ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၀၇ စာ. ၁၄-၁၈
  • အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၅/၀၇ စာ. ၁၄-၁၈

အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီ

အစာစားချိန်တွင် အရက်ယမကာကို တော်သင့်ရုံမှီဝဲခြင်းက ထမင်းပွဲကို စိုပြည်စေနိုင်၏၊ အခမ်းအနားတွင် ပျော်ရွှင်မှုကို ထပ်လောင်းပေးနိုင်၏။ သို့သော် အချို့သူများအတွက်မူ အရက်ယမကာမှီဝဲခြင်းကြောင့် စိုးရိမ်ဖွယ်ရာပြဿနာများ ပေါ်ပေါက်စေ၏။ အရက်၏ကျေးကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့သော လူတစ်ဦး၏ပြောပြချက်ကို အောက်တွင်လေ့လာကြည့်ပါ။

တင်းမာနေတဲ့ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးအခြေအနေကို ပြန်ပြောပြဖို့ အခုထက်ထိ နာကျင်စွာခံစားနေရတုန်းပါပဲ။ အဖေနဲ့အမေက အရက်သောက်တယ်။ အဲဒီနောက် အဖေက အမေ့ကိုရိုက်တယ်။ ကျွန်တော်လည်း မကြာခဏ အဖေ့ရဲ့ လက်သီးစာမိတယ်။ အဖေနဲ့အမေခွဲနေဖို့ ဆုံးဖြတ်ခဲ့ကြတုန်းက ကျွန်တော့်အသက် လေးနှစ်ပဲရှိသေးတယ်။ အမေ့ဘက်က အဘွားနဲ့အတူနေခဲ့ရတာကို မှတ်မိနေသေးတယ်။

ကျွန်တော့်ကို သူတို့ မလိုချင်ကြဘူးလို့ ခံစားရတယ်။ ကျွန်တော် အသက်ခုနစ်နှစ်ရောက်တော့ ကျွန်တော့်ရဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဝိုင်သိုလှောင်ခန်းထဲ တိတ်တိတ်လေးဝင်ပြီး ဝိုင်ခိုးသောက်တယ်။ အသက် ၁၂ နှစ်မှာ ကျွန်တော့်ကြောင့် အမေနဲ့အဘွား အကြီးအကျယ် စကားများကြတယ်။ အမေက အရမ်းစိတ်ဆိုးပြီး ကျွန်တော့်ကို ကောက်ဆွတဲ့ခက်ရင်းခွနဲ့ ပစ်ပေါက်လိုက်လို့ အသက်လွတ်အောင် မနည်းရှောင်ခဲ့ရတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အခြေအနေမျိုးက ဒီတစ်ကြိမ်တည်းမဟုတ်ဘူး။ ကျွန်တော့်အပြင်က ဒဏ်ရာထက် ကျွန်တော်ရဲ့စိတ်ဒဏ်ရာက ပိုနက်တယ်။

ကျွန်တော် အသက် ၁၄ နှစ်ရောက်တော့ အရက်ကို စွဲစွဲမြဲမြဲသောက်လာတယ်။ နောက်ဆုံး၊ အသက် ၁၇ နှစ်မှာ အိမ်ကနေ ကျွန်တော်ထွက်ပြေးခဲ့တယ်။ အရက်သောက်တာက ကျွန်တော့်ကို လွတ်လပ်မှုပေးတယ်လို့ ခံစားရတယ်။ ကျွန်တော်ဟာ ခက်ထန်ကြမ်းတမ်းလာပြီး အရက်ဆိုင်တွေမှာ ပြဿနာတွေတက်လာတယ်။ အရက်သောက်တာက ကျွန်တော့်ဘဝရဲ့ တစ်ခုတည်းသောပျော်စရာဖြစ်လာတယ်။ တစ်ရက်တည်းမှာပဲ ဝိုင်ငါးလီတာ၊ ဘီယာတွေနဲ့ အရက်ပြင်းတွေကိုလည်း သောက်နိုင်တယ်။

ကျွန်တော်လက်ထပ်ပြီးနောက်လည်း အရက်ချည်းပဲသောက်နေလို့ ကျွန်တော့်ဇနီးနဲ့ ပြဿနာတက်တယ်။ မကျေနပ်ချက်တွေ၊ နာကြည်းချက်တွေကြောင့် မိန်းမနဲ့ကလေးတွေကိုရိုက်ပြီး ကျွန်တော်ကြီးပြင်းခဲ့ရတဲ့ အခြေအနေဆိုးမျိုးဖြစ်အောင် ပြန်ဖန်တီးခဲ့တယ်။ ကျွန်တော်ရှာဖွေလို့ ရသမျှငွေအားလုံးနီးပါးကို အရက်သောက်ပစ်တယ်။ ကျွန်တော်တို့မှာ အိမ်ထောင်ပရိဘောဂမရှိလို့ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်ဟာ ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ရတယ်။ ကျွန်တော့်မှာ ဘဝရည်ရွယ်ချက်လည်းမရှိဘူး၊ အခြေအနေတွေ ပိုကောင်းအောင်လုပ်ဖို့လည်း မကြိုးစားခဲ့ဘူး။

တစ်နေ့မှာ ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့တယ်။ ကျွန်တော်က ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲလို့ မေးခွန်းထုတ်တော့ သက်သေခံက ပြဿနာမရှိတဲ့ကမ္ဘာတစ်ခုကို ဘုရားသခင်ကတိပြုထားတဲ့အကြောင်း ကျမ်းစာနဲ့ထောက်ပြခဲ့တယ်။ အဲဒါကြောင့် သက်သေခံတွေနဲ့ ကျမ်းစာ စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော် အရက်လျှော့သောက်ပြီး ကျမ်းစာသွန်သင်ချက်တွေကို ကျင့်သုံးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ မိသားစုဘဝဟာ အများကြီးတိုးတက်လာတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင် လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ချင်တယ်ဆိုရင် ကျွန်တော့်ရဲ့အရက်ပြဿနာကို အောင်မြင်ရမယ်ဆိုတာ သဘောပေါက်လာတယ်။ ကျွန်တော် သုံးလလောက်ကြိုးစားပြီးတဲ့နောက် အရက်ပြတ်သွားတယ်။ ခြောက်လကြာပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့အသက်တာကို ဘုရားသခင်ထံ အပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံလိုက်တယ်။

အရက်ရဲ့ကျေးကျွန်ဘဝကို အဆုံးသတ်ပြီးတဲ့နောက် အကြွေးတွေအားလုံးကျေအောင် ဆပ်နိုင်ခဲ့တယ်။ နောက်တော့ အိမ်တစ်လုံးဝယ်လိုက်ပြီး ခရစ်ယာန်စည်းဝေးတွေတက်ဖို့နဲ့ တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ကားလည်းဝယ်လိုက်တယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို လေးစားမှုရှိလာတယ်။

တစ်ခါတလေ မိတ်ဆုံပွဲတွေမှာ အရက်သောက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အရက်ပြတ်အောင် ကျွန်တော် ဘယ်လောက်ထိကြိုးစားခဲ့ရတယ်၊ တစ်ခါသောက်မိတာနဲ့ ဒုံးရင်းအခြေအနေကို ပြန်ရောက်သွားနိုင်တယ်ဆိုတာတွေကို လူအတော်များများက မသိကြဘူး။ ကျွန်တော် အရက်သောက်ချင်နေတုန်းပဲ။ ဒါကြောင့် မပြတ်ဆုတောင်းနေဖို့၊ မသောက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မာနေဖို့လိုတယ်။ သောက်ချင်စိတ်ပေါ်လာတဲ့အခါ အရက်မပါတဲ့အရည်ကို တဝကြီးသောက်လိုက်တယ်။ ကျွန်တော် အရက်လုံးဝမသောက်တော့တာ အခုဆိုရင် ဆယ်နှစ်တောင်ရှိပြီ။

လူမတတ်နိုင်တာကို ယေဟောဝါတတ်နိုင်တယ်။ ဘယ်တော့မှမရနိုင်တော့ဘူးလို့ ထင်ခဲ့တဲ့ လွတ်လပ်မှုကိုရဖို့ ကိုယ်တော် ကူညီပေးခဲ့တယ်။ ကလေးဘဝကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရတုန်းပဲ။ အပျက်သဘောထားတွေကိုလည်း တိုက်လှန်နေရတုန်းပဲ။ တစ်ဖက်ကကြည့်ရင်တော့ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိတယ်၊ အသင်းတော်မှာ မိတ်ဆွေစစ်တွေရှိတယ်၊ ယုံကြည်မှုချင်းတူတဲ့ မိသားစုရှိတယ်ဆိုတာတွေက ကောင်းချီးတွေဖြစ်တယ်။ ကျွန်တော်အရက်ဖြတ်တဲ့အခါ ကျွန်တော့်ဇနီးနဲ့ ကလေးတွေက စိတ်ရောကိုယ်ပါ ကူညီထောက်မပေးခဲ့ကြတယ်။ ကျွန်တော့်ဇနီးက “အရင်က ကျွန်မဘဝဟာ အရမ်းဆိုးခဲ့တယ်၊ အခုတော့ ကျွန်မခင်ပွန်း၊ ကလေးနှစ်ယောက်နဲ့အတူ မိသားစုဘဝကိုပျော်မွေ့နိုင်လို့ ယေဟောဝါကို အရမ်းကျေးဇူးတင်တယ်” လို့ပြောခဲ့တယ်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

ကျွန်တော် အသက် ၁၄ နှစ်ရောက်တော့ အရက်ကို စွဲစွဲမြဲမြဲသောက်လာတယ်။

[စာမျက်နှာ ၁၈ ပါ အကျဉ်းဖော်ပြချက်]

လူမတတ်နိုင်တာကို ယေဟောဝါတတ်နိုင်တယ်

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သမ္မာကျမ်းစာနှင့် အရက်

◼ သမ္မာကျမ်းစာက အရက်ယမကာမှီဝဲခြင်းကို မရှုတ်ချပါ။ ‘လူကို ရွှင်လန်းစေသော စပျစ်ဝိုင်’ သည်ဘုရားသခင်ထံမှ လက်ဆောင်တစ်ခုဖြစ်သည်ဟု ကျမ်းစာကဖော်ပြ၏။ (ဆာလံ ၁၀၄:၁၄၊ ၁၅) စပျစ်ပင်ကို သာယာဝပြောမှုနှင့် လုံခြုံမှုအထိမ်းအမှတ်အဖြစ်လည်း ကျမ်းစာကရည်ညွှန်းသည်။ (မိက္ခာ ၄:၄) အမှန်မှာ ယေရှုခရစ်၏ ပထမဆုံးအံ့ဖွယ်အမှုမှာ မင်္ဂလာဆောင်ပွဲတစ်ခုတွင် ရေကို ဝိုင်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ (ယောဟန် ၂:၇-၉) တိမောသေ၏ “ရင်ထဲ၌ . . . မကြာမကြာခံရသောရောဂါ” အကြောင်း တမန်တော်ပေါလုကြားသောအခါ ‘စပျစ်ဝိုင်အနည်းငယ်ကို’ သောက်သုံးရန် အကြံပေးခဲ့သည်။—၁ တိမောသေ ၅:၂၃။

◼ သမ္မာကျမ်းစာ ပြစ်တင်ရှုတ်ချသည်မှာ အရက်ယမကာကို အလွန်အကျွံမှီဝဲခြင်းဖြစ်သည်–

“သေရည်သေရက်နှင့်ယစ်မူးသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”—၁ ကောရိန္သု ၆:၉-၁၁။

‘လွန်ကျူးစေတတ်သော စပျစ်ဝိုင်နှင့်ယစ်မူးခြင်းကိုရှောင် . . . ကြလော့။’—ဧဖက် ၅:၁၈။

‘အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား စပျစ်ဝိုင်ကို ကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသောစပျစ်ဝိုင်ကို ရှာတတ်သောသူတို့သည် ထိုသို့သောလက္ခဏာရှိကြ၏။ ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ဝိုင်ကို မကြည့်မရှုနှင့်။ နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။ သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့် ရှု၍ သင့်နှလုံးသည်လည်း ကောက်သောစကားကို မြွက်ဆိုလိမ့်မည်။’—သု. ၂၃:၂၉- ၃၃။

ပူးတွဲပါဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း အရက်ယမကာကြောင့် ပြဿနာဖြစ်တတ်သူအချို့သည် ယင်းကို လုံးလုံးရှောင်ရန် ပညာရှိစွာရွေးချယ်ခဲ့ကြသည်။—မဿဲ ၅:၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ