ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၀၉ စာ. ၃-၄
  • ငွေသည် သင့်သခင်လော၊ သင့်ကျွန်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေသည် သင့်သခင်လော၊ သင့်ကျွန်လော
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချို့သူတို့ ငွေရောဂါ လက္ခဏာစု မခံစားရသည့်အကြောင်း
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေကြေးကို စီမံသုံးစွဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၃/၀၉ စာ. ၃-၄

ငွေသည် သင့်သခင်လော၊ သင့်ကျွန်လော

သင်သည် ငွေရောဂါ လက္ခဏာစုကို ခံစားနေရပါသလော။ ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်းအများအပြား ယင်းရောဂါကို ခံစားနေရကြောင်း သတင်းများက ဖော်ပြ၏။ ယင်းကား အဘယ်နည်း။

ဗြိတိန်နိုင်ငံမှ စိတ်ကျန်းမာရေး သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ရော်ဂျာ ဟဲန်ဒါစန်သည် ငွေကြေးနှင့်ဆက်နွှယ်နေသော စိုးရိမ်ပူပန်မှုများကြောင့် စိတ်ဖိစီးနေသူတို့ တွေ့ကြုံခံစားရသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာစုကို သတ်မှတ်ရန် မကြာသေးမီက “ငွေရောဂါ လက္ခဏာစု” ဟူသော ဝေါဟာရကို တီထွင်ခဲ့သည်။ ယင်းရောဂါလက္ခဏာစုတွင် အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အရေပြားပေါ်တွင် အဖုအပိမ့်ထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အကြောင်းမဲ့ဒေါသထွက်ခြင်း၊ သွေးလန့်ခြင်းနှင့် အပျက်သဘောဝင်ခြင်းတို့ ပါဝင်သည်။ “ငွေကြေးနှင့်ဆက်နွှယ်နေသော စိုးရိမ်ပူပန်မှုများသည် စိတ်ဖိစီးမှုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်” ဟု ဟဲန်ဒါစန်က ပြောကြားသည်။

လွန်ခဲ့သောလအနည်းငယ်အတွင်း ငွေကြေးနှင့်ဆက်နွှယ်နေသော စိုးရိမ်ပူပန်မှုများ ခံစားနေရသူ ပို၍ပို၍ တိုးများလာခြင်းကို အံ့ဩစရာမလိုပေ။ ကမ္ဘာချီအတိုင်းအတာဖြင့် နိုင်ငံများစွာတွင် လက်ရှိဖြစ်ပျက်နေသော ငွေကြေး အကျပ်အတည်းကြောင့် အလုပ်အကိုင်များ၊ အိမ်များနှင့် စုဆောင်းငွေများ ဆုံးရှုံးခဲ့ကြရသည်။ ငွေကြေးများစွာပိုင်ဆိုင်သည့် အဖွဲ့အစည်းများ ပြိုလဲကုန်ကာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများပင်လျှင် ဘဏ္ဍာရေးဆုံးရှုံးမှု အလုံးစုံကို ကာကွယ်ရန် အရေးပေါ်လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားသောက်ကုန်နှင့် အခြားအခြေခံကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တက်လာမှုကလည်း များစွာစိုးရိမ်ပူပန်မှု ဖြစ်စေသည်။

ပေါများကြွယ်ဝချိန်တွင်လည်း ငွေကြေးဆိုင်ရာပြဿနာများ ဖြစ်ပွားလေ့ရှိသည်။ ဘဏ္ဍာရေးအရ ကြီးပွားချမ်းသာသည့် လွန်ခဲ့သောနှစ်များအတွင်း လူများစွာသည် ငွေကြေးဆိုင်ရာ ပူပန်မှုများကြောင့် ဖိစီးမှု ကြုံခဲ့ကြရသည်။ ဥပမာ၊ အာဖရိကတွင် “အလွန်အကျွံ သုံးစွဲခြင်း၊ စီးပွားရေး အမြတ်ထုတ်ဝါဒနှင့် ရုပ်ဝါဒတို့သည် ရောဂါတစ်ခုကဲ့သို့ ပျံ့နှံ့လာနေ” ကြောင်း တောင်အာဖရိက သတင်းစာတစ်စောင် (The Witness) က ဆိုခဲ့၏။ ယင်းသတင်းစာတွင် “စိတ်ဖိစီးမှု၊ ကြွေးမြီ၊ ဖြုန်းတီးခြင်း၊ အလုပ်ပိခြင်း၊ ချို့တဲ့သည်ဟု ခံစားရခြင်း၊ ဝန်တိုခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း” အပါအဝင် ဤ “ရောဂါ” လက္ခဏာစုတချို့ကို ဖော်ပြထားသည်။ အာဖရိကတွင် လူနေမှုဘဝအဆင့်အတန်း အဆက်မပြတ် ဆုတ်ယုတ်ကျဆင်းနေမှုအတွက် ငွေကြေးအပေါ် အပြစ်ပုံချခဲ့ကြပြီ။

များမကြာမီက ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး အကျပ်အတည်း မတိုင်မီ အိန္ဒိယနိုင်ငံတွင် ထူးထူးခြားခြား စီးပွားရေး တိုးတက်ခဲ့သည်။ ၂၀၀၇ ခုနှစ်သည် အိန္ဒိယနိုင်ငံ၌ “အသုံးစရိတ်တွင် ထူးထူးခြားခြားပင် ရုတ်တရက် တိုးများလာခဲ့သော” နှစ်ဖြစ်ခဲ့ကြောင်း အိန္ဒိယမဂ္ဂဇင်းတစ်စောင် (India Today International) က ဖော်ပြခဲ့၏။ သို့တိုင်၊ ယင်းအချိန်တွင် ထိုနိုင်ငံမှ အရာရှိများသည် အိန္ဒိယနိုင်ငံ၏ ကြီးပွားတိုးတက်မှုများက မငြိမ်မသက်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်စေမည်ကို စိုးရိမ်နေကြ၏။

တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံ၌ အရွယ်ရောက်သူ လူငယ်မျိုးဆက်သစ်သည် ဇိမ်ခံပစ္စည်းများ ဝယ်ရန် ငွေကို အလွန်အကျွံ သုံးစွဲနေကြသည်။ သို့သော် ငွေများများသုံးစွဲနိုင်ခြင်းက ၎င်းတို့အား ပျော်ရွှင်မှု မပေးခဲ့ချေ။ အရက်သောက်သုံးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို သေကြောင်းကြံခြင်းတို့ဖြစ်စေသော အဓိကအကြောင်းရင်းများအနက် တစ်ခုမှာ ငွေများများရှိထားခြင်းဖြစ်ကြောင်း သုတေသီများက ဆိုခဲ့ကြသည်။ ကုံလုံကြွယ်ဝခြင်းနှင့် ဥစ္စာဓနရှိလင့်ကစား “အလွန်ပျော်ရွှင်” သည်ဟုဆိုကြသူ “အမေရိကန်နိုင်ငံသား သုံးဦးတွင် တစ်ဦးပင်မပြည့်” ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့၏။

အချို့သူတို့ ငွေရောဂါ လက္ခဏာစု မခံစားရသည့်အကြောင်း

သို့သော် ခေတ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ များစွာသော ချမ်းသာသူနှင့် ဆင်းရဲသူတို့သည် ငွေနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု များများစားစား မရှိကြချေ။ အဘယ်ကြောင့် ကွာခြားသနည်း။

ငွေ၏အဓိပ္ပာယ်ဟု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတစ်စောင်တွင် သုတေသီများက လူတချို့သည် “ငွေဖြင့် များစွာလှုံ့ဆော်ခံရပြီး ငွေဖြင့် ထိန်းချုပ်ခံရ” ကြောင်း ဖော်ပြထား၏။ ယင်းက စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများ ခံစားရစေနိုင်သည်။ သို့သော် သူတို့က ထပ်ဆင့်၍ ဤသို့ဆိုသည်– “မိမိတို့၏ငွေကို အသေအချာ အဝင်အထွက်စာရင်း လုပ်ထားသူတို့သည် မိမိတို့၏ ငွေရေးကြေးရေးကိစ္စနှင့် အပြုသဘောထားများကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ခံစားရကြသည်။ ထိုသူတို့သည် ငွေ၏ကျွန်များမဟုတ်ဘဲ ငွေ၏သခင်များ ဖြစ်ကြသည်။ . . . ထို့ပြင် မိမိတို့၏ငွေကို အသေအချာ အဝင်အထွက်စာရင်း လုပ်ထားကြ သူတို့သည် စိတ်ဖိစီးမှုနည်းပါးပြီး ယင်းကြောင့် ပူပင်သောကဝေဒနာ ခံစားရမှု နည်းပါးကြမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ထောက်ခံပါသည်။”

ငွေနှင့်ပတ်သက်၍ သင်၏သဘောထားမှာ အဘယ်နည်း။ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများက သင့်ကို မည်သို့ ထိခိုက်စေသနည်း။ ငွေသည် သင့်သခင်လော၊ သင့်ကျွန်လော။ ငွေရောဂါ လက္ခဏာစုဟု ခေါ်ဆိုသော အဆိုပါလက္ခဏာစုများကို သင်ခံစားရချင်မှ ခံစားရပေမည်။ သို့သော် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၏ ဆိုးကျိုးကို ခံစားကြရသည်။ မိမိ၏ငွေကြေးကို ကိုင်တွယ်ရာတွင် မည်သို့ပြုပြင်ပြောင်းလဲနိုင်ပုံက သင့်အား ပို၍စိတ်ငြိမ်သက်မှုပေးပြီး ပို၍ပျော်ရွှင်သောအသက်တာ ရရှိစေနိုင်သည်ကို သုံးသပ်ကြည့်ပါလေ။

အကယ်၍ . . .

  • ငွေသည် စိုးရိမ်ပူပန်မှုကို ဖြစ်စေသောကြောင့် ငွေရေးကြေးရေးကိစ္စ ဆွေးနွေးခြင်းကို သင် ရှောင်ကြဉ်လျှင်

  • ငွေကြောင့် မိသားစုအတွင်း မကြာခဏ ကတောက်ကဆတ် ဖြစ်သည်ဆိုလျှင်

  • သင်သည် မစဉ်းစားမဆင်ခြင်ဘဲ ငွေကို အလွန်အကျွံ သုံးစွဲသည်ဆိုလျှင်

  • သင်သည် ကျသင့်ငွေတောင်းခံလွှာများနှင့်ပတ်သက်၍ အမြဲတစေ စိုးရိမ်ပူပန်နေသည်ဆိုလျှင်

  • သင် ငွေမည်မျှရသည်ကို မသေမချာ ဖြစ်နေလျှင်

  • သင်သည် ငွေမည်မျှသုံးလိုက်သည်ကို မသေမချာ ဖြစ်နေလျှင်

  • သင်သည် ငွေမည်မျှပေးရန်ရှိသည်ကို မသေမချာ ဖြစ်နေလျှင်

  • သင်၏ ကျသင့်ငွေတောင်းခံလွှာများသည် သင်မျှော်လင့်ထားသည်ထက် ပိုများလေ့ရှိလျှင်

  • သင်၏ ကျသင့်ငွေတောင်းခံလွှာများကို နောက်ကျမှ ပေးချေလေ့ရှိလျှင်

  • အကြွေးဝယ်ကတ်၏ ကျသင့်ငွေတောင်းခံလွှာများကို အနည်းငယ်သာ ပေးချေနိုင်သည်ဆိုလျှင်

  • သင်၏ ကျသင့်ငွေတောင်းခံလွှာများကို အခြားသောပစ္စည်းများအတွက် လျာထားသည့်ငွေဖြင့် ပေးချေသည်ဆိုလျှင်

  • ကျသင့်ငွေတောင်းခံလွှာများ ပေးချေရန်အတွက်နှင့် အလုပ်ပိုလုပ်ရသည်ဆိုလျှင်

  • ကြွေးဟောင်းဆပ်ရန် ကြွေးသစ်ယူခဲ့ရသည်ဆိုလျှင်

  • ပုံမှန်ကျသင့်ငွေတောင်းခံလွှာများ ပေးဆောင်ရန် သင့်စုငွေများကို သုံးစွဲသည်ဆိုလျှင်

  • လမကုန်မီ ငွေပြတ်သွားလျှင်

  • ငွေများများ ရှာဖွေရန်လိုသည်ဟု ဖိအားပေးခံရလျှင်

  • ငွေနှင့်ဆက်နွှယ်သော စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်း နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ သင်ခံစားရလျှင် ငွေသည် သင်၏သခင် ဖြစ်နိုင်ပါသည်

Source: Money Sickness Syndrome, by Dr. Roger Henderson

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ