ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၃/၈ စာ. ၁၂-၁၃
  • ဆရာအလုပ် ကျေနပ်မှုနှင့် ပျော်ရွှင်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆရာအလုပ် ကျေနပ်မှုနှင့် ပျော်ရွှင်မှု
  • နိုးလော့!—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ဆရာတို့ကို ကျေးဇူးတင်စကားဆိုဖူးသလော
  • ဆရာအလုပ် အနစ်နာလည်းခံရ၊ အန္တရာယ်လည်းများ
    နိုးလော့!—၂၀၀၃
  • အဘယ်ကြောင့် ဆရာတစ်ဦးဖြစ်ရသနည်း
    နိုးလော့!—၂၀၀၃
  • ဆရာနဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ဆရာနဲ့အဆင်ပြေအောင် ငါဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၃/၈ စာ. ၁၂-၁၃

ဆရာအလုပ် ကျေနပ်မှုနှင့် ပျော်ရွှင်မှု

“ဘာကြောင့် ကျွန်တော် ဆရာဆက်လုပ်ရသလဲ။ ဆရာအလုပ်ဟာ ခက်ခဲပြီး အားအင်ကုန်ခန်းစေနိုင်ပေမဲ့ ကလေးအားလုံး တက်တက်ကြွကြွ သင်အံနေတာကို မြင်ရတာ၊ သူတို့ရဲ့တိုးတက်မှုကိုမြင်ရတာတွေဟာ ကျွန်တော် ဆရာဆက်လုပ်ဖို့ တွန်းအားပါပဲ။”—လီမားရီစ်၊ နယူးယောက်မြို့မှ ဆရာတစ်ဦး။

အခက်အခဲများ၊ ဟန့်တားမှုများနှင့် စိတ်ပျက်စရာများရှိသည့်ကြားမှ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောဆရာများသည် သူတို့ရွေးချယ်သောလုပ်ငန်းကို အားမလျှော့စတမ်း လုပ်ကိုင်သွားကြ၏။ အသိအမှတ်ပြုခံရသင့်သလောက် မခံရကြောင်းသိလျက်နှင့် ထောင်နှင့်ချီသောကျောင်းသားများကို အရည်အချင်းပြည့်မီသောဆရာများအဖြစ် တက်လှမ်းကြစေရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ အဘယ်အရာက သူတို့ကို ဆရာဆက်လုပ်သွားစေသနည်း။

ရုရှားမှ ကျောင်းဆရာတစ်ဦးဖြစ်သော အင်နာက ဤသို့ရှင်းပြသည်– “မိမိသင်ပေးခဲ့ဖူးတဲ့ ကျောင်းသားတွေ အရွယ်ရောက်ကြီးပြင်းလာတာကိုတွေ့ရတာ၊ မိမိထံမှ သင်ယူခဲ့ရာဟာ သင်ယူရကျိုးနပ်တယ်လို့ သူတို့ပြောတာကို ကြားရတာတွေဟာ တကယ်ပီတိဖြစ်စေတဲ့ တွေ့ကြုံခံစားမှုပါပဲ။ သင်နဲ့အတူ ရှိခဲ့တဲ့နှစ်တွေဟာ သူတို့အတွက် ပျော်စရာအမှတ်တရအချိန်တွေပဲဆိုပြီး သူတို့ပြောကြတဲ့အခါ အရမ်းကိုအားတက်စေပါတယ်။”

ရှေ့ဆောင်းပါးများ၌ ဖော်ပြထားသော ဆရာဂျူလီယားနိုးက ဤသို့ပြောခဲ့သည်– “စိတ်ကျေနပ်စရာအဖြစ်ဆုံးအကြောင်းတစ်ခုကတော့ ကျောင်းသင်ခန်းစာတစ်ခုကို ကျောင်းသားတွေ စိတ်ဝင်စားအောင် လှုံ့ဆော်ပေးလိုက်နိုင်တယ်ဆိုတဲ့ အသိပါပဲ။ ဥပမာ၊ သမိုင်းရဲ့အထင်ကရဖြစ်ရပ်တစ်ခုကို ကျွန်တော်ရှင်းပြပြီးနောက် ကျောင်းသားအချို့က ‘မရပ်လိုက်ပါနဲ့၊ ဆက်ပြောပြပါဦး! ဆိုပြီး ပြောတယ်။ အလိုလိုထုတ်ဖော်ပြောလိုက်တဲ့ စကားလေးတွေဟာ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတဲ့ ကျောင်းနံနက်ခင်းကို လန်းဆန်းလင်းလက်သွားစေနိုင်တယ်၊ အကြောင်းက သူတို့အတွက် အသစ်အဆန်းဖြစ်တဲ့အရာနဲ့ သူတို့ရဲ့စိတ်အာရုံကို သင်နှိုးဆွပေးလိုက်လို့ပါပဲ။ ကျောင်းသင်ခန်းစာတစ်ခုကို နားလည်သဘောပေါက်သွားလို့ မျက်လုံးလေးတွေတောက်ပလာတဲ့ သူတို့ရဲ့မျက်နှာကို မြင်တွေ့ရတာက သင့်အတွက် တကယ်ကြည်နူးစရာပါပဲ။”

အီတလီနိုင်ငံမှ ဆရာမအီလီနာက ဤသို့ပြောဆိုခဲ့သည်– “ဖြစ်တောင့်ဖြစ်ခဲ ကမ္ဘာတုန်လောက်တဲ့ရလဒ်တွေထက် ကျောင်းသားတွေဆီက အသေးအဖွဲအောင်မြင်မှုလေးတွေ၊ နေ့စဉ်နေ့တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ မပြောပလောက်တဲ့အရာလေးတွေကနေ ကျေနပ်မှုရစေတယ်လို့ ကျွန်မယုံကြည်တယ်။”

အသက် ၃၀ ကျော်ခါစ ဩစတြေးလျနိုင်ငံသူ ကော်နီက ဤသို့ဆိုသည်– “သင်နဲ့ပညာရေးသံယောဇဉ်နှောင်ကြိုးရှိခဲ့တဲ့ ကျောင်းသားတစ်ဦးက ဆရာ့ရဲ့ကြိုးပမ်းသင်ကြားပေးမှုတွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အချိန်ယူရေးတဲ့စာတစ်စောင်ရတဲ့အခါ တကယ့်ကို ပင်ပန်းရကျိုးနပ်ပါတယ်။”

အာဂျင်တီးနားနိုင်ငံ မန်ဒိုဇာမြို့မှ အော်စကာက ထိုစကားမျိုးပင်ပြောခဲ့သည်– “ကျွန်တော့်ရဲ့ကျောင်းသားတွေကို လမ်းမှာ ဒါမှမဟုတ် တခြားတစ်နေရာရာမှာဆုံမိလို့ ကျွန်တော်သင်ပေးခဲ့ရာအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြသတဲ့အခါ အရာရာမှာ ကြိုးစားရကျိုးနပ်တယ်လို့ ခံစားမိပါတယ်။” စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ အိန်ဂျဲလ်က ဤသို့ဆိုသည်– “ကျွန်မရဲ့ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းကြောင့် လူငယ်လူရွယ်လေးတွေဟာ ရိုးသားဖြောင့်မတ်တဲ့အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်လာတာကိုမြင်တွေ့ရတာ အထူးကောင်းမွန်ပေမဲ့ ခက်ခဲတဲ့ဒီအလုပ်မှာ ကျွန်မရဲ့ဘဝတစ်ပိုင်းကို မြှုပ်နှံထားခဲ့မိတဲ့အတွက် တကယ့်ကို အကျေနပ်ကြီးကျေနပ်ပါတယ်။”

ဆောင်းပါးစစချင်း၌ဖော်ပြထားသော လီမားရီစ်က ဤသို့ပြောသည်– “ဆရာတွေဟာ ပုဂ္ဂိုလ်ထူးတွေလို့ ကျွန်တော် တကယ်ပဲယူမှတ်ထားတယ်။ ဒီလို အံ့ဖွယ်ကြီးမားတဲ့ တာဝန်ကြီးတစ်ခုကို ယူထားကြတဲ့ ကျွန်တော်တို့တစ်တွေဟာ နဲနဲတော့ထူးနေတယ်။ ဒါပေမဲ့ ကလေးဆယ်ယောက် ဒါမှမဟုတ် တစ်ယောက်ထဲကိုပဲ ထူးထူးခြားခြားဖြစ်သွားအောင် သင်စွမ်းဆောင်ပေးနိုင်ရင် သင်အောင်မြင်ပြီပေါ့၊ ဒီထက်ကောင်းတဲ့ ခံစားမှုမျိုးမရှိဘူး။ ကိုယ့်အလုပ်ကို ပျော်ပျော်ကြီးလုပ်ကြတယ်။”

သင့်ဆရာတို့ကို ကျေးဇူးတင်စကားဆိုဖူးသလော

မိဘ သို့မဟုတ် ကျောင်းသားတစ်ဦးအနေဖြင့် သင်သည် ဆရာတစ်ဦးအား သူပေးဆက်သောအချိန်၊ အားထုတ်မှုနှင့် စိတ်ဝင်စားမှုတို့အတွက် ကျေးဇူးတင်စကားဆိုဖူးသလော။ သို့မဟုတ် ကျေးဇူးတင်သည့်မှတ်ချက်တိုလေးတစ်ခု သို့မဟုတ် စာတစ်စောင် ပေးပို့ဖူးသလော။ ကင်ညာနိုင်ငံ နိုင်ရိုဘီမှ အာသာက လုပ်သင့်လုပ်ထိုက်သော ဤအချက်ကိုဖော်ပြသည်– “ဆရာတွေဟာလည်း ချီးမွမ်းစကားများကြောင့် ဆက်ပြီးရှင်သန်နေကြတာပါ။ အစိုးရ၊ မိဘတွေနဲ့ ကျောင်းသားတွေကသူတို့နဲ့ သူတို့ရဲ့ အများအကျိုးသယ်ပိုးမှုတွေကို အလွန်တန်ဖိုးထားလေးမြတ်သင့်ပါတယ်။”

စာရေးဆရာ-ကျောင်းဆရာလည်းဖြစ်သော လူအန်ဂျွန်ဆင်က ဤသို့ရေးသားခဲ့သည်– “ဆရာတစ်ဦးအကြောင်း မကောင်းဝေဖန်စာတစ်စောင် ကျွန်တော်ရရှိရင် အစောင်တစ်ရာသော ချီးမွမ်းစာတွေကို ကျွန်တော်ရရှိထားတယ်၊ ဒီအရာက မကောင်းတဲ့ဆရာထက် ကောင်းတဲ့ဆရာက ပိုများတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်ကို ခိုင်မာစေပါတယ်။” စိတ်ဝင်စားစရာမှာ များစွာသောသူတို့သည် စုံစမ်းသူတစ်ဦးကို တကယ်ပင်ငှားရမ်းကာ “တစ်ချိန်ကဆရာဖြစ်သူတို့၏နေအိမ်ကို ရှာဖွေခိုင်းကြသည်။ လူတို့သည် သူတို့၏ဆရာများကို ရှာ၍ကျေးဇူးတင်လိုကြသည်။”

ဆရာများသည် လူတစ်ဦး၏ပညာရေးအတွက် မရှိမဖြစ်သောအုတ်မြစ်ကို ချပေးကြသည်။ ဂုဏ်သတင်းအကျော်ကြားဆုံးသောတက္ကသိုလ်များမှ အကောင်းဆုံးသောပါမောက္ခများပင် ပညာရေး၊ အသိပညာနှင့် သိနားလည်မှုဆိုင်ရာ သူတို့၏ဆန္ဒများကို လှုံ့ဆော်ပေးရန်နှင့် မွေးမြူသွားစေရန် မိမိတို့၏အချိန်ကိုပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြသော ဆရာများထံ၌ ကြွေးတင်နေသည်။ နိုင်ရိုဘီမှ အာသာက ဤသို့ဆိုသည်– “အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် စီးပွားရေးကဏ္ဍမှာရှိတဲ့ ထိပ်သီးပေါ်လစီရေးဆွဲသူအားလုံးဟာ သူတို့ရဲ့ဘဝတစ်ချိန်ချိန်က ဆရာတစ်ဦးရဲ့ သင်ကြားမှုကိုခံယူခဲ့သူတွေဖြစ်တယ်။”

ကျွန်ုပ်တို့၏သိလိုစိတ်ကို နှိုးဆော်ပေး၍ စိတ်နှလုံးကိုလှုံ့ဆော်ပေးပြီး ကျွန်ုပ်တို့တောင့်တနေသည့် အသိပညာနှင့် သိနားလည်မှုတို့ မည်သို့ဖြည့်ဆည်းကာ အာသာပြေစေနိုင်ပုံကို ပြသပေးသောအမျိုးသား၊ အမျိုးသမီးတို့အား တကယ်ကျေးဇူးတင်သင့်သည်တကား!

နယပုံပြင် ၂:၁-၆ ပါ ဤစကားများကို မှုတ်သွင်းခဲ့သော မဟာပညာပေးရှင် ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့ သာ၍ပင် ကျေးဇူးတင်သင့်သည်– “ငါ့သား သင်သည်ပညာစကားကိုနားထောင်၍၊ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကိုနားခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုစူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း၊ ထာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်[မြွက်]တော်အားဖြင့်သာဖြစ်တတ်၏။”

စဉ်းစားမှုကိုလှုံ့ဆော်ပေးသောထိုကျမ်းချက်တွင် ခြွင်းချက်သဘောဆောင်သော“လျှင်” ဟူသည့်စကားလုံးကို သုံးကြိမ်တိုင်တိုင် တွေ့ရှိရကြောင်း သတိပြုပါ။ စဉ်းစားကြည့်ပါ၊ အဆိုပါစိန်ခေါ်ချက်ကို ကျွန်ုပ်တို့ လက်သင့်ခံလိုစိတ်ရှိမည်ဆိုလျှင် “ဘုရားသခင်ကိုသိသောဉာဏ်ပြည့်စုံ” နိုင်သည်! အမှန်ပင် ယင်းသည် ပညာအလုံးစုံတွင် အကြီးမြတ်ဆုံးသောပညာရေးပင်တည်း။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ပျော်ရွှင်သောမိဘတစ်ဦး

အောက်ပါဖော်ပြထားသောစာမှာ နယူးယောက်မြို့မှ ဆရာတစ်ဦး လက်ခံရရှိသောစာဖြစ်သည်–

“ကျွန်မရဲ့ကလေးတွေအတွက် လုပ်ဆောင်ပေးခဲ့တာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ကျွန်မပြောလိုပါတယ်။ သေချာတာက ဆရာသာမသင်ပေးခဲ့ရင် သူတို့ဘယ်တော့မှ ရရှိမှာမဟုတ်တဲ့ ကြီးမားတဲ့အောင်မြင်မှုတွေကို ဆရာ့ရဲ့ဂရုစိုက်မှု၊ သနားကြင်နာမှု၊ အတတ်ပညာတွေနဲ့ကူညီပေးလို့ သူတို့ရလာတာပါ။ ကျွန်မကလေးတွေအတွက် ကျွန်မဂုဏ်ယူနိုင်ဖို့ ဆရာလုပ်ဆောင်ပေးခဲ့တာ၊ ဒီအတွေ့အကြုံကို ကျွန်မတစ်သက် မေ့တော့မှာမဟုတ်ဘူး။ အရိုးခံဖြင့်၊ အက်စ်.ဘီ။”

သင်စာရေးအားပေးနိုင်သော ဆရာတစ်ဦး ရှိပါသလော။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

‘ကျောင်းသင်ခန်းစာတစ်ခုကို နားလည်သဘောပေါက်သွားလို့ မျက်လုံးလေးတွေတောက်ပလာတဲ့ သူတို့ရဲ့မျက်နှာကို မြင်တွေ့ရတာက တကယ်ပျော်စရာပါပဲ။’—ဂျူလီယားနိုး၊ အီတလီနိုင်ငံ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

‘ကျောင်းသားတစ်ဦးက မိမိရဲ့ကြိုးပမ်းမှုတွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အချိန်ယူပြီးရေးတဲ့ စာတစ်စောင်ရတဲ့အခါ တကယ့်ကို ပင်ပန်းရကျိုးနပ်ပါတယ်။’—ကော်နီ၊ ဩစတြေးလျနိုင်ငံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ