ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၆/၈ စာ. ၁၄-၁၆
  • ရေတိမ်ရောဂါ—စက္ခုအာရုံသူခိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေတိမ်ရောဂါ—စက္ခုအာရုံသူခိုး
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရေတိမ်ရောဂါဟူသည် အဘယ်နည်း
  • စက္ခုအမြင်အား “ခိုးယူ” ပုံ
  • သူခိုးကို ရှာဖွေတွေ့ရှိခြင်း
  • မည်သူ ရောဂါဖြစ်မည့် အန္တရာယ်ရှိသနည်း
  • ကုသ၍ထိန်းချုပ်ပါ
  • မာတိကာ
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၁
  • “မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင်သည် ဆုကျေးဇူးကို အာရုံစူးစိုက်နေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၆/၈ စာ. ၁၄-၁၆

ရေတိမ်ရောဂါ—စက္ခုအာရုံသူခိုး

ဤဝါကျရှိ နောက်ဆုံးစကားလုံးကို တဒင်္ဂ အာရုံစိုက်ကြည့်လိုက်ပါ။ သင်၏မျက်လုံးများကို မရွေ့လျားဘဲ ဤမဂ္ဂဇင်း၏ အထက်၊ အောက်နှင့် ဘေးတစ်ဖက်တစ်ချက်ရှိ နေရာတချို့ကို မြင်ရပါသလော။ အများအားဖြင့် သင်မြင်နိုင်ပေသည်၊ အကြောင်းမှာ အစွန်ကျအမြင်အာရုံကြောင့်ဖြစ်၏။ ဤစွမ်းရည်က သင့်အနား ချဉ်းကပ်လာနေသည့် သူစိမ်းတစ်ဦးကို ဂရုပြုမိစေသည်။ ယင်းက သင့်အား မြေပေါ်မှ အရာဝတ္ထုများကို ရှောင်ကွင်းသွားစေနိုင်ပြီး လမ်းလျှောက်သည့်အခါ နံရံကို ဝင်မတိုက်မိစေပါ။ သင်ကားမောင်းသည့်အခါ အစွန်ကျအမြင်အာရုံက သင့်အား ပလက်ဖောင်းပေါ်မှ လမ်းလျှောက်လာသူတစ်ဦးကို သတိထားစေနိုင်ပါသည်။

သို့သော် ဤစာမျက်နှာကို သင်ဖတ်ရှုနေသည့်တိုင် သင်၏အစွန်ကျအမြင်အာရုံသည် သင်မသိလိုက်ဘဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနိုင်ပါသည်။ ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ၆၆ သန်းသည် ရေတိမ်ရောဂါဟု လူသိများသည့် မျက်စိရောဂါအုပ်စုဝင် ရောဂါတစ်မျိုးကို ခံစားနေကြ၏။ ထိုအရေအတွက်အနက် ငါးသန်းကျော်မှာ လုံးဝမျက်စိကွယ်လာကြသဖြင့် ရေတိမ်ရောဂါသည် အမြဲတမ်းမျက်စိကွယ်ခြင်းဖြစ်ရသည့် တတိယအကြီးမားဆုံး အကြောင်းရင်းဖြစ်နေလေသည်။ “သို့တိုင် ရေတိမ်ရောဂါကို ပစ်မှတ်ထားသော လူထုပညာပေးအစီအစဉ်များရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ရေတိမ်ရောဂါရှိသူထက်ဝက်သည် ရောဂါအမည်မဖော်နိုင်ဘဲဖြစ်နေသည်” ဟု သည်လန်စက် ဆေးဂျာနယ်ကဆို၏။

မည်သူသည် ရေတိမ်ရောဂါဖြစ်မည့်အန္တရာယ်ရှိသနည်း။ ယင်းရောဂါကို မည်သို့စစ်ဆေးသိရှိနိုင်ပြီး မည်သို့ကုသနိုင်သနည်း။

ရေတိမ်ရောဂါဟူသည် အဘယ်နည်း

ဦးဆုံး ကျွန်ုပ်တို့၏မျက်လုံးအကြောင်း အနည်းအကျဉ်းသိထားဖို့ လိုပေသည်။ ဩစတြေးလျ ရေတိမ်ရောဂါဖောင်ဒေးရှင်းမှ ထုတ်ဝေသည့် ဘရိုရှာတစ်စောင်က ဤသို့ရှင်းပြသည်– “မျက်လုံး တောင့်တင်းခြင်းမှာ ဖိအားကြောင့်ဖြစ်သည်၊ မျက်လုံး၏တစ်ရှူးပျော့များသည် ကားတာယာတစ်ခု သို့မဟုတ် လေပူဖောင်းတစ်ခုကဲ့သို့ ‘ဖောင်းကား’ နေသည်။” မျက်လုံး၏အတွင်းပိုင်းတွင် မျှင်ပွားကိုယ်ဟုခေါ်သည့် ပန့်က မျက်စိရည်ကြည်ဟုသိရှိကြသည့် အရည်တစ်မျိုးကို သွေးကြောများထဲမှ မျက်လုံးထဲသို့ ပို့ပေးသည်။ “ယင်းအရည်ကြည်သည် မျက်လုံး၏အတွင်းအကျဆုံးအပိုင်းသို့ ပျံ့နှံ့သွားရာ မျက်လုံး၏ သက်ရှိအစိတ်အပိုင်းများကို အားဖြည့်ပေးပြီး အမျှင်တစ်ရှူးတန်းစကာဟုခေါ်သည့် ရေစစ်ပုံအစိတ်အပိုင်းတစ်ခုမှတစ်ဆင့် သွေးစီးကြောင်းထဲ ပြန်ရောက်သွားသည်။”

ဤစကာသည် အကြောင်းတစ်ခုခုကြောင့် ပိတ်ဆို့သွားမည် သို့မဟုတ် ကျဉ်းကျုံ့သွားမည်ဆိုလျှင် မျက်လုံးအတွင်းပိုင်းဖိအား တိုးများလာပြီး မျက်လုံးအနောက်ဘက်ရှိ နုနယ်သော နဗ်ကြောမျှင်များကို တစတစ ပျက်စီးစေပေမည်။ ဤအခြေအနေမျိုးကို ထောင့်ကျယ်ရေတိမ် ဟုခေါ်ပြီး မျက်စိရောဂါအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ရှိလေသည်။

မျက်တွင်းဖိအား (အိုင်အိုပီ) သည် နာရီခြား၍ အမျိုးမျိုးပြောင်းလဲနိုင်သည်ဖြစ်ရာ သင့်နှလုံးခုန်နှုန်း၊ သင်သောက်လိုက်သည့်အရည်ပမာဏနှင့် သင့်ခန္ဓာကိုယ်အနေအထားတို့အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အကျိုးသက်ရောက်စေပါသည်။ သဘာဝအလျောက် ဤသို့ကွဲပြားမှုများက သင့်မျက်လုံးကို မထိခိုက်စေပါ။ မျက်လုံးအတွင်းဖိအားများခြင်းသည် ရေတိမ်ရောဂါဖြစ်ရခြင်း၏ အထောက်အထားမျှ မဟုတ်ချေ၊ အကြောင်းမှာ “သာမန်” မျက်လုံးဖိအားသည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြသောကြောင့်ဖြစ်၏။ သို့တိုင်၊ မျက်တွင်းဖိအားများခြင်းသည် ရေတိမ်ရောဂါဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများအနက် တစ်ခုဖြစ်လေသည်။

ဤရောဂါ၏ ရှားပါးသောပုံစံတစ်မျိုးကို ရုတ်ခြည်းရေတိမ် သို့မဟုတ် ထောင့်ကျဉ်းရေတိမ်ဟုခေါ်သည်။ ဤအမျိုးအစားသည် ထောင့်ကျယ်ရေတိမ်နှင့်မတူဘဲ မျက်လုံးအတွင်းဖိအား ရုတ်တရက်တိုးများလာမှုနှင့်ပတ်သက်သည်။ မျက်လုံးကို အလွန်အမင်းနာကျင်စေပြီး အမြင်မှုန်ဝါးစေကာ အော့အန်စေသည်။ ရောဂါလက္ခဏာစတင်ခံစားရသည်နှင့် နာရီပိုင်းအတွင်း ကုသမှုမခံယူလျှင် မျက်စိကွယ်သွားပေလိမ့်မည်။ နောက်အမျိုးအစားတစ်ခုမှာ တစ်ဆင့်ခံရေတိမ်ရောဂါဖြစ်သည်။ ယင်းအမည်၏အဓိပ္ပာယ်အတိုင်း ဤအမျိုးအစားသည် အကျိတ်များ၊ အတွင်းတိမ်များ၊ သို့မဟုတ် မျက်စိထိခိုက်ဒဏ်ရာများ အစရှိသည့် အခြားမျက်လုံးအခြေအနေများကြောင့် ဖြစ်ပေါ်လာတတ်၏။ လူနည်းစုမှာမူ မွေးရာပါရေတိမ်ရောဂါဟု သိရှိထားသည့် စတုတ္ထအမျိုးအစားကို ခံစားနေကြရ၏။ ဤအမျိုးအစားသည် မွေးရာပါ သို့မဟုတ် မွေးမွေးချင်းဖြစ်ရာ မွေးကင်းစကလေးငယ်သည် မျက်ဆန်ကြီးနေပြီး အလင်းဒဏ်ကို မခံနိုင်ဖြစ်နေသည်ဆိုလျှင် ဤရောဂါရှိသည်ဟု ဖော်ပြသည်။

စက္ခုအမြင်အား “ခိုးယူ” ပုံ

ရေတိမ်ရောဂါသည် သင်သတိမပြုမိဘဲ မျက်လုံးတစ်လုံးရှိ သင့်အမြင်၏ ၉၀ ရာခိုင်နှုန်းအထိ ခိုးယူတတ်သည်။ ထိုသို့မည်သို့ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့အားလုံးတွင် မျက်လုံးတစ်လုံးစီ၏အနောက်ဘက်၌ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် မမြင်ကွက်ငယ်တစ်ခုရှိကြသည်။ စက္ခုနဗ်ကြောဖွဲ့ရန် သင်၏နဗ်ကြောမျှင်များ စုစည်းသည့်နေရာဖြစ်သော မြင်လွှာပေါ်ရှိ ဤအကွက်ငယ်တွင် အလင်းအာရုံခံဆဲလ်များ မရှိချေ။ သို့သော် သင့်ဦးနှောက်တွင် ရုပ်ပုံ၏ ပျောက်နေသည့်အပိုင်းများကို “ရုပ်လုံးပေါ်” စေနိုင်စွမ်းရှိသဖြင့် ယင်းမမြင်ကွက်ငယ်ကို သင်သတိမပြုမိခြင်းဖြစ်ပေသည်။ ထူးဆန်းနေသည်မှာ ယင်းကိုလုပ်ဆောင်သည့် ဦးနှောက်၏စွမ်းရည်က ရေတိမ်ရောဂါကို တဖြည်းဖြည်း မသိမသာစိမ့်ဝင်ပျံ့နှံ့လာစေခြင်းဖြစ်သည်။

ဩစတြေးလျ မျက်စိအထူးကုပညာရှင် အကြီးအမှူးတစ်ဦးဖြစ်သူ ဒေါက်တာ အိုင်ဗင် ဂိုးလ်ဘာ့ဂ်က နိုးလော့!ကို ဤသို့ပြောပြသည်– “ရေတိမ်ရောဂါကို အမြင်အာရုံအလစ်သုတ်သမား ဟုခေါ်ဆိုသည်၊ အကြောင်းမှာ ၎င်းသည် အဘယ်ရောဂါလက္ခဏာမျှ မပြသောကြောင့်ဖြစ်၏။ အဖြစ်အများဆုံးရေတိမ်ရောဂါသည် ဖြည်းဖြည်းနှင့်မှန်မှန်ဖြစ်လာပြီး သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ မျက်လုံးနှင့်ဦးနှောက်ကိုဆက်သွယ်ထားသည့် နဗ်ကြောအဖွဲ့ကို ပျက်စီးစေလေသည်။ သင်မျက်ရည်ယိုသည်ဖြစ်စေ၊ မယိုသည်ဖြစ်စေ၊ သင့်မျက်လုံးများ ခြောက်သွေ့သည်ဖြစ်စေ၊ မခြောက်သွေ့သည်ဖြစ်စေ၊ ရှင်းရှင်းလင်းလင်း စာရေးစာဖတ်နိုင်သည်ဖြစ်စေ၊ မရေးမဖတ်နိုင်သည်ဖြစ်စေ ရေတိမ်ရောဂါနှင့် မပတ်သက်ချေ။ သင်၌ လုံးဝကောင်းမွန်သည့် မျက်လုံးများရှိနေနိုင်သလို အလွန်ဆိုးရွားသော ရေတိမ်ရောဂါလည်း ရှိနိုင်ပေသည်။”

သူခိုးကို ရှာဖွေတွေ့ရှိခြင်း

ဝမ်းနည်းစရာမှာ ရေတိမ်ရောဂါအတွက် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှု တစ်ခုမျှမရှိခြင်းဖြစ်သည်။ မျက်စိအထူးကုဆရာဝန်တစ်ဦးသည် တင်းအားတိုင်းကိရိယာဟု သိထားကြသည့် ကိရိယာကိုအသုံးအပြု၍ သင့်မျက်လုံးရှိ အရည်ဖိအားကို စစ်ဆေးကြည့်ခြင်းအားဖြင့် အစပြုပေမည်။ သင့်မျက်လုံး၏အရှေ့ပိုင်း သို့မဟုတ် မျက်ကြည်လွှာကို ပြားသွားစေရန် ယင်းကိရိယာကို ညင်သာစွာအသုံးပြုရသည်။ ယင်းသို့လုပ်ဆောင်ရန် လိုအပ်သည့် အားပမာဏကို တိုင်းတာရသည်၊ ဤနည်းဖြင့် သင့်မျက်လုံးအတွင်းရှိဖိအားကို ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် မျက်စိအထူးကုဆရာဝန်သည် မျက်လုံးနှင့် ဦးနှောက်ကို ဆက်သွယ်ထားသည့် နဗ်ကြောအဖွဲ့ရှိ ပျက်စီးသွားသောတစ်ရှူးကို ဖော်ထုတ်ပေးသည့် ကိရိယာများကိုအသုံးပြု၍လည်း ရေတိမ်ရောဂါလက္ခဏာများကို ရှာဖွေနိုင်ပေသည်။ ဒေါက်တာ ဂိုးလ်ဘာ့ဂ်က ဤသို့ဆိုသည်– “မျက်လုံးနောက်ဘက်ရှိ သွေးကြောများ သို့မဟုတ် နဗ်ကြောမျှင်များ ပုံသဏ္ဌာန်မှန်မမှန် စစ်ဆေးကြည့်ရသည်၊ အကြောင်းမှာ ယင်းက နဗ်ကြောများ ပျက်စီးနေကြောင်း ဖော်ပြနိုင်သောကြောင့်ဖြစ်၏။”

မြင်ကွင်းစမ်းသပ်စစ်ဆေးနည်းဖြင့်လည်း ရေတိမ်ရောဂါကို ရှာဖွေသိရှိနိုင်ပေသည်။ ဒေါက်တာ ဂိုးလ်ဘာ့ဂ်က ဤသို့ရှင်းပြသည်– “လူတစ်ဦးသည် အဖြူရောင်အလင်းတန်းသက်ရောက်သည့် ခွက်လုံးတစ်လုံးထဲသို့ ကြည့်လိုက်ရာ ပိုမိုတောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခုက ယင်းခွက်လုံးအတွင်းရှိ အပြောက်လေးတစ်ခုတွင် တလက်လက်တောက်နေသည်။ ထိုသူသည် ယင်းအဖြူရောင်အလင်းတန်းလေးကို မြင်ရလျှင် လျှပ်စစ်ခလုတ်တစ်ခုကို နှိပ်ခြင်းအားဖြင့် တုံ့ပြန်လိုက်သည်။” ယင်းအဖြူရောင်အလင်းတန်းသည် သင့်မြင်ကွင်း၏ အပြင်ဘက်အစွန်းတွင်ရှိသည့်အခါ ၎င်းကိုမတွေ့ရလျှင် ရေတိမ်ရောဂါရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ ကိရိယာအသစ်များ ပေါ်ပေါက်နေပြီဖြစ်ရာ ငြီးငွေ့ဖွယ်ကောင်းသည့် ဤလုပ်ထုံးလုပ်နည်းကို ရိုးရှင်းလွယ်ကူစေနိုင်ပါသည်။

မည်သူ ရောဂါဖြစ်မည့် အန္တရာယ်ရှိသနည်း

ပေါလ်သည် အသက်လေးဆယ်ကျော်ခါစတွင် ကျန်းမာရေးကောင်းသူဖြစ်၏။ သူက ဤသို့ဆိုသည်– “မျက်မှန်အသစ်လုပ်ဖို့ မျက်မှန်ကျွမ်းကျင်သူဆီ သွားပြတဲ့အခါ မိသားစုမှာ ရေတိမ်ရောဂါခံစားရသူရှိသလားလို့ ကျွန်တော့်ကို မေးပါတယ်။ စုံစမ်းကြည့်လိုက်တဲ့အခါ အဒေါ်တစ်ယောက်နဲ့ ဦးလေးတစ်ယောက်ဆီမှာ ဒီရောဂါရှိခဲ့တယ်လို့ သိရတယ်။ ဒါနဲ့ မျက်စိအထူးကုဆရာဝန်နဲ့ပြကြည့်တော့ ကျွန်တော့်မှာ ရေတိမ်ရောဂါရှိနေတယ်လို့ အတည်ပြုလိုက်ပါတယ်။” ဒေါက်တာ ဂိုးလ်ဘာ့ဂ်က “မိခင် သို့မဟုတ် ဖခင်တွင် ရေတိမ်ရောဂါရှိပါက ယင်းရောဂါရှိမည့်အန္တရာယ် သုံးဆမှ ငါးဆအထိရှိသည်။ သင်၌ ရေတိမ်ရောဂါရှိသည့် ညီအစ်ကိုမောင်နှမတစ်ဦးရှိမည်ဆိုလျှင် ယင်းရောဂါရှိမည့်အန္တရာယ် ငါးဆနှင့် ခုနစ်ဆအကြားရှိသည်” ဟုရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုရှိ ရေတိမ်ရောဂါဖောင်ဒေးရှင်းမှ ဒေါက်တာ ကီဗင် ဂရင်းနိဂ်ျက အန္တရာယ်ဖြစ်စေသော အခြားအကြောင်းရင်းများကို ဤသို့မီးမောင်းထိုး ပြောဆိုသွားသည်– “သင်သည် အသက် ၄၅ နှစ်ကျော်ပြီး အာဖရိကအနွယ်ဖြစ်မည်ဆိုလျှင် သို့မဟုတ် မိသားစုရာဇဝင်တွင် ရေတိမ်ရောဂါ၊ အဝေးမှုန်၊ ဆီးချို၊ ယခင်မျက်စိထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ကော်တီဇုန်း/စတီးရွိုက်ဆေးဝါးများ ပုံမှန်သောက်သုံးမှုရှိခြင်းစသည့် အန္တရာယ်ဖြစ်စေသော အကြောင်းရင်းတစ်မျိုးမျိုးရှိပါက သင့်မျက်လုံးကို နှစ်စဉ် စမ်းသပ်ကြည့်သင့်ပေသည်။” သင်၌ အန္တရာယ်ဖြစ်စေသည့်အကြောင်းရင်းများ မရှိသည့်အပြင် အသက် ၄၅ နှစ်အောက်ဖြစ်သည့်တိုင် ရေတိမ်ရောဂါရှိမရှိ လေးနှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးကြည့်သင့်၏။ သင်သည် အသက် ၄၅ နှစ်ကျော်ပါက နှစ်နှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးကြည့်သင့်ပေသည်။

ကုသ၍ထိန်းချုပ်ပါ

ပေါလ်၏ရေတိမ်ရောဂါကို ကုသခြင်းတွင် တစ်နေ့လျှင် တစ်ကြိမ် အထူးမျက်စဉ်းဆေးရည်ခတ်ခြင်းပါဝင်သည်။ “ကျွန်တော်အသုံးပြုတဲ့ မျက်စဉ်းဆေးရည်က မျက်လုံးထဲက မျက်စိရည်ကြည် ထုတ်လုပ်မှုကို ထိန်းချုပ်ပေးတယ်” ဟု ပေါလ်ကဆိုသည်။ ထို့အပြင် ပေါလ်ခံယူသည့် ကုသမှုတွင် လေဆာရောင်ခြည်တန်းကိုအသုံးပြု၍ သဘာဝအရည်ထုတ်ပြွန်ပေါက်များ ဖြစ်တည်ရာအနီး မျက်လုံးအရှေ့ဘက်တွင် အလွန်သေးငယ်သော အပေါက်ဆယ်ပေါက်ခန့် “ဖောက်” ခဲ့သည်။ သူက ဤသို့ဆို၏– “ကျွန်တော့်ရဲ့မျက်လုံးတစ်ဖက်ကို လေဆာရောင်ခြည်နဲ့ ကုသလိုက်တဲ့အခါ အတော်လေးကို စိုးရိမ်ထိတ်လန့်ခဲ့ပြီး စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာ ကျွန်တော့်ရဲ့ ဒုတိယမျက်လုံးကို ကုသလိုက်တဲ့အခါ ဘာကိုမျှော်လင့်ထားရမယ်ဆိုတာ ကျွန်တော်သိသွားတယ်။ စိတ်သက်သာမှုပိုရသွားပြီး ကျွန်တော်မသိလိုက်ခင်မှာပဲ ဆရာဝန်က ခွဲစိတ်ပြီးသလောက်ရှိနေပြီ။” ဆေးဝါးကုသမှုက ပေါလ်၏မျက်လုံးဖိအားကို တည်ငြိမ်စေခဲ့၏။

သို့နှင့် ပေါလ်၏အမြင်သည် အပြုသဘောဆောင်နေသည်။ သူက ဤသို့ဆိုသည်– “ကျွန်တော့်ရဲ့မြင်လွှာမှာ မဆိုစလောက်လေးဘဲ ပျက်စီးသွားတယ်၊ ကျွန်တော့်မှာ အစွန်ကျအမြင် အပြည့်အဝရှိနေသေးတာ ကျေးဇူးတင်စရာပဲ။ နေ့တိုင်း မျက်စဉ်းခတ်ဖို့ သတိရနေမယ်ဆိုရင် ပုံမှန်အတိုင်း နေသွားလို့ရပါတယ်။”

“အမြင်အာရုံအလစ်သုတ်သမား” သည် သင့်မြင်ကွင်းကို ခိုးယူနေပါသလော။ သင့်မျက်လုံးတွင် ရေတိမ်ရောဂါရှိမရှိ တစ်ခါမျှ မစစ်ဆေးကြည့်ဖူးဘူးဆိုလျှင်—အထူးသဖြင့် သင်သည် အန္တရာယ်ရှိသည့်အုပ်စုတစ်စုတွင် ပါဝင်နေမည်ဆိုလျှင်—သင့်ဆရာဝန်အား ရေတိမ်ရောဂါစမ်းသပ်ကြည့်ပေးရန် တောင်းဆိုခြင်းက ပညာရှိရာရောက်ပေမည်။ ဒေါက်တာ ဂိုးလ်ဘာ့ဂ်၏အဆိုအရ “အချိန်မီ၊ သင့်လျော်သည့်ကုသမှုခံယူခြင်းဖြင့် ရေတိမ်ရောဂါကြောင့် ပျက်စီးဆုံးရှုံးမှုများစွာကို တားဆီးနိုင်ပေသည်။” မှန်ပါသည်၊ သင်သည် ဤစက္ခုအာရုံသူခိုးကို တားဆီးဟန့်တားနိုင်ပါသည်!

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကယ်၍ သင်သည်

● အာဖရိကနွယ်ဖွား ဖြစ်မည်ဆိုလျှင်

● သင့်မိသားစုတွင် တစ်ဦးတစ်ယောက်သည် ရေတိမ်ရောဂါရှိမည်ဆိုလျှင်

● သင်၌ ဆီးချိုရောဂါရှိမည်ဆိုလျှင်

● သင်သည် အဝေးမှုန်ဖြစ်နေသည်ဆိုလျှင်

● သင်သည် လိမ်းဆေးတချို့နှင့် ပန်းနာရင်ကျပ်ဖျန်းဆေးဘူးများတွင် အသုံးပြုသည့် ကော်တီဇုန်း/စတီးရွိုက် ဆေးဝါးများကို အတန်ကြာ ပုံမှန်မှီဝဲနေသူဖြစ်မည်ဆိုလျှင်

● သင်၌ ယခင်က မျက်စိထိခိုက်ဒဏ်ရာရခဲ့သည်ဆိုလျှင်

● သင်သည် အသက် ၄၅ နှစ်ကျော်ပြီဆိုလျှင် ရေတိမ်ရောဂါဖြစ်နိုင်စရာအကြောင်းများသည်

[ရုပ်ပုံ]

မှန်မှန်စမ်းသပ်စစ်ဆေးခြင်းက ဆိုးဆိုးရွားရွား အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်တားဆီးပေးနိုင်

[စာမျက်နှာ ၁၅ ပါ ပုံကြမ်း/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ထောင့်ကျယ် ရေတိမ်ရောဂါ

မျက်ကြည်လွှာ

မျက်နက်ဝန်း

မှန်ဘီလူး

မြင်လွှာ

အမြင်နဗ်ကြောသည် စက္ခုအာရုံလှုံ့ဆော်မှုများကို ဦးနှောက်သို့ သယ်ဆောင်သွားပေးသည်

အမြင်ချပ်ဝိုင်း၊ သို့မဟုတ် မမြင်ကွက်ငယ်သည် အမြင်နဗ်ကြောဖွဲ့ရန် နဗ်ကြောမျှင်များ စုဆုံရာနေရာဖြစ်သည်

အရည်ထုတ်လုပ်ရာ မျှင်ပွားကိုယ်ကြွက်သား

၁ မျက်စိရည်ကြည်သည် မှန်ဘီလူး၊ မျက်နက်ဝန်းနှင့် မျက်ကြည်အတွင်းပိုင်းကို အာဟာရဖြည့်တင်းပေးသည့် အရည်ကြည်တစ်မျိုးဖြစ်သည်။ ၎င်းသည် မျက်လုံး၏အပြင်ဘက်ကို ဆေးကြောပေးသည့် မျက်ရည်နှင့် မတူပါ

၂ အမျှင်တစ်ရှူးတန်းစကာသည် အရည်ကို စီးဆင်းသွားစေသည်

၃ စကာသည် ပိတ်ဆို့နေမည် ဆိုလျှင် မျက်လုံးအတွင်းပိုင်းတွင် ဖိအားများလာသည်

၄ ဖိအားများလာလျှင် မျက်လုံးအနောက်ဘက်ရှိ နုနယ်သော နဗ်ကြောမျှင်များ ပျက်စီးသွားကာ ရေတိမ်ရောဂါ သို့မဟုတ် အမြင်လျော့နည်းခြင်းကို ဖြစ်စေသည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အမြင်ချပ်ဝိုင်း

သင် မြင်တွေ့မည့်အရာ

သာမန် မြင်ကွင်း

ရေတိမ်ရောဂါဖြစ်စ

ရေတိမ် ရောဂါရင့်

[Credit Line]

Photos of optic disks: Courtesy Atlas of Ophthalmology

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ