချေ။ အဆုတ်ကင်ဆာ၊ အရက်နာကျခြင်း၊ မူးယစ်ဆေးဝါးအလွန်အကျွံစွဲနေခြင်းတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သက်ကြီးရွယ်အိုများ၌ဖြစ်သည့် အရာများဟု ဆယ်ကျော်သက်များ ယူဆကြသည်။” အက်စ်တက်စီစိတ်ကြွဆေး လူကြိုက်များမှုက ဖော်ပြသကဲ့သို့ပင် လူများစွာတို့သည် အန္တရာယ်များကို သတိမမူမိကြချေ။ ယင်းကား အဘယ်နည်း။
အက်စ်တက်စီ စိတ်ကြွဆေးနှင့် ရေ့ဗ်ကပွဲ
အက်စ်တက်စီစိတ်ကြွဆေးဟု လူသိများသော အမ်ဖီတမင်းဖြင့် အဓိကဖော်စပ်ထားသည့် MDMA ကို များသောအားဖြင့် ရေ့ဗ်ဟုခေါ်သည့် ညလုံးပေါက်ကပွဲများတွင် အသုံးပြုကြသည်။ အက်စ်တက်စီသောက်လိုက်ခြင်းက ဝမ်းသာပီတိဖြစ်စေသည့်အပြင် တစ်ညလုံးကခုန်ရန် ခွန်အားရှိစေဖို့ ဘေးကင်းသောနည်းတစ်နည်းဖြစ်သည်ဟူသော အမြင်မျိုးကို ရောင်းချသူများက အားပေးအားမြှောက်ပြုကြသည်။ အဆိုပါဆေးသည် “ဘဝင်စိတ်ကျခြင်း” ဟုစာရေးဆရာတစ်ဦး ရည်ညွှန်းခေါ်ဝေါ်ခဲ့သည့် အခြေအနေခံစားရသည်အထိ နာရီပေါင်းများစွာ ကခုန်နေစေနိုင်သည်။ လုံမငယ်တစ်ဦးက အက်စ်တက်စီ၏ဆွဲဆောင်မှုကို ဤသို့ရှင်းပြခဲ့သည်– “စိတ်လှုပ်ရှားတက်ကြွမှုက ခြေဖျားလေးတွေကနေစတယ်၊ တဖြည်းဖြည်းနဲ့ ခေါင်းအထိ ရှိုးတိုးရှိန်းတိန်းဖြစ်သွားတဲ့အခါ မကြုံစဖူးတဲ့ နွေးထွေးမှုနဲ့ မေတ္တာတွေက လွှမ်းခြုံသွားရော။”
အက်စ်တက်စီ ပုံမှန်သုံးစွဲသူများ၏ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြည့်ရာ ရောင်းချသူများပြောသည့်အတိုင်း အန္တရာယ်ကင်းသည့် ဆေးဝါးမဟုတ်ကြောင်း ဆေးဘက်ဆိုင်ရာအထောက်အထားက ဖော်ပြခဲ့ပြီ။ အက်စ်တက်စီသည် ဦးနှောက်အာရုံကြောအမျှင်များကို ထိခိုက်ပျက်စီးစေပြီး ဆီရိုတိုနင်ကို လျော့နည်းစေသည်မှာ ထင်ရှားပါသည်။ ထိုထိခိုက်ပျက်စီးမှုသည် ရေရှည်ဖြစ်နိုင်ဖွယ်ရှိသည်။ အချိန်တန်သော် စိတ်ကျရောဂါနှင့် မှတ်ဉာဏ်ချို့တဲ့မှုကဲ့သို့သော ရောဂါများကို ဖြစ်စေနိုင်သည်။ အက်စ်တက်စီသုံးစွဲသူတို့တွင် လူသေမှုများပင်ရှိကြောင်း ဖော်ပြခဲ့ပြီ။ ထို့ပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အတော်များများသည် ၎င်းတို့၏ဖောက်သည်များစွဲစေရန် အက်စ်တက်စီကို ဘိန်းဖြူနှင့်ရောကြသည်။
ရရှိဖို့ မည်မျှလွယ်ကူသနည်း
နိုင်ငံများစွာတွင် မူးယစ်ဆေးဝါး တိုးပွားများပြားလာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း ကျဆင်းသွားခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများနှင့် တစ်စိတ်တစ်ဒေသသက်ဆိုင်၏။ နိုင်ငံရေးပြောင်းလဲမှုကြောင့် အခြားနိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်မှု တိုးမြှင့်လာခဲ့သည့် တောင်အာဖရိကနိုင်ငံသည် စံနမူနာတစ်ခုဖြစ်သည်။ ယင်းနှင့်အတူ နယ်စပ်ထိန်းချုပ်မှုနည်းပါးသွားခြင်းကြောင့် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အားပေးမြှင့်တင်ရာရောက်သည်။ အလုပ်လက်မဲ့ဖြစ်မှု တိုးများလာသည်နှင့်အမျှ ထောင်နှင့်ချီသောလူတို့သည် ဝင်ငွေရရှိရေးအတွက် တရားမဝင်ဆေးဝါးများရောင်းဝယ်မှုအပေါ် မှီခိုကြရသည်။ မူးယစ်ဆေးဝါးပေါများသည့်နေရာတွင် ရာဇဝတ်မှုဖြစ်လေ့ရှိ၏။ သတင်းတစ်ပုဒ်ဖော်ပြချက်အရ၊ တောင်အာဖရိကနိုင်ငံ၊ ဂူတန်ဒေသမှ ကျောင်းနေရွယ် ကလေးများ—တချို့မှာ အသက် ၁၃ နှစ်သာရှိ—သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် ရဲများ၏ စောင့်ကြည့်မှု ခံနေရကြသည်။ ထိုဒေသရှိ ကျောင်းအတော်များများသည် ကျောင်းသားများကို မူးယစ်ဆေးဝါးသုံးမသုံး စမ်းသပ်မှုများ စတင်ခံယူစေခဲ့ကြပြီဖြစ်သည်။
အရင်းခံအကြောင်းကား အဘယ်နည်း
မူးယစ်ဆေးဝါးများကို လူတို့တလွဲသုံးရသည့် အကြောင်းရင်းများစွာရှိသည်။ သို့သော် ယင်းတို့အားလုံးသည် ပို၍နက်နဲသည့်ပြဿနာ၊ အရင်းခံအကြောင်းရင်းတစ်ခုကို ဖော်ပြကြသည်။ ယင်းနှင့်စပ်လျဉ်း၍ စာရေးဆရာ ဘင် ဝစ်တေကာက ဤသို့အရိပ်အမြွက်ဖော်ပြခဲ့သည်– “မျက်မှောက်ခေတ် မူးယစ်ဆေးဝါး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုက အထီးကျန်မှုနှင့် စိတ်ပျက်အားလျော့မှုအပြင် ကျွန်ုပ်တို့၏လူ့ဘောင်ရှိ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများနှင့်ပတ်သက်၍ သတိပေးချက်တစ်ခုဖြစ်သည်၊ ထိုသို့မဟုတ်လျှင် ပင်ကိုအစွမ်းအစရှိပြီး အခွင့်ထူးခံလူများစွာတို့သည် မူးယစ်ဆေးဝါးကို အဘယ်ကြောင့် နှစ်ခြိုက်ရသနည်း။”
ယင်းသည် မေးခွန်းကောင်းတစ်ခုဖြစ်၏၊ ယင်းမေးခွန်းက ကျွန်ုပ်တို့၏ ရုပ်ဝါဒဆန်သော၊ အောင်မြင်မှုကိုသာ ငမ်းငမ်းတက်ရလိုသော လူ့ဘောင်အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ မကြာခဏ ပျက်ကွက်လေ့ရှိကြောင်း ကျွန်ုပ်တို့ကို သဘောပေါက်စေသည်။ ဘာသာတရားအများစုပင် လူ့ပြဿနာများ၏ အရင်းခံအကြောင်းရင်းကို လျစ်လျူရှုခဲ့ကြသောကြောင့် ထိုလိုအပ်ရာများကို မဖြည့်ဆည်းပေးနိုင်ခဲ့ကြချေ။
ကျွန်ုပ်တို့သည် မူးယစ်ဆေးဝါးပြဿနာအတွက် တစ်ခုတည်းသော တည်မြဲသည့်ဖြေရှင်းနည်းကို ရှာမတွေ့နိုင်မီ အဆိုပါအရင်းခံအကြောင်းရင်းကို ထုတ်ဖော်ရင်ဆိုင်ရမည်။ ယင်းကို နောက်ဆောင်းပါးတွင် ဖော်ပြသွားပါမည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ထင်ပေါ်ကျော်ကြားသူတို့သည် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို စွဲမက်ဖွယ်ဖန်တီးပေးတတ်ကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ခေတ်ပေါ်တေးဂီတလောကတွင် မူးယစ်ဆေးဝါးတလွဲသုံးမှုဖြင့် ပြည့်နှက်နေ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အက်စ်တက်စီ စိတ်ကြွဆေးကို များသောအားဖြင့် ရေ့ဗ်ကပွဲများတွင်ရရှိနိုင်
[Credit Lines]
AP Photo/Greg Smith
Gerald Nino/U.S. Customs